brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Cervarix

သားအိမ်ခေါင်းကင်ဆာ အကြောင်း ညီမငယ်တို့ ကြားဖူးကြမှာပေါ့။ မိန်းကလေးတွေအတွက် သိပ်ကို အဖြစ်များပြီး အန္တရာယ်များတဲ့ ဒီရောဂါကို ကြိုတင် ကာကွယ်လို့ ရတယ်ဆိုတာရော သိထားပြီးပြီလား။ ဒီအကြောင်းကို ပြောပြချင်လို့ Cervarix ကာကွယ်ဆေးကို ဥပမာပေး ရှင်းပြသွားပါမယ်နော်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Cervarix

Cervarix

Cervarix ဆိုတာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်အမျိုးအစားတွေ ဖြစ်တဲ့ HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၆ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။

HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုကတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာ သားအိမ်ခေါင်းကင်ဆာ မဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေ ရှိနိုင်ပါသေးတယ်။

Human papillomavirus (HPV) ဗိုင်းရပ်စ်က လိင်အင်္ဂါကြွက်နို့အပြင် သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊ အပြင်ယောနိမှာ ဖြစ်တဲ့ ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

Cervarix ကို ဘာအတွက် အသုံးပြုကြသလဲ

Cervarixကို HPVကူးစက်မှု မရှိသေးတဲ့ သူတွေမှာ ထိုးပါတယ်။ တကယ်လို့ မသေချာရင် HPV စစ်ဆေးမှု သို့မဟုတ် Pap Test (သားအိမ်ခေါင်းချွဲမြှေးယူစစ်ဆေးမှု) တို့လုပ်ဆောင်ပြီး ရောဂါပိုးကူးစက်ခံခြင်း မရှိရင် Cervarix ကို ထိုးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးက HPVကြောင့်ဖြစ်တဲ့ တခြားကင်ဆာရောဂါတွေကို မကုသနိုင် သလို HPV ကူးစက်ခံရပြီးသူတွေကိုလည်း ကုသနိုင်မှာမဟုတ်ပါဘူး။

Cervarix ကHPV အမျိုးအစား 16 နဲ့ 18 တို့ကြောင့်ဖြစ်တဲ့ ရောဂါတွေကိုပဲ ကာကွယ်နိုင်တာဖြစ်ပြီး တခြား HPVတွေကို မကာကွယ်နိုင်ပါဘူး။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးသင့်သလဲ၊ ဘယ်အချိန်မှာလဲ

HPV ကာကွယ်ဆေးကို ထိုးသင့်တယ်လို့ အကြံပြုကြတဲ့အသက်အရွယ်ကတော့ အသက် ၁၁ နှစ်- ၁၂နှစ်အရွယ် မိန်းကလေးတွေဖြစ်ပါတယ်။ အသက် ၉နှစ်ကစပြီးလည်း ထိုးနိုင်ပါတယ်။

ဒီအသက်အရွယ်ပိုင်းမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်ရတဲ့အကြောင်းရင်းကတော့ လိင်ဆက်မှုမရှိခင် ကာကွယ်ဆေးထိုးပေးဖို့ လိုတာကြောင့်ပါ။

မိန်းကလေးငယ်တစ်ယောက် သို့မဟုတ် အမျိုးသမီးတစ်ယောက်မှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရပြီးသားဖြစ်နေရင် ကာကွယ်ဆေးက သိပ်ပြီးအကျိုးထူးမှာမဟုတ်လို့ဖြစ်ပါတယ်။

ငယ်ငယ်တုန်းက မထိုးခဲ့ရတဲ့သူတွေ အနေနဲ့လည်း အသက် ၁၃ နှစ်နဲ့ ၂၆ နှစ်အတွင်း မိန်းကလေးတွေ ကာကွယ်ဆေးထိုးလို့ရသေးတယ်လို့ သိရပါတယ်။

HPV ကာကွယ်ဆေးထိုးတဲ့အခါ အဆင့် ၃ ဆင့်ရှိပါတယ် –

  • ပထမအကြိမ်
  • ဒုတိယအကြိမ် (ပထမဆေးထိုးပြီး ၁လ သို့မဟုတ် ၂လအကြာ)
  • တတိယအကြိမ် (ပထမဆေးထိုးပြီး ၆ လအကြာ)

HPV ကာကွယ်ဆေးထိုးတဲ့ အချိန်မှာ တခြားကာကွယ်ဆေးတွေလည်းထိုးနိုင်ပါတယ်။

HPV ကာကွယ်ဆေးကို မထိုးသင့်တဲ့လူတွေ သို့မဟုတ် ဆေးထိုးဖို့ အချိန်စောင့်ဆိုင်းသင့်တဲ့သူတွေကတော့

  • HPV ကာကွယ်ဆေးရဲ့ ပါဝင်ပစ္စည်းတစ်ခုခုနဲ့ အသက်အန္တရာယ်ရှိလောက်အောင် ဓာတ်မတည့်မှု ဖြစ်ခဲ့ဖူးသူတွေ ဒါမှမဟုတ် HPV ကာကွယ်ဆေးထိုးခဲ့စဉ်က ဓာတ်မတည့်မှု ပြင်းထန်ခဲ့သူတွေ (latex ဓာတ်မတည့်မှုအပါအဝင် ကိုယ့်မှာ ပြင်းထန်တဲ့ ဓာတ်မတည့်မှု တစ်ခုခု ရှိရင် ဆရာဝန်ကိုပြောပြပါ)
  • ဒီ ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ထိုးလို့ မရပါဘူး။
  • ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားချိန်မှာ အနည်းငယ် နေမကောင်းဖြစ်နေတဲ့သူတွေလည်း ဆေးထိုးလို့ ရနိုင်ပါတယ်။ တော်တော်လေး နေမကောင်းသူ၊ပြင်းထန်သူတွေကတော့ နေကောင်းလာတဲ့အထိ စောင့်သင့်ပါတယ်။

ကာကွယ်ဆေး ထိုးတဲ့အခါ

ဒီ Cervarix ဆေးကို လက်မောင်း ကြွက်သားမှာ ထိုးပေးတာဖြစ်ပြီး သုံးကြိမ် ထိုးရပါတယ်။ ပထမအကြိမ်ကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ဘယ်အချိန်မှာ ထိုးခဲ့ပါစေ၊ ထိုးပြီး ၁ လအကြာမှာ ဒုတိယအကြိမ် ထပ်ထိုး ရပါတယ်။ ပထမဆေး ထိုးပြီး ၆ လအကြာမှာတော့ နောက်ဆုံး တစ်ကြိမ် ဆေးထိုးရတာ ဖြစ်ပါတယ်။ ၂၆နှစ်အထက်တွေကတော့ ဆေးထိုးမယ်ဆိုရင် အာနိသင်ရနိုင် မရနိုင်ကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒီ အဆင့် အတိုင်း မပျက်မကွက် ဆေးထိုးဖို့တော့ လိုပါတယ်။ မဟုတ်ရင် ရောဂါ ကာကွယ်နိုင်စွမ်း အပြည့်အဝ မရရှိနိုင်ပါဘူး။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Yun Sandi Nan Mon · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။