backup og meta

အဆုတ်ကင်ဆာကုသမှု၏ဘေးထွက်ဆိုးကျိုးများ


Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကင်ဆာကုသမှု၏ဘေးထွက်ဆိုးကျိုးများ

    အဆုတ်ကင်ဆာကုသမှုသည် ရောဂါဝေဒနာကို ရင်ဆိုင်ဖို့ ပိုခက်ခဲစေသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးများကို ဘယ်လိုထိန်းချုပ်စီမံနိုင်သလဲဆိုတာကို လေ့လာကြည့်လိုက်ပါ။

    လူနာ တစ်ဦးချင်းစီ၏ ကျန်းမာရေး၊ ကင်ဆာအဆင့်နှင့် ဖြစ်ပွားသော နေရာပေါ်တွင် မူတည်ပြီး အဆုတ်ကင်ဆာကုသမှုသည် တစ်ဦးနှင့် တစ်ဦး ကွဲပြားပါတယ်။

    သို့သော် ခွဲစိတ်မှု ၊ ဓါတ်ရောင်ခြည် ကုထုံး နဲ့ ကင်ဆာဆေးသွင်းကုသမှုတွေပဲ ခံယူယူ၊ အခြား သောကင်ဆာကုသမှုတွေပဲ ခံယူယူ၊ သင်သည် ဘေးထွက်ဆိုးကျိုးများကိုတော့ ကြုံတွေ့ရမှာဖြစ်သည်။ ထိုဘေးထွက်ဆိုးကျိုးများသည် သင် ပြန်လည်နာလန်ထူနိုင်ဖို့ စိန်ခေါ်မှုတစ်ရပ်လိုပဲ ဖြစ်ပါတယ်။

    သင့်ဆရာဝန်၏ ကုသမှုထဲမှာ ထိုဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေသည့် အစီအစဉ်များပါဝင်မှုရှိတာ သေချာပါစေ။ သို့မှသာ သင်သည် အဆုတ်ကင်ဆာ ကို တိုက်ခိုက်တွန်းလှန်နေစဉ်မှာ တတ်နိုင်သမျှ သက်သာကာ နေထိုင်ကောင်းမည်ဖြစ်သည်။

    အဆုတ်ကင်ဆာခွဲစိတ်ကုသမှု ဘေးထွက်ဆိုးကျိုးများ

    ခွဲစိတ်မှု၏ ဘေးထွက်ဆိုးကျိုးများသည် အဆုတ်ကင်ဆာကို ဖယ်ရှားဖို့ အဆုတ်ကို ဘယ်လောက်ဖြတ်ထုတ်ဖို့ လိုအပ်သလဲဆိုသော ခွဲစိတ်မှု အမျိုးအစားပေါ်တွင် မူတည်နေပါတယ်။ အဆုတ်ကင်ဆာကို ကုသဖို့ ခွဲစိတ်ရပြီးနောက်ပိုင်းတွင် နာကျင်မှုကို ခံစားရမည်ကတော့ ကျိန်းသေပဲ ဖြစ်ပါတယ်။

    နာကျင်မှုကို သက်သာစေသော အစီအစဉ်များသည် သင့်ကုသမှုအစီအစဉ်ထဲတွင် ပါရှိသင့်ပါတယ်။ ကင်ဆာ (သို့) ကင်ဆာကုသမှု နောက်ဆက်တွဲ ခံစားရသော နာကျင်မှုအကြောင်းကို သင့်ဆရာဝန်ကို ပြောပြဖို့ အရေးကြီးပါတယ်။ အဘယ်ကြောင့်ဆိုသော ကင်ဆာကြောင့် ဖြစ်သော နာကျင်မှုဝေဒနာကို စီမံနိုင်သော နည်းလမ်းများစွာရှိပါတယ်။

    အဆုတ်ကင်ဆာ ဆေးသွင်းကုသခြင်း၏ ဘေးထွက်ဆိုးကျိုးများ

    ကင်ဆာဆေးသွင်းကုသခြင်းသည် အဆုတ်ကင်ဆာကုသအတွက် ထိရောက်သော ကုသမှုတစ်ရပ်ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ခန္ဓါကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင် မဆိုရှိသော ကင်ဆာဆဲလ်များသို့ ရောက်ရှိနိုင်သောကြောင့်ဖြစ်သည်။ အစွမ်းထက်သလို ဘေးထွက်ဆိုးကျိုးလည်း ရှိပါတယ်။

    အောက်ဖော်ပြပါအချက်များသည် ကင်ဆာဆေးသွင်းကုသမှု၏ ဘေးထွက်ဆိုးကျိုးအချို့ဖြစ်ပြီး ၎င်းတို့ကို ရင်ဆိုင်နိုင်မည့် နည်းလမ်းအချို့ဖြစ်ပါတယ်။

    ဆံပင်ကျွတ်ခြင်း။ ။ အကယ်၍ သင်သည် ဆံပင်ကျွတ်ခြင်းအပေါ် သတိထားနေမိလျှင် ဆံပင်တုတပ်ခြင်း၊ ပုဝါစီးထားခြင်း (သို့) ဦးထုပ်ဆောင်းခြင်း တို့ကို စမ်းကြည့်ပါ။

    ရောဂါပိုးဝင်နိုင်ချေများခြင်း။ ။ လူထူထပ်သော နေရာများကို သွားခြင်း၊ နေမကောင်းသော လူများနားသွားခြင်းကို ရှောင်ပါ။ သင့်လက်ကို မကြာခဏ ဆေးပါ။

    အစာစားဖို့ ခက်ခဲခြင်း။ ။ အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊ ပါးစပ်အနာပေါက်ခြင်းတို့ကြောင့် အစားစားရတာ အခက်အခဲရှိနိုင်ပါတယ်။ သို့သော် နူးညံ့သော ကြိတ်ထားသည့် အစာငယ်လေးများကို စားပေးခြင်းသည် သင့်အတွက် ပိုမိုလွယ်ကူစေပါတယ်။

    ဝမ်းချုပ်ခြင်း ။ ။ နေ့တိုင်း ရေများများသောက်ဖို့ သတိရပါ။ အမျှင်ဓါတ်ကြွယ်ဝသော အစားအသောက်များစားပါ။ နေ့စဉ် လေ့ကျင့်ခန်း နည်းနည်းချင်းစီလုပ်ပါ။ ထိုနည်းများသည် သင့်အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေမည်ဖြစ်သည်။

    ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း။ ။ သင့်ဝမ်းပျက်ခြင်းကို ပိုဆိုးရွားစေသော အစားအသောက်များကို သတိပြုပါ။ နို့်ထွက်ကုန်များ၊ အဆီများသော အစားအစာ၊ စပ်သော အစာများ၊ အမျှင်ဓါတ်များသော အစားအသောက်များကို ရှောင်ပါ။ ဆုံးရှုံးသွားသော အရည်ဓါတ်ကို ပြန်ဖြည့်တင်းဖို့ ရေများများသောက်ပါ။ ပိုတက်ဆီယမ်ဓါတ်အပိုရရှိဖို့ ငှက်ပျောသီးကဲ့သို့သော ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝသော အစားအသောက်များကို စားသုံးပေးပါ။

    သွေးနီဥဆဲလ် အရေအတွက် ကျဆင်းခြင်း။ ။ ကင်ဆာဆေးသွင်းကုသမှု၏ နောက်ဆက်တွဲအနေဖြင့် သွေးအားနည်းခြင်းဖြစ်နိုင်ပြီး သင်သည် ပိုမိုနှုံးချိနွမ်းနယ်တာကို ခံစားရမည်ဖြစ်သည်။ သွေးသွင်းခြင်း (သို့) ဆေးဝါးသောက်သုံးခြင်းဖြင့် သွေးနီဥဆဲလ် ထုတ်လုပ်ခြင်းကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။

    သွေးထွက်ခြင်း နဲ့ သွေးခြည်ဥခြင်း ။ ။ ကင်ဆာဆေးသွင်းကုသမှုသည် သွေးခဲခြင်းကို ကူညီသော သွေးမွှားဥများကို ဖျက်ဆီးပစ်သည်။ မကြာခဏ သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်း၊ ဝမ်းတွင်း သွေးပါခြင်း၊ ဆီးတွင်း သွေးပါခြင်း နဲ့ အခြားသော ပုံမှန်မဟုတ်သော လက္ခဏာများကို သတိထား စောင့်ကြည့်ပါ။ သင့်ဆရာဝန်သည် သွေးမွှားဥအလွန်နည်းနေလျှင် သွေးမွှားဥသွေးသွင်းခြင်းကို ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါတယ်။

    အလွန်အမင်း ပင်ပန်းနုံးချိခြင်း။ ။ သင့်ခန္ဓါကိုယ်က လိုက်လုပ်နိုင်သည့် ပုံမှန် လေ့ကျင့်ခန်းမျိုးကို လုပ်ပါ။ ၎င်းသည် သင့်အတွက် ခွန်အားများပေးစွမ်းနိုင်ပါတယ်။ နေ့လယ်နေခင်း တစ်ရေးတစ်မော အိပ်စက်အနားယူပြီး ညအခါတွင် အိပ်ရေး၀၀အိပ်ပါ။

    ပျို့အန်ခြင်းသည်လည်း အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ ပျို့အန်ခြင်းကို သက်သာစေသော ဆေးဝါးများကို သောက်သုံးနိုင်ပါတယ်။ ကင်ဆာဆေးသွင်းကုသနေစဉ်တစ်လျှောက်လုံးတွင် ပျို့အန်ခြင်းမှ ကာကွယ်နိုင်ရန် ဆေးဝါးသုံးစွဲနိုင်ပါတယ်။

    အဆုတ်ကင်ဆာ ဓါတ်ရောင်ခြည်ကုသမှု ဘေးထွက်ဆိုးကျိုးများ

    ဓါတ်ရောင်ခြည်ကုသမှုကို ကောင်းကောင်း သည်းခံနိုင်ကြပါတယ်။ သို့သော် ဓါတ်ရောင်ခြည်ပေးသော နေရာအနီးတစ်ဝိုက်တွင် ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ပါတယ်။ အကယ်၍ အဆုတ်ကင်ဆာသည် အစာရေမြိုပြွန် (သို့) လည်ချောင်းအနီးတွင် ဖြစ်ပွားလျှင် ရောင်ရမ်းခြင်း နဲ့ နာကျင်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ သို့သော် ထိုနာကျင်မှုနှင့် မအီမသာဖြစ်မှုကို ဆေးဝါးများက သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

    ဓါတ်ရောင်ခြည်နှင့် ကင်ဆာဆေးသွင်းကုသမှုကို ပူးပေါင်းအသုံးပြုသောအခါတွင် ဘေးထွက်ဆိုးကျိုးများ ပိုဆိုးလာတတ်ပါတယ်။

    အတူတွဲသုံးသော အခါတွင် ဓါတ်ရောင်ခြည် နှင့် ကင်ဆာဆေးသွင်းကုသမှုသည် လူ့ခန္ဓါကိုယ်တစ်ရှုးများကို ပို၍ အထိမခံဖြစ်စေကာ နောက်ဆုံးတွင် ဘေးထွက်ဆိုးကျိုးများကို ပိုများလာစေပါတယ်။

    ဓါတ်ရောင်ခြည်ကုထုံးပေးသော အရေပြားသည် ပိုပြီး ထိခိုက်လွယ်လာကာ နေလောင်ကွက်ကဲ့သို့ပင် ပေါ်လာနိုင်ပါတယ်။ အရေပြားကို ပိုဆိုးစေသော အရာများကို ရှောင်ပါ။ ၎င်းတို့မှာ

    • မိတ်ကပ်
    • ပေါင်ဒါ
    • မိတ်ကပ်ဖျက်ဆေး
    • အစိုဓါတ်ထိန်း အလှကုန် (moisturizer)

    အရေပြားကို ရေကြက်သီးနွေးလေးနဲ့ ဆေးကြောပေးခြင်းသည် ပိုဆိုးမလာအောင် ကာကွယ်ပေးပါတယ်။

    ကင်ဆာအတွက် ဘယ်လိုကုသမှုပဲသုံးသုံး ဘေးထွက်ဆိုးကျိုးတွေကတော့ ခံစားရမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များ စားသုံးခြင်း၊ အနားယူခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်းကို မျှမျှတတ ချိန်ဆခြင်း၊ သင့်ဆရာဝန်နဲ့ ပုံမှန်ပြသတိုင်ပင်ခြင်းတို့သည် သင့်အဆုတ်ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးများကို စီမံခန့်ခွဲနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement