backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Testicular Cancer (ဝှေးစေ့ကင်ဆာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Testicular Cancer (ဝှေးစေ့ကင်ဆာ)

Testicular Cancer (ဝှေးစေ့ကင်ဆာ) အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။

အဓိပ္ပာယ်ဖွင့်ဆိုချက်

Testicular Cancer (ဝှေးစေ့ကင်ဆာ)က ဘာလဲ။

ဝှေးစေ့ကင်ဆာ ဆိုသည်မှာ အမျိုးသားများတွင် ဖြစ်ပွားသည့် ကင်ဆာရောဂါဖြစ်ပါသည်။ ကပ္ပာယ်အိတ်နှင့် လိင်တံအချောင်း၏အပေါ်ရှိ လျော့ရဲသော အရေပြားအတွင်းတွင် ဖြစ်ပွားတတ်သည်။ ဝှေးစေ့သည် သုက်များနှင့် မျိုးပွားမှုဆိုင်ရာ ဟော်မုန်းများကို ထုတ်လုပ်သည်။ သုက်အား ဝှေးစေ့အတွင်းတွင် ဖန်တီးထုတ်လုပ်ပေးနိုင်သော ဆဲလ်တစ်မျိုးကို ဂျားမ်ဆဲလ်ဟုခေါ် ပြီး ထိုဆဲလ်မှစ၍ ကင်ဆာဖြစ်ပွားလာခြင်းဖြစ်သည်။

အဓိက ဂျားမ်ဆဲလ်ကင်ဆာနှစ်မျိုးမှာ ဆီမင်နိုးမားနှင့် နန်းဆီမင်နိုးမားတို့ ဖြစ်သည်။ ဆီမင်နိုးမားသည် နှေးကွေးစွာ ကြီးထွားခြင်း၊ ပြန့်နှံ့ခြင်းတို့ ဖြစ်ပွားတတ်ပြီး ဓာတ်ရောင်ခြည်ကုသမှုနှင့် သက်သာလာတတ်သည်။ နန်းဆီမင်နိုးမားမှာ ဆီမင်နိုးမားထက် လျင်မြန်စွာကြီးထွားလာတတ်ပြီး ပြန့်သွားတတ်သည်။ ထို့အပြင် နန်းဆီမင်နိုးမားသည် ပုံစံကွဲပေါင်းများစွာလည်းရှိသည်။ ဝှေးစေ့ကင်ဆာသည် ဝှေးစေ့နေရာမှ အခြား နေရာများသို့ ပျံ့နှံ့သွားသည့်တိုင်အောင် အများအားဖြင့် ကောင်းမွန်စွာ ကုသ၍ ရနိုင်သည်။ ဖြစ်ပွားသည့် ကင်ဆာအမျိုးအစားနှင့် အဆင့်အပေါ် မူတည်၍ များပြားသောကုသနည်းများထဲမှ တနည်းနည်းဖြင့်ဖြစ်စေ တခြားနည်းလမ်းများ တွဲဖက်၍ဖြစ်စေ ကုသခံရနိုင်ပါသည်။

လက္ခဏာများ

Testicular Cancer (ဝှေးစေ့ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသော လက္ခဏာရပ်များမှာ

  • ဝှေးစေ့တွင် အကျိတ်လုံး၊ အသားလုံးများ ပေါ်လာခြင်း (သို့) ဝှေးစေ့တဖက်ဖက်မှ ကြီးလာခြင်း
  • ကပ္ပာယ်အိတ် လေးလံလာသည်ဟု ခံစားရခြင်း
  • ဝမ်းဗိုက်(သို့) ပေါင်ခြံတွင် ထုံကျဉ်ကိုက်ခဲသလိုနာလာခြင်း
  • ကပ္ပာယ်အိတ်သည် ရုတ်တရက် အရည်များဖြင့် ဖောင်းလာခြင်း
  • ဝှေးစေ့ (သို့) ကပ္ပာယ်အိတ်တွင် နာကျင်နေခြင်း(သို့) မသက်မသာဖြစ်ခြင်း
  • ရင်သားများတင်း၍ နာကျင်လာခြင်း
  • ကျောအောင့်ခြင်း စသည်ဖြင့်ဖြစ်သည်။

ဝှေးစေ့ကင်ဆာသည် အများအားဖြင့် ဝှေးစေ့ တစ်ဖက်တည်းတွင်သာ ဖြစ်လေ့ရှိသည်။ အထက်ပါ လက္ခဏာများအပြင် အခြားရှိနိုင်သေး၍ စိုးရိမ်စရာရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မိမိ၏ ပေါင်ခြံနှင့် ဝှေးစေ့တွင် အလုံးအကျိတ်များပေါ်လာခြင်း၊ ရောင်ရမ်းလာခြင်း (သို့) ဝှေးစေ့များ နာကျင်လာခြင်းနှင့် အထူးသဖြင့် ထိုလက္ခဏာများသည် 2 ပတ်ထက် ကြာမြင့်လာပါက ဆရာဝန်အား ဆက်သွယ်ပြသသင့်ပါသည်။

အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့် တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့် ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Testicular Cancer (ဝှေးစေ့ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

အများအားဖြင့် မည့်သည့်အရာကြောင့် ဖြစ်ပွားလာသည်ကို ရှင်းရှင်းလင်းလင်း မသိကြချေ။ ဝှေးစေ့ရှိ ပုံမှန်ကောင်းနေသော ဆဲလ်များသည် ကင်ဆာဆဲလ်များဖြင့် အစားထိုးဝင်ရောက်ခံ၍ ဖြစ်ပွားသည်ဟုသာ ဆရာဝန်များမှ သိထားကြသည်။ ခန္ဓာကိုယ်၏ ပုံမှန်တာဝန်များကို ထမ်းဆောင်ရန် ကျန်းမာသောဆဲလ်များသည် ကွဲပွားနေကြပြီး တခါတရံတွင် အချို့ဆဲလ်များသည် ပုံမှန်ကွဲပွားမှုထက် ကျော်လွန်၍ ကင်ဆာဆဲလ်များအဖြစ် ကွဲပွားကြသည်။ ဆဲလ်အသစ်များ မလိုအပ်သော်လည်း ထိုကင်ဆာဆဲလ်များသည် လွန်စွာကွဲပွား၍ များပြားလာကြသည်။ နောက်ဆုံးတွင် ထိုကင်ဆာဆဲလ်များသည် စုပုံ၍ ဝှေးစေ့တွင် အလုံးအကြိတ်ကြီးများဖြစ်လာကြသည်။

ဖြစ်နိုင်ခြေများ

Testicular Cancer (ဝှေးစေ့ကင်ဆာ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

  • ကပ္ပာယ်အိတ်ထဲသို့ ဝှေးစေ့သည် ဆင်းမလာသော မွေးရာပါ ရောဂါ ရှိပါက ဖြစ်နိုင်ရန် အလားအလာများနေသော်လည်း ကင်ဆာဖြစ်ပွားသော အမျိုးသားအများစုတွင် ထိုရောဂါမရှိကြောင်းသိရရသည်။
  • ပုံမှန်မဟုတ်သော ဝှေးစေ့၏ ကြီးထွားဖွံဖြိုးလာသည့် အခြေအနေများ ဥပမာ ကလိုင်ဖဲလ်တာ ရောဂါစုများတွင် ဖြစ်နိုင်ခြေများသည်။
  • မိသားစုဝင်များတွင် ဝှေးစေ့ကင်ဆာဖြစ်ဖူးပါက မိမိတွင်လည်း ဖြစ်လာနိုင်ချေရှိသည်။
  • ဝှေးစေ့ကင်ဆာ သည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း ဆယ်ကျော်သက်များနှင့် အသက်ငယ်ရွယ်သူများတွင် ပို၍ဖြစ်ပွားတတ်သည်။
  • ဝှေးစေ့ကင်ဆာ သည် လူမည်းများထက် လူဖြူမျိုးနွယ်များတွင် ပို၍ဖြစ်ပွားတတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။ 

Testicular Cancerကို ဘယ်လိုအတည်ပြုပါသလဲ

ဝှေးစေ့ရှိ အသားလုံးတခုသည် ကင်ဆာအလုံးဟုတ်မဟုတ်ဆုံးဖြတ်ရန် အောက်ပါ စမ်းသပ်မှုများပြုလုပ်ရတတ်သည်။

  • ဓာတ်မှန်ရိုက်ခြင်း – အသံလှိုင်းများကိုအသုံးပြု၍ ကပ္ပာယ်အိတ်နှင့် ဝှေးစေ့တို့၏ပုံစံကို ကြည့်ရှူခြင်းဖြစ်ပြီး ထိုဝှေးစေ့ရှိ အသားလုံးများသည် အရည်အိတ်များ (သို့) အကျိတ်လုံးများ ဖြစ် မဖြစ်ကို ခွဲခြားနိုင်ရန် ဆရာဝန်အား အကူအညီပေးသည်။ ထို့ပြင် အသားလုံးသည် ဝှေးစေ့၏ အတွင်းထဲ (သို့) အပြင်ဘက်တွင် ရှိကြောင်းကို လည်း ဆရာဝန်အား ပြသပေးနိုင်သည်။
  • သွေးစစ်ခြင်း – ဝှေးစေ့ကင်ဆာရှိမရှိကို သိရဖို့အတွက် လိုအပ်တဲ့ သွေးစစ်တာတွေကိုလည်း လုပ်ရပါမည်။

Testicular Cancer (ဝှေးစေ့ကင်ဆာ)ကို ဘယ်လိုကုသပါသလဲ

ခွဲစိတ်ခြင်း

  • ဝှေးစေ့နှင့် အချို့သော ပြန်ရည်ကြောအကြိတ်များအား ဖြတ်ထုတ်ကုသခြင်းဖြင့် ရောဂါအားစမ်းသပ်စစ်ဆေးခြင်းနှင့် အဆင့်ခွဲခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပြန့်နှံ့သွားသော ကင်ဆာအသားလုံးများကိုလည်း အနည်းငယ်ဖြစ်စေ အကုန်လုံးဖြစ်စေ ဖြတ်ထုတ်ကုသနိုင်ပါသည်။ ကျန်ရှိနေသေးသော ကင်ဆာဆဲလ်များကိုဖျက်ဆီးပစ်ရန် အတွက် အချို့လူနာများတွင် ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ကုသမှုများကို ပြုလုပ်တတ်ပါသည်။

ဓာတ်ရောင်ခြည်ကုသမှု

  • စွမ်းအင်ပြင်းထန်သော X rays (သို့) အခြားသော ဓာတ်ရောင်ခြည်များဖြင့် ကင်ဆာဆဲလ်များအား ဖျက်ဆီးခြင်းဖြစ်စေ ထိုဆဲလ်များ၏ ကြီးထွားပွားများခြင်းကို ရပ်တန့်စေခြင်းဖြင့်ဖြစ်စေ ကုသခြင်းဖြစ်သည်။ အပြင်ပိုင်း ဓာတ်ရောင်ခြည်များဖြင့်လည်း ဝှေးစေ့ကင်ဆာအားကုသလေ့ရှိသည်။

ကင်ဆာဆေးများသွင်း၍ ကုသခြင်း

  • ကင်ဆာဆေးများ သွင်းကာ ကင်ဆာဆဲလ်များအား ဖျက်ဆီးခြင်းဖြစ်စေ၊ ထိုဆဲလ်များ၏ကြီးထွားပွားများခြင်းကို ရပ်တန့်စေခြင်းဖြင့်ဖြစ်စေ ကုသခြင်းဖြစ်သည်။

စောင့်ကြည့်ကုသခြင်း

  • ဆိုလိုသည်မှာ စမ်းသပ်မှုများ၏ ပြောင်းလဲမှုတစ်စုံတရာ ရှိ၊ မရှိ စောင့်ဆိုင်းနေစဉ်ကာလအတွင်း မည်သည့် ကင်ဆာကုသမှုမှ မပေးဘဲ လူနာ၏အခြေအနေကို အနီးကပ်စောင့်ကြည့်ပြုစုကုသခြင်းဖြစ်သည်။
  • ဝှေးစေ့ကင်ဆာကာကွယ်နည်း

    ရာနှုန်းပြည့်ကာကွယ်လို့ မရပေမယ့် မိမိ၏ဝှေးစေ့အား မိမိကိုယ်တိုင်စစ်ဆေးနည်းဖြင့် စောစောသိနိုင်ပါသည်။ 

    • ရေနွေးဖြင့် ရေချိုးခြင်း (သို့) ရေစိမ်အပြီးတွင် ကပ္ပာယ်အိတ်သည် အပူရှိန်ကြောင့် ပျော့ပျောင်းပြေလျော့သွားပြီး မူမမှန်သော အလုံးများ၊ အကျိတ်များကို စမ်း၍ တွေ့ရှိနိုင်သည်။
    • မှန်ရှေ့တွင် ကိုယ်တုံးလုံးရပ်၍ ကပ္ပာယ်အိတ်သည် တဖက်ဖက်တွင် ဖောင်းကားနေခြင်းရှိမရှိကြည့်ပါ။
    • ဝှေးစေ့တလုံးစီကို မိမိ၏ လက်နှစ်ဖက်နှင့် စမ်းသပ်ကိုင်တွယ်ပါ။ လက်ညှိုးနှင့် လက်ခလယ်ကို ဝှေးစေ့၏အောက်တွင် ထားပြီး လက်မကို ဝှေးစေ့အပေါ်တွင်ထား၍ စမ်းသပ်ပါ။
    • ဝှေးစေ့အား လက်မနှင့် လက်ချောင်းများကြားတွင် ညင်သာစွာ ပွတ်၍စမ်းကြည့်ပါ။
    • ဝှေးစေ့၏ ပုံမှန် ပုံစံမှာ ဘဲဥပုံကဲ့သို့ရှိပြီး မျက်နှာပြင်မှာ ချောမွတ်ကာ သိပ်သည်းမာကျောသည့် အလုံးတစ်လုံးဖြစ်သည်။ ဝှေးစေ့တစ်လုံးသည် အခြားတစ်လုံးထက် အနည်းငယ်အရွယ်အစားကြီးနေနိုင်သည်မှာ ပုံမှန်ဖြစ်သည်။
    • ဝှေးစေ့၏ထိပ်မှ ထောင်၍ထွက်နေသော ကြိုးကဲ့သို့ရှိနေသည့် သုက်ကြောမှာ ကပ္ပာယ်အိတ်၏ပုံမှန်ပါရှိသော အရာဖြစ်သည်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Nyan Linn မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement