backup og meta

Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) ကဘာလဲ။

သင့်ရဲ့ paranasal sinus တွေဆိုတာဟာ သင့်နှာခေါင်း ပတ်လည်မှာရှိတဲ့ သေးငယ်တဲ့ အခေါင်းပေါက်လေးတွေပါ။ အဲဒီ အပေါက်လေးတွေကို သင့်နှာခေါင်းခြောက်သွေ့တာမျိုးမဖြစ်အောင် ထိန်းထားပေးနိုင်တဲ့ အချွဲတွေထုတ်တဲ့ ဆဲလ်တွေက ကာရံထားပါတယ်။

နှာခေါင်းအတွင်းအပေါက်ဟာ သင့်ရဲ့ နှာခေါင်းအနောက်မှာရှိတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ သင်အသက်ရှုတဲ့အခါမှာ လေတွေက အဲဒီအပေါက်ထဲကို ဖြတ်ဝင်ပြီး လည်ချောင်းဆီသွားရပါတယ်။

Sinus ကင်ဆာဆိုတာဟာ သင့်ရဲ့ နှာခေါင်းအတွင်းမှာရှိတဲ့ နှာခေါင်းပေါက်လမ်းကြောင်း အတွင်း(သို့) အနီးနားမှာ ရှိတဲ ဆဲလ်တွေ ပုံမမှန်တာကြောင့် ဖြစ်ပါတယ်။

Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

Sinus(ဆိုင်းနပ်စ်) ကင်ဆာဖြစ်တာဟာ အတော်ရှားပါတယ်။ Sinus(ဆိုင်းနပ်စ်) ကင်ဆာ ဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါ ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ်ပိုကောင်းတဲ့ အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Sinus(ဆိုင်းနပ်စ်) ကင်ဆာဖြစ်ပြီဆိုရင် အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့-

  • Sinus congestion လို့ခေါ်တဲ့နှာခေါင်းပိတ်ခြင်း(သို့) ကြာရှည်နှာခေါင်းပိတ်ပြီး အသက်ရှုကျပ်သလို ခံစားရခြင်း။
  • ပိုးသတ်ဆေးနဲ့ကုသတာကို တုံ့ပြန်မှုမရှိတဲ့ နာတာရှည် ရောဂါပိုးဝင်ခြင်း ။
  • နှာခေါင်း နားမှာနာခြင်း (သို့) ခဏ ခဏခေါင်းကိုက်ခြင်း။
  • မျက်နှာ၊ မျက်လုံး၊(သို့) နားတွေမှာ နာပြီး ရောင်ယမ်းနေခြင်း။
  • မျက်လုံးမှ မျက်ရည် တွေ ဆက်တိုက်ထွက်လာခြင်း။
  • မျက်လုံးတစ်ဖက်ဖက်က ပြူးထွက်နေခြင်း (သို့) အမြင်အာရုံ ဆုံးရှုံးသွားခြင်း။
  • အနံ့ခံ အာရုံ ကျဆင်းသွားခြင်း။
  • သွားနာခြင်း (သို့) သွားထုံကျင်ခြင်း။
  • သွား နဲ့ခြင်း။
  • မျက်နှာ၊ နှာခေါင်း၊ (သို့) ပါးစပ်အတွင်းမှာ အလုံးဖြစ်ခြင်း။
  • နှာရည် ခဏခဏ ယိုခြင်း။
  • နှာခေါင်းသွေး မကြာခဏယိုခြင်း။
  • ပါးစပ်ဖွင့်ရခက်ခြင်း။
  • နှာခေါင်းအတွင်း မပျောက်ကင်းတဲ့ အလုံးရှိခြင်း။
  • မောပန်းလွယ်ခြင်း။
  • အကြောင်းအရင်းမရှိဘဲကိုယ်အလေးချိန် ကျခြင်း။
  • လည်ပင်းတွင် အလုံးဖြစ်ခြင်း။

အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။

ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

နှာခေါင်းအတွင်း မှာ (သို့) အတွင်းရှိ အပေါက်တွေမှာ ဖြစ်နိုင်တဲ့ အကျိတ်အမျိုးအစားတွေ အများကြီးရှိပါတယ်။ အောက်မှာ အချို့သော အမျိုးအစားတွေကို ဆက်လက်ဖော်ပြပါမယ်။

  • Inverted papillomas
  • Squamous cell carcinoma
  • Transitional cell carcinoma
  • Adenocarcinoma
  • Adenoid cystic carcinoma
  • Melanoma
  • Neuroblastoma
  • Sarcomas
  • Lymphoma
  • Plasmacytoma
  • Giant cell tumor
  • Metastatic carcinoma

တစ်ခါတစ်လေမှာ နှာခေါင်းအတွင်း ကင်ဆာ(သို့) sinus ကင်ဆာ ဖြစ်နေတဲ့သူတွေမှာ ရောဂါလက္ခဏာ မပြကြပါဘူး။ တစ်ကယ်တော့ ဒီလို ကင်ဆာ အမျိုးအစားတွေဟာ အစောပိုင်း အဆင့်မှာ ရောဂါ လက္ခဏာ မပြတဲ့အတွက် များသောအားဖြင့် ကင်ဆာ အဆင့်မြင့်လာမှ သိကြ ၊ ရောဂါ အမည်တပ်နိုင်ကြပါတယ်။

ကင်ဆာ မဟုတ်ဘူးလို့ထင်ရတဲ့ sinus ( နှာခေါင်းအတွင်းရှိ အခေါင်းပေါက်လေးတွေ) ရောင်ယမ်းတာမျိုးကို ကုသရင်း ကင်ဆာကို တွေ့ရှိတတ်ကြပါတယ်။

ဖြစ်နိုင်ခြေများ

Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဒီရောဂါ ဖြစ်ဖို့ အလွန် အားပေးနေတဲ့ အချက်၂ချက်ရှိပါတယ်။

  • ဆေးရွက်ကြီး အသုံးပြုခြင်း။

ဆေးရွက်ကြီး သုံးစွဲတာက ခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းကင်ဆာတွေ ဖြစ်ဖို့ အားပေးနေတဲ့ တစ်ခုတည်းသော အကြီးမားဆုံးအချက်ပဲဖြစ်ပါတယ်။ ဆေးရွက်ကြီး ထုတ်ကုန်တွေ မှာ စီးဂရက်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ဆေးရွက်ကြီးဝါးခြင်း၊ နဲ့ ရှုလို့ရအောင် ပြုပြင်ထားတဲ့ဆေးရွက်ကြီးတွေပါဝင်ပါတယ်။

၈၅% သော ခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းကင်ဆာတွေဟာ ဆေးရွက်ကြီး အသုံးပြုမှုနဲ့ ဆက်စပ်မှုရှိနေပါတယ်။ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကိုရှုမိတာကလည်းခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းကင်ဆာတွေ ဖြစ်နိုင်ချေကို ပိုများစေနိုင်ပါတယ်။

  • အရက်သောက်သုံးခြင်း။

ပမာဏအများကြီးနဲ့ ခဏခဏ သောက်သုံးခြင်းက ခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းကင်ဆာတွေ ကို ပိုဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။ အရက် ရော၊ ဆေးရွက်ကြီးပါ နှစ်ခုစလုံး အသုံးပြု မယ်ဆိုရင်တော့ ဖြစ်နိုင်ချေကို ပိုလို့တောင် များစေနိုင်ပါတယ်။

နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာကို ပိုဖြစ်စေနိုင်မယ့်၊ ဖြစ်ဖို့ ပိုအားပေးနေတဲ့အခြား အချက်အလက်တွေရှိပါသေးတယ်။

  • လိင်အမျိုးအစား။ အမျိုးသားတွေ ဟာ အမျိုးသမီးတွေထက်ဖြစ်နိုင်ချေ နှစ်ဆပိုများပါတယ်။
  • အသက်အရွယ်။ အဲလို ကင်ဆာတွေဟာ အသက် ၄၅နှစ်မှ ၈၅ နှစ်အတွင်းရှိတဲ့သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။
  • HPV လို့ခေါ်တဲ့ ဗိုင်းရပ်။ လေ့လာချက်တွေအရ ဒီဗိုင်းရပ်ကူးစက်ခံရတဲ့ သူတွေဟာ အထက်ပါကင်ဆာတွေ ဖြစ်နိုင်ဖို့ ပိုများတာကို တွေ့ရှိရပါတယ်။ HPV ဗိုင်းရပ်ရှိနေတဲ့ သူတစ်ယောက်နဲ့ လိင်ဆက်ဆံခြင်းက ကိုယ့်ဆီHPV ဗိုင်းရပ်ဝင်လာနိုင်ဖို့ အဖြစ်နိုင်ဆုံးနည်းလမ်းပါ။ ဒီ HPV ဗိုင်းရပ်မှာ strains လို့ခေါ်တဲ့ အမျိုးအစားတွေ အများကြီးရှိပါတယ်။ လေ့လာချက်တွေအရ အချို့ အမျိုးအစားတွေက အချို့ကင်ဆာ အမျိုးအစားတွေနဲ့ ပိုပြီးဆက်နွယ်မှုရှိနေတာကို တွေ့ရပါတယ်။ သင့်ကို HPV ဗိုင်းရပ်အကူးစက်မခံရအောင် အသုံးပြုနိုင်တဲ့ ကာကွယ်ဆေးတစ်ချို့ရှိပါတယ်။
  • အချို့သော ရှုမိနိုင်တဲ့ ပစ္စည်းများ။ အလုပ်ရုံပတ်ဝန်းကျင်တွေမှာ တွေ့ရတတ်တဲ့ အချို့သော ပစ္စည်းတွေကို ရှုမိတာက ဒီကင်ဆာဖြစ်နိုင်ချေ ပိုများစေနိုင်ပါတယ်။
  • လေထုညစ်ညမ်းမှုနှင့် တွေ့ကြုံရခြင်း။ လေထုညစ်ညမ်းမှုနဲ့ ထိတွေ့ရတဲ့အတွက်လည်း နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာရောဂါ ဖြစ်နိုင်ချေ များစေနိုင်ပါတယ်။
  • စိတ်ပျော်ရွှင်စေရန်အတွက် ရှုရှိုက်နိုင်(သို့)သောက်သုံးနိုင်တဲ့ ဆေး( Marijuana )တွေ သုံးတဲ့သူတွေမှာ ပိုပြီးဖြစ်နိုင်ချေများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအမည်သတ်မှတ်ခြင်းကို ရောဂါနောက်ကြောင်း မေးမြန်းခြင်းနဲ့ ကိုယ်ခန္ဓါစစ်ဆေးခြင်းဖြင့် စတင်လုပ်ဆောင်ရပါမယ်။ ပုံရိပ်ရယူခြင်းနည်းလမ်းတွေဖြစ်တဲ့ CT ရိုက်ခြင်းနဲ့ MRI ရိုက်ခြင်းတို့ကို တစ်နေရာရာမှာရှိနေတဲ့ အကျိတ်ကို အဆင့်သတ်မှတ်ဖို့ နဲ့ အဲဒီအကျိတ်ကနေ ပျံ့သွားခြင်းရှိ၊ မရှိစစ်ဆေးနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။

sinus နှင့် ဦးခေါင်းခွံ အောက်ခြေကဲ့သို့သော အရိုးဖြင့် တည်ဆောက်ထားတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းတွေကို စစ်ဆေးတဲ့နေရာမှာ CT ရိုက်ခြင်းက ပိုပြီးကောင်းမွန်ပါတယ်။ဦးနှောက်ကို ကာရံထားတဲ့နေရာ (Dura) ၊ မျက်လုံး (သို့) ဦးနှောက်ကိုယ်တိုင်ကဲ့သို့ ပျော့ပျောင်းတဲ့ တစ်ရှုးတွေနဲ့ပတ်သတ်တဲ့ အစိတ်အပိုင်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို သိဖို့ကတော့ MRI က ပိုကောင်းပါတယ်။

နောက်ဆုံးရောဂါအမည်တပ်ဖို့အတွက်ကတော့ အကျိတ်ကို အသားစယူဖို့လိုအပ်ပါတယ်။ အသားစယူတာကိုတော့ ဆေးခန်းတွေမှာ လိမ်းဆေး(သို့) ထုံဆေးတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ၊ အထူးသဖြင့် သွေးထွက်နိုင်ချေများတဲ့ အခြေအနေတွေမှာ အသားစယူဖို့အတွက် ခွဲစိတ်ခန်းကဲ့သို့သော ပြင်ဆင်မှုမျိုးလိုအပ်နိုင်ပါတယ်။

Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ

အဲဒီလိုကင်ဆာ အများစုအတွက် အဓိက ကုသနည်းကတော့ ခွဲစိတ်ကုသနည်းပဲဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ကုသနည်းကိုလည်း အသုံးပြုနိုင်ပါတယ်။

တကယ်လို့ အကျိတ်ကို ခွဲစိတ်ပြီး ထုတ်ယူလို့မရဘူးဆိုရင် (သို့) လူနာက ခွဲစိတ်မှုဒဏ်ကို မခံနိုင်ဘူးဆိုရင် ဓါတ်ရောင်ခြည်ကုထုံးတစ်ခုတည်းနဲ့ ကုသရနိုင်ပါတယ်။ တစ်ချို့ အခြေအနေတွေမှာ ကင်ဆာ ကုထုံး ပါပါ၊ မပါပါ ဓါတ်ရောင်ခြည်ကုသနည်းနဲ့ ခွဲစိတ်ကုသနည်း နှစ်မျိုးပေါင်းစပ်ပြီး ကုသလေ့ရှိကြပါတယ်။

ခွဲစိတ်ကုသနည်းလမ်း အမျိုးအစားကတော့ အကျိတ်ရဲ့ အရွယ်အစားနဲ့ ပျံ့နှံ့မှုအပေါ်မူတည်ပါတယ်။ ခွဲစိတ်မှုမှာ ပြင်ပမှဖြစ်နိုင်သလို အတွင်းမှန်ပြောင်းထည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီလို နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်တဲ့ ကင်ဆာ( sinus cancer)ရဲ့ အကျိတ်ကို ခွဲစိတ်ဖယ်ထုတ်လိုက်ပြီးတဲ့အခါ လူနာရဲ့ မျက်နှာမှာ ပုံပျက်သွားတာမျိုး၊ စကားပြောခြင်း၊ မြိုချခြင်း စတာတွေမှာ အခက်အခဲဖြစ်သွားတာမျိုး စတာတွေ ဖြစ်သွားစေနိုင်ပါတယ်။

ဒီလို ဆက်ပြီး ဖြစ်လာမယ့် ပြသနာတွေကို ကူညီပေးနိုင်ဖို့ ခန္ဓါကိုယ် အခြားနေရာက တစ်ရှုး တစ်ချို့ကို အသုံးပြုပြီး ပျက်စီးသွားတဲနေရာတွေကို ပြန်လည်တည်ဆောက်ပြုပြင်ခြင်း ခွဲစိတ်မှုကို လုပ်ဆောင်နိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။

နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?

ကိုယ်ကျန်းမာရေး ထိခိုက်မှုတွေ၊ ဆိုးကျိုးတွေ ကိုကောင်းမွန်လာအောင် လုပ်ဆောင်ခြင်း။

ဒီလို နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာကို ကုသမှုကြောင့် ခန္ဓါကိုယ်မှာ ဖြစ်သွားနိုင်တဲ့ အဖြစ်များတဲ့ဆိုးကျိုးတွေကို အပေါ်က ကုသခြင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အဲလို ဆိုးကျိုးတွေကို ကာကွယ်ဖို့နဲ့ ထိန်းချုပ်ဖို့ နည်းလမ်းတွေနဲ့ အတူ ဒီကင်ဆာရဲ့ ဆိုးကျိုးတွေကိုပါ ဆက်လက်လေ့လာကြည့်ကြပါစို့။ သင့်ရဲ့ ကိုယ်ခန္ဓါကျန်းမာရေး ထိခိုက်ပြောင်းလဲသွားခြင်းတွေက အချက်အတော်များများအပေါ်နေမူတည်ပါတယ်။

အဲဒီအချက်တွေကတော့ ကင်ဆာရဲ့ အဆင့်၊ ကုသမှု ရဲ့ ကာလ ကြာချိန်နဲ့ ပမာဏ၊ သင့်ရဲ့ နဂို ကျန်းမာရေးအခြေအနေ စတာတွေပဲဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ ကုသမှုပြီးဆုံးသွားတာတောင်မှပဲ ဆိုးကျိုးတွေက ကျန်ရှိနေနိုင်ပါသေးတယ်။ ဆရာဝန်တွေက အဲဒါတွေကို နာတာရှည် ဆိုးကျိုးများလို့ခေါ်ပါတယ်။ ကုသမှုပြီးသွားပြီးနောက် လပေါင်းများစွာ၊ နှစ်များစွာကြာမှ ဖြစ်တဲ့ ဆိုးကျိုးတွေကိုတော့ နောက်ကျမှ ဖြစ်တဲ့ဆိုးကျိုးတွေလို့ခေါ်ပါတယ်။

ဒီလို နောက်ကျမှ ဖြစ်တဲ့ဆိုးကျိုးတွေကိုရော၊ နာတာရှည်ဖြစ်တဲ့ ဆိုးကျိုးတွေကိုရော ကုသခြင်းဟာ အသက်ရှင်ဖို့ အတွက် အရေးကြီးတဲ့စောင့်ရှောက်မှု ဖြစ်ပါတယ်။ ပိုပြီးသိလာအောင် ဒီလမ်းညွှန်မှုမှာ ပါဝင်တဲ့ “ရောဂါကုသပြီးနောက်စောင့်ရှောက်စစ်ဆေးပေးတဲ့ အပိုင်း” ကို ရှာဖွေဖတ်ရှုနိုင်ပါတယ်။ (သို့) ဆရာဝန်နဲ့တွေ့ဆုံပြီး ဆွေးနွေးနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကောင်းမွန်လာအောင် လုပ်ဆောင်ခြင်း။

သင့်မှာ အထက်ဖော်ပြပါခန္ဓါကိုယ် ပိုင်းဆိုင်ရာ ဆိုးကျိုးထိခိုက်မှုတွေ ဖြစ်လာနိုင်ရုံသာမက ကင်ဆာလို့ ရောဂါအမည်သတ်မှတ်ပြီးတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

စိတ်လှုပ်ရှားခြင်း(သို့) စိတ်တိုခြင်း၊ ဒေါသထွက်ခြင်းစတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အခက်အခဲတွေ၊ သင့် စိတ်ဖိစည်းမှုကို ထိန်းချုပ်ရာမှာ အခက်အခဲလေးတွ နဲ့ရင်ဆိုင်ရနိုင်ပါတယ်။

တစ်ခါတစ်လေမှာ လူနာတွေဟာ သူတို့ ချစ်တဲ့သူတွေကို သူတို့ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုဖော်ပြရမယ်ဆိုတာ အတွက် အခက်အခဲဖြစ်နေနိုင်ပြီး တစ်ခါတစ်လေမှာ သူများပြောတာ တစ်ခုခုကို ဘာပြန်ပြောရမယ်ဆိုတာ နဲ့ ပတ်သတ်ပြီး ပြသနာတွေ ဖြစ်နေတတ်ကြပါတယ်။

လူနာနဲ့ သူ့မိသားစုတွေကို သူတို့ရဲ့ ခံစားချက်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အသင်းဝင် တစ်ယောက်ယောက်နဲ့ မျှဝေပေးဖို့ အားပေးရပါမယ်။ ဒီ website( ဝဘ်ဆိုဒ်) ရဲ့ အခြားခေါင်းစဉ် တစ်ခု အနေနဲ့ ဒီလို ကင်ဆာ ရောဂါ ကုသမှုတွေကြောင့် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို ဘယ်လို အချက်တွေနဲ့ ကောင်းလာအောင် လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်တွေကို ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ အဲဒီမှာ သင်လိုအပ်တာတွေအတွက် အချက်အလက်တွေနဲ့ အထောက်အပံ့ပေးနိုင်တဲ့ အချက်တွေ အများကြီးပါဝင်ပါတယ်။

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nasal Cancer. https://medlineplus.gov/nasalcancer.html. Accessed 2 Mar, 2017.
Sinonasal Tumors. http://my.clevelandclinic.org/services/head-neck/diseases-conditions/sinonasal-tumors. Accessed 2 Mar, 2017.
Nasal Cavity and Paranasal Sinus Cancer Guide. http://www.cancer.net/cancer-types/nasal-cavity-and-paranasal-sinus-cancer/introduction. Accessed 2 Mar, 2017.

ယခုပုံစံ

14/07/2022

Khine Phoo Ngon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement