backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း)


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း) ကဘာလဲ။

ကျောရိုးအာရုံကြောမကြီးရှိရာ အခေါင်းပေါက် သို့မဟုတ် ကျောရိုးတွေကြားမှာ အကျိတ်ဖြစ်ခြင်း ဖြစ်ပါတယ်။ ကင်ဆာကျိတ်ရော ကင်ဆာမဟုတ်သောအကျိတ်ပါ ဖြစ်နိုင်ပါတယ်။ ကျောရိုးဆစ်မှာ ဖြစ်တဲ့အကျိတ်ကို ကျောရိုးဆစ်ကျိတ်လို့ခေါ်ပြီး အာရုံကျောမကြီးမှာ ဖြစ်တဲ့အကျိတ်ကို အာရုံကြောကျိတ်လို့ ခေါ်ပါတယ်။ အာရုံကြောမှာ ဖြစ်လေ့ရှိတဲ့ အဓိက အကျိတ်နှစ်မျိုးကတော့

  • အာရုံကြောအတွင်း ဆဲလ်များမှဖြစ်လာတဲ့ astrocytoma, ependymoma ကဲ့သို့ အကျိတ်များ
  • အာရုံကြောမကြီးကို ထောက်ပံ့ပေးတဲ့ ဆဲလ်ကွန်ယက်မှဖြစ်လာသော အကျိတ်များ။ အာရုံကြောအတွင်း ဆဲလ်များမှဖြစ်လာတာ မဟုတ်ပေမယ့် အာရုံကြောကို ဖိမိခြင်းနဲ့ အခြားပြဿနာများ ဖြစ်စေပါတယ်။ ဥပမာ schwannoma, meningioma, neurofibroma

ခန္ဓါကိုယ်အခြားနေရာများမှ အကျိတ်တွေဟာ ကျောရိုးဆစ်များ၊ အာရုံကြောမကြီးကို ထောက်ပံ့ပေးတဲ့ ဆဲလ်ကွန်ယက်နဲ့ ရှားရှားပါးပါး အာရုံကြောမဆီကိုပါ ပြန့်နှံ့လာတတ်ပါတယ်။

လက္ခဏာများ

Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အာရုံကြောမကြီးရဲ့ အတွင်းဘက်က အကျိတ်များဟာ သိသာတဲ့ လက္ခဏာများပြတတ်ပြီး အာရုံကြောအပြင်ဘက်က အကျိတ်များဟာ လက္ဓဏာများပေါ်မလာခင်ကတည်းက ရှိနေတတ်ပါတယ်။ ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ခါးနာခြင်း
  • ခြေ၊လက်များအေးခြင်း
  • ဆီး၊ဝမ်း မနိုင်ခြင်း
  • နာကျင်မှု၊ အပူနဲ့ အအေးကို ခံစားနိုင်စွမ်းလျော့ကျလာခြင်း
  • အထူးသဖြင့် ခြေထောက်များမှာ အာရုံခံနိုင်စွမ်း လျော့ကျလာခြင်း
  • ကြွက်သားများအားနည်းပြီး လမ်းလျှောက်ရ ခက်ခဲခြင်း
  • ကြွက်သားများတောင့်တင်းခြင်း တို့ဖြစ်ပါတယ်။

ခါးနာခြင်းဟာ ကင်ဆာနဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်များရဲ့ အဖြစ်များတဲ့ အစောပိုင်းလက္ခဏာ တစ်ခုဖြစ်ပါတယ်။ နာကျင်မှုဟာ နောက်ကျောကနေ တင်ပါး၊ ခြေထောက်၊ ခြေဖဝါး၊ လက်မောင်းတွေအထိ ပြန့်သွားနိုင်ပြီး ကုသနေလျက်နဲ့ ပိုဆိုးလာနိုင်ပါတယ်။

အာရုံကြောမအကျိတ်ဟာ ကြီးထွားနှုန်းအမျိုးမျိုးရှိပါတယ်။ ယေဘူယျအားဖြင့် ကင်ဆာအကျိတ်တွေဟာ ကြီးထွားနှုန်းပိုမြန်ပြီး ကင်ဆာမဟုတ်တဲ့ အကျိတ်တွေမှာ အလွန်နှေးကွေးပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ခါးနာစေတဲ့ အကြောင်းအရင်းအများကြီး ရှိပြီး အများစုက ကင်ဆာကြောင့်မဟုတ်ပါဘူး။ သို့ပေမယ့် ရောဂါကို စောစောသိပြီးကုသနိုင်ဖို့ အရေးကြီးတဲ့အတွက် သင်ခါးနာနေပြီး

  • မပျောက်သွားဘဲ ပိုနာလာလျှင်
  • လှုပ်ရှားမှုနှင့် မပတ်သတ်လျှင်
  • ညဘက်မှာ ပိုနာလျှင်
  • သင့်မှာ ကင်ဆာရောဂါဖြစ်ဖူးပြီး လတ်တလောမှခါးနာလာလျှင် ဆရာဝန်နဲ့ပြသင့်ပါတယ်။
  • သင့်မှာ အောက်ပါအတိုင်း ကြုံတွေ့ရလျှင်တော့ ချက်ခြင်းဆေးကုသမှု ခံယူသင့်ပါတယ်။

    • ခြေလက်များတွင် ကြွက်သားအားနည်းခြင်း၊ ထုံကျင်ခြင်း
    • ဆီး၊ဝမ်း မမှန်ခြင်း

    သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    အာရုံကြောအကျိတ်အများစု ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ကျွမ်းကျင်သူပညာရှင်များက မျိုးဗီဇချွတ်ယွင်းမှုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ သို့ပေမယ့် ဒီမျိုးဗီဇချွတ်ယွင်းမှုဟာ မျိုးရိုးလိုက်သလား၊ အလိုလိုဖြစ်လာသလား၊ ပတ်ဝန်းကျင်က ဓါတုပစ္စည်းတစ်ခုခုနဲ့ ထိတွေ့မိခြင်းကြောင့်လားဆိုတာ မသိကြသေးပါ။ အချို့လူနာများမှာတော့ မျိုးရိုးလိုက်တဲ့ ရောဂါစုများဖြစ်တဲ့ neurofibromatosis 2, von Hipple-Lindau disease တို့နဲ့ တွဲတတ်ပါတယ်။

    ဖြစ်နိုင်ခြေများ

    Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • neurofibromatosis 2, မျိုးရိုးလိုက်တဲ့ ဒီရောဂါမှာ ကင်ဆာမဟုတ်တဲ့အကျိတ်တွေဟာ အကြားအာရုံကြောနားမှာ ဖြစ်ပွားပြီး နားတစ်ဘက် သို့မဟုတ် နှစ်ဘက်လုံးမှာ တဖြည်းဖြည်း အကြားအာရုံကို ဆုံးရှုံးစေပါတယ်။ ဒီရောဂါရှိသူအချို့မှာ အာရုံကြောမအကျိတ်များလည်း ဖြစ်နိုင်ပြီး အကျိတ်အမျိုးအစားအများအပြား မတူဘဲလည်း ဖြစ်နိုင်ပါတယ်။
    • von Hipple-Lindau disease၊ ရှားပါးပြီး ခန္ဓါကိုယ်နေရာအများအပြားမှာ ထိခိုက်တတ်တဲ့ ရောဂါဖြစ်ပြီး ဦးနှောက်၊ မြင်လွှာနဲ့ ကျောရိုးအာရုံကြောမမှာ ကင်ဆာမဟုတ်တဲ့သွေးကြောအကျိတ်နဲ့ ကျောက်ကပ်နဲ့ ကျောက်ကပ်အနားကဂလင်းတွေမှာ အခြားအမျိုးအစားအကျိတ်များ ဖြစ်တတ်ပါတယ်။
    • ယခင်က ကင်ဆာဖြစ်ဖူးခြင်း။ ဘယ်ကင်ဆာမျိုးမဆို ကျောရိုးတလျှောက် ပြန့်ပွားနိုင်သော်လည်း အများဆုံး ဖြစ်နိုင်ခြေရှိတာကတော့ ရင်သား၊ အဆုတ်၊ ဆီးကျိတ်နဲ့ ရိုးတွင်းခြင်ဆီကင်ဆာတို့ ဖြစ်ပါတယ်။

    အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ အာရုံကြောမအကျိတ် မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဦးနှောက်နှင့် အာရုံကြောအကျိတ်များကို သိရှိရန် ပထမဆုံးအဆင့်ကတော့ အာရုံကြောစနစ် စမ်းသပ်ခြင်းဖြစ်ပါတယ်။ အထူးပုံရိပ်ဖော် စစ်ဆေးမှုများဖြစ်တဲ့ CT, MRI, PET scan များလည်း ပြုလုပ်ပါတယ်။

    ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းတာခြင်း၊ ကျောရိုးတွင်းရှိ အရည်ကို ဓါတ်ခွဲစစ်ဆေးခြင်းတို့လည်း ပြုလုပ်နိုင်ပါတယ်။ အကျိတ်ရှိတဲ့နေရာမှ နမူနာအသားစကို ခွဲစိတ်ထုတ်ယူပြီး အကျိတ်အမျိုးအစားကို ဆရာဝန်က အတည်ပြုနိုင်ပါတယ်။

    Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    • ခွဲစိတ်ကုသခြင်း

    အာရုံကြောမကြီးမှလာသော ကင်ဆာနှင့် ကင်ဆာမဟုတ်သောအကျိတ်များကို ခွဲစိတ်ဖို့ ပိုမိုတိုက်တွန်းလာကြပေမယ့် ကျောရိုးကို ပြန့်လာတဲ့ကင်ဆာအကျိတ်ကို ခွဲစိတ်သင့်မသင့်ကိုတော့ ဒွိဟဖြစ်နေကြပါတယ်။

    ပုံရိပ်ဖော်နည်းပညာများတိုးတက်လာမှုအပြင် အသံလွန်လှိုင်း၊ လေဆာကဲ့သို့ ခွဲစိတ်ကိရိယာသစ်များ၊ နည်းလမ်းသစ်များ ပေါ်ပေါက်လာခြင်းကြောင့် ခွဲစိတ်ကုသခြင်းကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြပါတယ်။

    အာရုံကြောမကြီးကို အခြားနေရာက ကင်ဆာပြန့်လာပြီး ဖိမိနေတဲ့အခါ ဦးနှောက်နဲ့အာရုံကြောခွဲစိတ်ဆရာဝန်များက လူနာတွေမှာ ဖိအားနဲ့ နာကျင်မှုသက်သာစေဖို့၊ ကျောရိုးတည်ငြိမ်စေဖို့/ပြန်လည်တည်ဆောက်ဖို့၊ လှုပ်ရှားနိုင်စေဖို့ ဆီးဝမ်းသွားနိုင်စေဖို့နဲ့ နေထိုင်ရအဆင်အပြေဆုံးဖြစ်အောင် ခွဲစိတ်ကုသပေးကြပါတယ်။ အချို့ဆရာဝန်များကတော့ ပြန့်လာတဲ့အကျိတ်တစ်ခုတည်းရှိပြီး အခြားနေရာတွေမှာ အကျိတ်ရှိမနေမှ ခွဲစိတ်သင့်ကြောင်း အကြံပြုကြပါတယ်။

  • ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း
  • အာရုံကြောမကြီးမှလာသော အကျိတ်ရှိသည့် လူနာအများစုဟာ ဓါတ်ရောင်ခြည်ပြဖို့ မလိုပါ။ အခြားနေရာတွေက ပြန့်လာသောအကျိတ်က အာရုံကြောမကြီးကို ဖိမိနေတဲ့အခါမျိုးမှာ ကုသဖို့ သုံးပါတယ်။ အခြားဓါတ်ရောင်ခြည်ကုသမှု လိုအပ်သူများကတော့ အာရုံကြောမကြီးမှ ဖြစ်တဲ့ကင်ဆာနဲ့ ရှားရှားပါးပါး ခွဲစိတ်ပြီးအကုန်ဖယ်ထုတ်လို့မရနိုင်တဲ့ အကျိတ်ရှိသူများ ဖြစ်ပါတယ်။

    အာရုံကြောမကြီးဟာ ဦးနှောက်ထက်တောင် ဓါတ်ရောင်ခြည်ကို တုန့်ပြန်မှု ပိုကောင်းပါတယ်။ ကင်ဆာအထူးကု ဓါတ်ရောင်ခြည်ပညာရှင်များဟာ ပုံမှန်အာရုံကြောတစ်သျှူးများကို ဓါတ်ရောင်ခြည်ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင် အထူးအလေးထားဆောင်ရွက်ကြပါတယ်။ ထိုသို့ ထိခိုက်မှုကြောင့် ကုသမရတဲ့ ပျက်စီးမှု ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ရင်ဘတ်ပိုင်းကျောရိုးအဆစ်များမှာ အာရုံကြောမကြီးရှိ အကျိတ်များအားလုံးရဲ့ တစ်ဝက်လောက်ဖြစ်ပွားလေ့ရှိပြီး ဓါတ်ရောင်ခြည်ကို တုန့်ပြန်မှုအကောင်းဆုံး ဖြစ်ပါတယ်။

    CyberKnife လို့ခေါ်တဲ့ ဓါတ်ရောင်ခြည်ခွဲစိတ် ကိရိယာသစ်တစ်မျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဒါဟာ မနာကျင်စေဘဲ အပေါ်ယံကနေအကျိတ်နေရာကို တိကျစွာပစ်မှတ်ထားပြီး စွမ်းအားမြင့်ဓါတ်ရောင်ခြည်နဲ့ ဖျက်ဆီးနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ခွဲစိတ်မှုဟာ အကျိတ်ပတ်လည်က ကျန်းမာတဲ့တစ်သျှူးတွေကို ဓါတ်ရောင်ခြည်ထိနိုင်ခြေ အနည်းဆုံးအထိ လျှော့ချပေးနိုင်ပါတယ်။

    CyberKnife ဟာ စက်ရုပ်လက်တံကိုသုံးပြီး ပစ်မှတ်အတိအကျနေရာကို ဓါတ်ရောင်ခြည်ပေးနိုင်ပါတယ်။ စက်ရုပ်လက်တံရဲ့ ကွေးဆန့်နိုင်မှုကြောင့် အခြားဓါတ်ရောင်ခြည်ခွဲစိတ်မှုများနဲ့ မကုသနိုင်တဲ့ ကျောရိုးနဲ့အာရုံကြောမကြီးလို နေရာများကို ကုသနိုင်စေတာ ဖြစ်ပါတယ်။

    • ကင်ဆာဆေးသွင်းကုသခြင်း

    ဦးနှောက်အကျိတ်များမှာကဲ့သို့ ကင်ဆာဆေးသွင်းကုသခြင်းကို ခွဲစိတ်မှုနဲ့ ဓါတ်ရောင်ခြည်ပြအပြီး ဆက်လက်ကြီးထွားနေတဲ့ ကျောရိုးမကြီးမှ glioma အကျိတ်များမှာ သုံးနိုင်ပါတယ်။ ကင်ဆာဆဲလ်ကိုသတ်သော ဆေးများပေးပြီးကုသခြင်း ဖြစ်ပါတယ်။ ဆရာဝန်က ဆေးတစ်မျိုး သို့မဟုတ် ဆေးများကို သောက်ဆေး/ထိုးဆေး/အကြောဆေး အနေနဲ့ ပေးနိုင်ပါတယ်။ ဦနှောက်နဲ့ကျောရိုးထဲမှာ လှည့်လည်နေတဲ့ အရည်ထဲကို ဆေးသွင်းခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။

    ဆေးသွင်းကုသခြင်းကို သွင်းလိုက်နားလိုက် ဆေးပတ်များခွဲပြီး ပေးရပါတယ်။ လူနာများက ကုသခံဖို့ ဆေးရုံတက်နေရန် မလိုပါ။ ဆေးအများစုကို ဆေးခန်းမှာတင် ပေးနိုင်ပါတယ်။ သို့ပေမယ့် သုံးတဲ့ဆေးမျိုးအစား၊ ဆေးပေးတဲ့နည်းလမ်း၊ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆေးရုံမှာ ခဏတဖြုတ်နေဖို့ လိုကောင်းလိုနိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

    • အခြားဆေးကုသနည်းများ

    ဒီနည်းလမ်းတွေဟာ ကင်ဆာပျောက်ကြောင်း သက်သေမပြနိုင်ပေမယ့် ဝေဒနာခံစားရ သက်သာစေနိုင်ပါတယ်။

    ဥပမာ အပ်စိုက်ကုထုံး။ အပ်စိုက်ဆရာက အပ်သေးသေးလေးတွေနဲ့ သင့်အရေပြား အချို့နေရာတွေကို ထိုးပါမယ်။ သုတေသနပြုလုပ်ချက်များအရ အပ်စိုက်ကုထုံးဟာ ပျို့အန်ခြင်းကို သက်သာစေကြောင်း တွေ့ရှိရပါတယ်။ ကင်ဆာလူနာတွေအတွက် အချို့နာကျင်ခြင်းများကိုလည်း သက်သာစေပါတယ်။ သင်အသုံးပြုဖို့ စဉ်းစားနေတဲ့ အခြားဆေးနည်းရဲ့ အကျိုးနဲ့ အပြစ်ကို သင့်ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပါ။ အချို့ တိုင်းရင်းဆေးရွက်တွေဟာ သင်သောက်နေတဲ့ဆေးတွေကို အနှောက်အယှက်ပေးနိုင်ပါတယ်။

    • ရောဂါကို ရင်ဆိုင်ခြင်းနှင့် အကူအညီယူခြင်း

    သင့်အာရုံကြောမကြီးမှာ အကျိတ်ရှိကြောင်းသိရတာ စိတ်မချမ်းသာစရာပါ။ သို့ပေမယ့် ဒီရောဂါကို ရင်ဆိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။

    • သင့်အကျိတ် အမျိုးအစားနဲ့ ပတ်သတ်လို့ တတ်နိုင်သမျှ သိအောင်လုပ်ပါ။ သင်သိချင်တဲ့ မေးခွန်းတွေကို ချရေးထားပြီး ဆရာဝန်နဲ့တွေ့လျှင် မေးဖို့ ယူသွားပါ။ ဆရာဝန်ရဲ့ အဖြေကို ရေးမှတ်ဖို့ မိသားစု/မိတ်ဆွေ တစ်ယောက်ကို ခေါ်လာပါ။

    သင်နဲ့ သင့်မိသားစုက ရောဂါစောင့်ရှောက်မှုအကြောင်း ပိုနားလည်လေ ကုသမှုနည်းလမ်းရွေးချယ်တဲ့အခါ ယုံကြည်မှုပိုရှိလေ ဖြစ်ပါတယ်။

    • အကူအညီရယူပါ။ သင့်ခံစားချက်များ ပူပန်မှုများကို မျှဝေခံစားပေးမည့်လူ ရှာပါ။ ကောင်းစွာ နားထောင်ပေးနိုင်မယ့် ရင်းနှီးသောမိတ်ဆွေ/ မိသားစုဝင်တစ်ဦး ရှိရပါမယ်။ ဘုန်းတော်ကြီး၊ နှစ်သိမ့်ဆွေးနွေးသူများနဲ့လည်း ပြောနိုင်ပါတယ်။

    ဒီရောဂါရှိတဲ့ အခြားသူများမှာလည်း သူမတူတဲ့ တွေးခေါ်ပုံသဘောထားတွေ ရှိနေပါလိမ့်မယ်။ သင့်အနီးအနားက ကူညီရေးအဖွဲ့အကြောင်း ဆရာဝန်ထံ စုံစမ်းပါ။ Spinal cord tumor association ကဲ့သို့ online မှ ဆွေးနွေးသည့် အဖွဲ့များလည်း ရှိပါတယ်။

    • မိမိကိုယ်ကို ဂရုစိုက်ပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက် နှင့် ကောက်နှံများပါဝင်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို ရွေးချယ်ပါ။ ဆရာဝန်ထံမှာ သင်လေ့ကျင့်ခန်းပြန်လုပ်နိုင်ပြီလား စစ်ဆေးကြည့်ပါ။ အနားရအောင် အိပ်ရေး၀၀အိပ်ပါ။

    သီချင်းနားထောင်ခြင်း၊ စာရေးခြင်း စသဖြင့် အနားယူသည့်အလေ့အကျင့်များလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။

    အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. May Myat Hnin Aung မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement