backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကင်ဆာဝေဒနာဆိုးကို ကျော်လွှားပြီးသည့်နောက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကင်ဆာဝေဒနာဆိုးကို ကျော်လွှားပြီးသည့်နောက်

ကင်ဆာဟာ ကုသရခက်ခဲပြီး ဆိုးရွားတဲ့ဝေဒနာတစ်မျိုးအဖြစ် မှတ်ယူခြင်းခံရလေ့ရှိပါတယ်။ ကင်ဆာအမျိုးအစားတစ်ချို့ဟာ ပျောက်ကင်းအောင်ကုသရခက်ခဲနေဆဲပါ။

ဒါပေမယ့် တစ်ချို့သော ကင်ဆာအမျိုးအစားတွေကိုတော့ စောလျှင်စွာ သိရှိမယ်ဆိုရင် ပျောက်ကင်းအောင် ကုသလို့ရနေပါပြီ။ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ အရေပြားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့လို အမျိုးအစားတွေပေ့ါ။

ကင်ဆာဟာ ကြောက်စရာဝေဒနာတစ်မျိုးလို့ မှတ်ယူထားကြတာကြောင့် ကင်ဆာရောဂါကို ကျော်လွှားနိုင်ခဲ့ကြသူတွေဟာ ကုထုံးတွေ ပြီးစီးချိန်မှာ နာလန်ထူလာစေဖို့ အပြင်းအထန်ကြိုးပမ်းကြလေ့ရှိပါတယ်။

တကယ်တမ်းမှာတော့ ကနဦးနာလန်ထစေဖို့ ချမှတ်ပေးထားတဲ့ အစီအမံတွေ (Initial Recovery) ကို ကျော်လွန်ပြီး လုပ်ဆောင်တာမျိုးမလုပ်မိဖို့ လိုအပ်ပါတယ်။

Initial Recovery လုပ်ဆောင်ချက်တွေဟာ ရေရှည်ကျန်းမာရေးအတွက် အထူးအရေးပါတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီးတော့ ကင်ဆာအလွန် ပျော်ရွှင်ကျန်းမာဖွယ် ဘဝအတွက် ကနဦးခြေလှမ်းတွေလို့လည်း ဆိုနိုင်တာပေါ့။

နာလန်ပြန်ထကာစမှာ ဘာကြောင့် လေ့ကျင့်ခန်းလုပ်ပေးသင့်တာလဲ

ကင်ဆာဝေနာကနေ ပြန်လည်သက်သာလာသူတွေကို မှန်ကန်သင့်လျော်စွာ ပြုမူနေထိုင်ဖို့၊ စားသောက်မှီဝဲဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ကို အာဟာရမျှတစွာ စားသောက်စေတာ၊ အရက်သေစာ ဖြတ်ခိုင်းတာမျိုးတွေပေါ့။

ဆရာဝန်တွေလမ်းညွှန်ထားချက်တွေအရဆိုရင်တော့ ကင်ဆာဝေဒနာကို ဖြတ်ကျော်နိုင်ခဲ့ပြီးပြီဆိုရင် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ပါတယ်တဲ့။ လေ့ကျင့်ခန်းပြုလုပ်တာဟာ ရောဂါပြန်မဖြစ်အောင် ကာကွယ်ပေးနိုင်သလို စိတ်ခံစားချက်ကောင်းမွန်လာအောင်လည်း အကျိုးပြုနိုင်တာကြောင့်ပါပဲ။

နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်တာက ကင်ဆာကနေပြန်လည်သက်သာလာသူတွေအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရစေနိုင်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေကို နေ့စဉ်အချိန်မှန်ပြုလုပ်ပေးတာမျိုးကို ဆိုလိုတာပါ။

ကင်ဆာဝေဒနာကနေ သက်သာလာသူတွေ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်။

  • ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်တိုးတက်စေတာ၊
  • စိတ်ဓာတ်ကျဆင်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါလက္ခဏာတွေ လျော့ကျလာတာ၊
  • ပူပင်သောက လျော့ပါးလာတာ၊
  • မောပန်းနွမ်းလျတတ်တာတွေကို နည်းပါးသွားစေနိုင်တာပါ၊
  • စိတ်ခံစားချက်ကောင်းမွန်လာစေတာ၊
  • ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားလာတာ၊
  • နာကျင်မှု လျော့ပါးလာတာ၊
  • အိပ်စက်ရာမှာ ပိုမို အဆင်ပြေလာတာ၊
  • ကင်ဆာပြန်လည်ဖြစ်လာဖို့ အခွင့်အလမ်းနည်းပါးလာတာတွေပါပဲ။

ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့အခါ ကင်ဆာဝေဒနာသည်တွေကို ဒုက္ခပေးနိုင်ခြေအများဆုံး ပြဿနာဖြစ်တဲ့ ကိုယ်အလေးချိန်ပုံမှန်မဖြစ်တဲ့ ပြဿနာကိုလည်း လျှော့ချနိုင်စေမှာဖြစ်ပါတယ်။

ကင်ဆာကြောင့် ပြန်လည်ကျန်းမာလာသူတွေဟာ ကိုယ်အလေးချိန်ကို ထိမ်းသိမ်းဖို့ အခက်တွေ့တတ်ကြပြီး ကိုယ်အလေးချိန် ပြန်တက်မလာတာ၊ ဒါမှမဟုတ် ရုတ်တရက် အလွန်အမင်းဝလာတာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့်လည်း ဘေးထွက်ဆိုးကျိုးတွေ အများအပြား ရင်ဆိုင်ကြရတတ်ပါတယ်။

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်မယ်ဆိုရင် ဒီပြဿနာတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပြီးတော့ ကျန်းမာတဲ့ ဘဝကို ပြန်လည်ပိုင်ဆိုင်ဖို့ ပိုမိုနီးစပ်သွားစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement