ကင်ဆာဝေဒနာ ခံစားနေရသူတွေ အနေနဲ့ မှန်ကန်စွာ စားသောက်မိဖို့ လိုပါမယ်။ ဒါမှလည်း ခန္ဓာကိုယ်က ကင်ဆာကို ကြံ့ကြံ့ခံ တိုက်ထုတ်နိုင်မှာပါ။ တခြားကင်ဆာတွေဆို သိပ်ပြီး အကြောင်းဟုတ်လှပေမဲ့ လျှာကိုယ်တိုင်က ကင်ဆာဖြစ်ရင်ရော ဘယ်လိုစားကြမလဲ။ တစ်ခေါက်မှာတော့ လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။
လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ!
ကင်ဆာကုထုံး ခံယူချိန်မှာ ခန္ဓာကိုယ်က ခုခံအားကျသွားတဲ့အတွက် ပိုးဝင်ကူးစက်မှုတွေ ပိုလွယ်လာပါတယ်။ ဒီအချိန်မှာ အစားအသောက်တွေကို သေချာ ဂရုစိုက် စားမိဖို့ လိုပါမယ်။ ဒါမှ အစားကနေတဆင့် ရောဂါ ကူးစက်တာကို ကာကွယ်နိုင်မှာပါ။
အသီးအရွက်တွေ အနေနဲ့ –
မုန်လာဥနီ၊ ရွှေဖရုံသီး၊ နိုကိုဥ၊ ခရမ်းချဉ်သီး စတာတွေကို အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ရရှိစေဖို့ စားပေးလို့ ရပါတယ်။
ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် စတာတွေကို စားပေးတာကလည်း အပင်ကနေရတဲ့ ဓာတုပစ္စည်းတွေကို ရရှိစေပြီး ကင်ဆာကုသမှုကို ခံယူချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။
ကညွတ်ကိုလည်း စားပေးရပါတယ်။ ကညွတ်နဲ့ ကြက်ဟင်းခါးသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။
သစ်သီးတွေ အနေနဲ့ –
ကိုယ်ခံအားအတွက် ဗီတာမင် C ရရှိစေဖို့ လိမ္မော်သီး စားပေးလို့ ရသလို ကီဝီသီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖရုစ် စတာတွေကို စားပေးလို့ ရပါတယ်။
အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ရရှိစေဖို့ ငှက်ပျောသီး၊ ကီဝီသီး၊ မက်မွန်သီး၊ စတော်ဘယ်ရီ စတာတွေကို စားပေးလို့ ရပါတယ်။
ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေဖို့အတွက် ထောပတ်သီး၊ တရုတ်ဇီးသီး၊ သဖန်းသီး၊ ဇီးသီးခြောက်၊ စပျစ်သီးခြောက်တွေကို စားပေးလို့ ရပါတယ်။
ပရိုတင်း ပြည့်ဝစေဖို့ အတွက် –
အဆီမပါတဲ့ အနီရောင် အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့ထွက် ပစ္စည်း၊ အခွံမာသီးတွေ၊ ပဲအမျိုးမျိုး၊ ကုလားပဲ၊ ပဲပိစပ် စတာတွေကို ပြင်ဆင်ပေးပါ။