brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုသိရှိနိုင်မလဲ

သားအိမ်ခေါင်းကင်ဆာဟာ သားအိမ်ခေါင်းပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရှိနေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းဟာ သားအိမ်ရဲ့ အောက်ဖက်ပိုင်းမှာ ရှိပြီး မိန်းမကိုယ်နဲ့ ဆက်ထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို စောစီးစွာ သိရှိမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာကို အောင်မြင်စွာ ကုသနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုသိရှိနိုင်မလဲ

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားရခြင်း အကြောင်းရင်း

သားအိမ်ခေါင်းကင်ဆာဟာ လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုးဖြစ်တဲ့ human papillomavirus (HPV) ကြောင့် ဖြစ်ပွားတာပဲဖြစ်ပါတယ်။ ဒီပိုးရှိသူနဲ့ လိင်ဆက်ဆံခဲ့ရင် သင့်မှာ ကူးစက်ခံရနိုင်ပါတယ်။ HPV ပိုး အမျိုးမျိုးရှိပြီး အကုန်က သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားစေခြင်း မရှိပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေဟာ Pap test ကို ပုံမှန်လုပ်သင့်ပြီး Pap test ဟာ ဆဲလ်တွေ ကင်ဆာအဖြစ် ပြောင်းလဲခြင်း မဖြစ်ခင် ပြောင်းလဲမှုတွေကို ကြိုတင်တွေ့ရှိနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာများ

Pap test ဟာ သားအိမ်ခေါင်းရဲ့ ဆဲလ်ပြောင်းလဲမှု အကုန်ကို သိရှိနိုင်ခြင်း မရှိပါဘူး။ တကယ်လို့ အဖြေက ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်က ကင်ဆာမဖြစ်ခင် အခြေအနေနဲ့ ကင်ဆာဆဲလ်တွေကို ရှာဖွေဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။

Pap test ဟာ ရောဂါအမည်တပ်နိုင်တဲ့ စစ်ဆေးမှု တစ်ခု မဟုတ်တာကြောင့် သင့်မှာ ရောဂါ ရှိမရှိကို တပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမယ့် စစ်ဆေးမှုမှာ ပုံမမှန်မှုတွေ တွေ့တယ်ဆိုရင် ပိုပြီး တိကျတဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုအပ်ပါသေးတယ်။ တခါတရံမှာ ကင်ဆာ (သို့) ကင်ဆာ မဖြစ်ခင်အခြေအနေလားဆိုတာ သိရဖို့ စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုတွေကတော့ မှန်ပြောင်းကြည့်ခြင်းနဲ့ အသားစယူခြင်း၊ Endocervical scraping နဲ့ cone biopsy ယူခြင်း တို့ပဲဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း နည်းလမ်းများ

Colposcopy

သင့်မှာ ကင်ဆာရောဂါလက္ခဏာတွေရှိနေရင် (သို့) Pap test ဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေပြနေရင် Colposcopy ပြုလုပ်နိုင်ပါတယ်။ သင်ဟာ စမ်းသပ်ကုတင်ပေါ်မှာ တင်ပါးဆုံစမ်းသပ်မှု ပြုလုပ်ရသလိုမျိုး လှဲနေရမှာဖြစ်ပါတယ်။ မိန်းမကိုယ်အတွင်း speculum ထည့်ပြီး သားအိမ်ခေါင်းကို ကြည့်ရှုမှာ ဖြ်ပါတယ်။ ဆရာဝန်ဟာ သားအိမ်ခေါင်းကို colposcope လို့ ခေါ်တဲ့ ကိရိယာတစ်ခုနဲ့ ကြည့်ရှုမှာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီလာစဉ်မှာတော့ ဒီစစ်ဆေးမှုကို မပြုလုပ်သင့်ပါဘူး။

သားအိမ်ခေါင်း အသားစယူခြင်း

သားအိမ်ခေါင်း အသားစယူခြင်း အများကြီးရှိပြီး ကင်ဆာမဖြစ်ခင် အခြေအနေနဲ့ ကင်ဆာ တို့ကို အတည်ပြုပေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ လူနာတွေဟာ နာကျင်ခြင်းနဲ့ သွေးအနည်းငယ်ဆင်းခြင်းကို ခံစားရနိုင်ပါတယ်။

Colposcopic biopsy

ဒီ biopsy မျိုးမှာတော့ သားအိမ်ခေါင်းကို colposcope နဲ့ ကြည့်ပြီး ပုံမှန်မဟုတ်တဲ့ နေရာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကို အသားစမယူခင် ထုံဆေးပေးမှာ ဖြစ်ပါတယ်။ Biopsy forceps ကို အသုံးပြုပြီး ပုံမှန်မဟုတ်တဲ့ အစိတ်အပိုင်းအချို့ကို ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။

Endocervical curettage

ဆရာဝန်ဟာ ကျဉ်းမြောင်းတဲ့ ကိရိယာတစ်ခုကို endocervical canal ထဲကို ထည့်ပြီး တစ်ရှူးအချို့ကို အသာအယာခြစ်ယူတာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ တစ်ရှူးတွေကို ဓာတ်ခွဲခန်းကို စစ်ဆေးဖို့ ပို့ပေးမှာ ဖြစ်ပါတယ်။

Cone biopsy

Conisation လို့ ခေါ်ပြီး ဆရာဝန်ဟာ သားအိမ်ခေါင်းကနေ တစ်ရှူးကို ကတော့ပုံစံ ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။ သူဟာ တခါတရံမှာ ကင်ဆာ ဖြစ်နိုင်တဲ့ ဆဲလ်တွေနဲ့ အလွန်စောတဲ့ကင်ဆာဆဲလ်တွေကို အကုန် ဖယ်ထုတ်နိုင်တာကြောင့် ကုသမှု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

Cone biopsy ရဲ့ အခြားနည်းလမ်းတွေကတော့ the loop excision electrosurgical procedure (the large loop excision of the transformation zone) နဲ့ the cold knife cone biopsy တို့ပဲဖြစ်ပါတယ်။ စစ်ဆေးမှုနှစ်ခုလုံးအတွက် အသားစယူပြီးချိန်မှာ ရက်သတ္တပတ်အနည်းငယ် သွေးဆင်းခြင်းကို ခံစားရနိုင်ပါတယ်။

ခြုံပြောရရင်တော့ သင်ဟာ အသက် ၂၆ နှစ်အောက်ဆိုရင် HPV ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ၂၆နှစ်အထက်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။ HPV ကာကွယ်ဆေးဟာ သားအိမ်ခေါင်းကင်ဆာ အများစုကို ဖြစ်စေတဲ့ HPV အမျိုးအစားအများအပြားကို ကာကွယ်ပေးနိုင်ပါတယ်။

ရေးသားသူ- Dr Phyu Mon Latt

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/10/2022 ဖြစ်ပါသည်။