brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အလုပ်ချိန်သိပ်များရင် လေဖြတ်နိုင်ခြေပိုများ

အချိန်ရှိခိုက် လုံ့လစိုက် ပါတဲ့။ ဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အလုပ် ကြိုးစားကြတာ တကယ် အကျိုးရှိ ပါတယ်။ ဒါပေမယ့် ဘယ်အရာမှ အလွန်အကျွံ ဆိုရင် မကောင်းတာကြောင့် ကျန်းမာရေး မှာတော့ အနုတ် လက္ခဏာ မပြအောင် ဂရုစိုက်သင့် ပါတယ်။ အခုပဲ သုတေသနတွေ့ရှိချက်တွေက ပြောနေပါပြီ၊ အလုပ်ချိန်သိပ်များရင် လေဖြတ်နိုင်ခြေပိုများ ပါတယ်လို့။

အလုပ်ချိန်သိပ်များရင် လေဖြတ်နိုင်ခြေပိုများ

အလုပ်ချိန်သိပ်များရင် လေဖြတ်နိုင်ခြေပိုများ

တစ်နှစ်ကို အနည်းဆုံး ရက် ၅၀လောက် တစ်နေ့ကို ၁၀ နာရီကျော် အလုပ်လုပ်ခဲ့တဲ့ သူတွေဟာ လေဖြတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက် ပိုများတယ်လို့ Stroke ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။ ဒီလို နှုန်းနဲ့ အလုပ်လုပ်တာ ၁၀ နှစ် ကျော်ပြီ ဆိုရင်တော့လေဖြတ်အန္တရာယ် ၄၅ ရာခိုင်နှုန်းလောက် ပိုများသွားနိုင် တယ်လို့ သိရပါတယ်။

” ၁၀ နှစ်ကြာ အလုပ်ချိန် များခဲ့တာနဲ့ လေဖြတ် အန္တရာယ် ဆက်နွယ်မှုက အသက် ၅၀ အောက် အရွယ်တွေမှာ ပိုသိသာပါတယ်” လို့ Paris Hospital, Versailles and Angers University မှ သုတေသီ Alexis Descatha က ပြောပါတယ်။

သုတေသနမှာ အသက် ၁၈ နှစ် ကနေ ၆၉ နှစ် အတွင်း ပြင်သစ် လူမျိုး ၁၄၃၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့တာပါ။ အဲဒီအချက်အလက်တွေ ထဲမှာ ပါဝင်သူတွေရဲ့ နှလုံးသွေးကြော ကျန်းမာရေးနဲ့ လေဖြတ်ခြင်း ကျန်းမာရေး ရာဇဝင်၊ ဆေးလိပ် သောက်ခြင်း၊ အလုပ်ချိန်တွေ ပါဝင်ပါတယ်။

အားလုံးထဲမှာမှ လူဦးရေ ၁၂၂၄ ဦးက လေဖြတ် ဝေဒနာ ခံစားခဲ့ရတာ တွေ့ရပါတယ်။ ဒီလေ့လာမှုမှာ အချိန်ပိုင်း အလုပ်သမားတွေ၊ အလုပ်ချိန် မများခင်က လေဖြတ်ဖူးသူတွေ မပါဝင်ပါဘူး။

ဒီလေ့လာမှုက အလုပ်ချိန် များခြင်းနဲ့ နှလုံးသွေးကြော ရောဂါ အန္တရာယ် ဆက်နွှယ်မှုကို The Lancet မှာ ဖော်ပြခဲ့တဲ့ ၂၀၁၅ ခုနှစ်သုတေသန တစ်ခုနဲ့ ကိုက်ညှိပြီး လုပ်ဆောင်ခဲ့တာပါ။ အဲဒီ သုတေသနက အလုပ်ချိန် ကြာရှည်ခြင်း ကနေ ဖြစ်လာတဲ့ စိတ်ဖိစီးမှု အပြင် တခြား ကျန်းမာရေး ပြဿနာတွေ၊ အရက် သောက်သုံးမှု၊ ကိုယ်လက်လှုပ်ရှားမှုတို့ အားလုံးက လေဖြတ် အန္တရာယ် ပိုများစေနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။

” ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က ဝန်ဆောင်မှု ပေးတဲ့သူတွေက အလုပ်ချိန် အကြာကြီးတွေ လုပ်ကြရပြီး လေဖြတ်အန္တရာယ် ပိုများတာ ကိုလည်း ဦးစားပေး သတိပေးချင် ပါတယ်။ ဆရာဝန် တစ်ယောက် အနေနဲ့ အကြံပေးချင်တာက ဘယ်သူမဆို ကိုယ့်အလုပ်ကို ကြိုးစားတာ ကောင်းပေမယ့် စနစ်တကျ အချိန်ဇယား ဆွဲပြီး အလုပ်လုပ်သင့်တယ် ဆိုတာပါပဲ” လို့ Descatha ကပြောပါတယ်။

အလုပ်ထဲမှာပဲ တရားလွန် မြှုပ်နှံပြီး အချိန်တွေ အကုန် ပေးဆပ်ထားတာက ကိုယ့်ကျန်းမာရေးနဲ့ အလဲအလှယ် ပြုလုပ်နေတာပဲ ဆိုတာကို သတိရပါ။ လုပ်သင့်သလောက် လုပ်ပါ၊ သို့သော် စိတ်နဲ့ ခန္ဓာကို အနားယူချိန်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 09/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။