ကျန်းမာခြင်းဆိုတဲ့ လာဘ်တစ်ပါးကို ပိုင်ဆိုင်ထားချင်ကြတာ ယောက်ျားလေး၊ မိန်းကလေး အရွယ်မရွေးပါပဲ။ ဒါပေမယ့် မဖြစ်မနေရင်ဆိုင်လာရတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရောဂါတွေကို ငြင်းဆန်လို့မှမရတာလေ။ အခုနောက်ပိုင်းမှာဆိုရင် ကင်ဆာဆိုတဲ့စကားလုံးက လူတွေနဲ့သိပ်မစိမ်းတော့သလို အဖြစ်များလာတဲ့ ကင်ဆာအမျိုးအစားလည်း တိုးလာပါတယ်။ ကံကောင်းတာတစ်ခုက ခေတ်မီဆေးပညာကုထုံးတွေနဲ့ ကုသရေးဝန်ဆောင်မှုကောင်းတဲ့ဆေးရုံ၊ဆေးခန်းတွေပေါ်ထွက်လာတာကြောင့် ပြန်လည်ကျန်းမာလာပြီး သက်တမ်းစေ့နေထိုင်သွားနိုင်သူတွေတောင်ရှိပါတယ်။
သားအိမ်ကင်ဆာ
ပျိုဖော်ဝင်ချိန်စောတာ၊ သွေးဆုံးနောက်ကျတာ၊ ကလေးမရနိုင်ခဲ့တာ စတဲ့အကြောင်းရင်းခံတွေကြောင့် သားအိမ်ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ပိုများနိုင်ပါတယ်။ မိသားစုထဲမှာ သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာဖြစ်ဖူးသူရှိတဲ့ အမျိုးသမီးတွေ၊ အဝလွန်သူတွေမှာလည်း သားအိမ်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။
သားအိမ်ခေါင်းကင်ဆာ
အမျိုးသမီးတွေမှာ အဖြစ်များဆုံးထဲ ရှေ့ကပါဝင်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ human papillomavirus(HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရလေ့ရှိပြီး ဒီဗိုင်းရပ်စ်ဟာ အများအားဖြင့် လိင်ကတဆင့် ကူးစက်လေ့ရှိတာပါ။ တချို့ HPV ဗိုင်းရပ်စ်တွေက ဘာရောဂါလက္ခဏာမှမဖြစ်စေဘဲ တချို့တွေကတော့လိင်အင်္ဂါကြွက်နို့ဖြစ်စေကာတချို့HPV ဗိုင်းရပ်စ်တွေကတော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေပါတယ်။ သားအိမ်ခေါင်းကင်ဆာရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ HPV ဗိုင်းရပ်စ်အမျိုးအစားနှစ်မျိုးဖြစ်တဲ့ ၁၆ နဲ့၁၈ တို့ကြောင့် ဖြစ်ပွားရတာပါ။ ဒီ HPV ဗိုင်းရပ်စ်အမျိုးအစားတွေဟာ ရောဂါလက္ခဏာ စောစောစီးစီး ပြလေ့မရှိတာမို့အမျိုးသမီးအများစုအနေနဲ့သူတို့မှာ ပိုးကူးစက်ခံနေရမှန်း သတိမထားမိတတ်ကြပါဘူး။
သားဥအိမ်ကင်ဆာ
သားဥအိမ်ကင်ဆာက အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်ကြီးလာတာနဲ့အမျှဖြစ်နိုင်ခြေပိုများလာတာပါ။ အန္တရာယ်များတဲ့ ကင်ဆာအမျိုးအစားဖြစ်ပေမယ့် စောစောသိ၊ စောစောကုသရင် အသက်ရှင်နိုင်ခြေ ၉၅ ရာခိုင်နှုန်းလောက်မြင့်ပါတယ်။ ကလေးမမွေးဖွားဖူးသူ၊ အသက် ၃၅ နှစ်နောက်ပိုင်းမှပထမဆုံးကလေးမွေးဖွားသူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။