backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အတက်ရောဂါရှိပြီဆိုရင် သတိပြုဖွယ်ရာများ


Dr.Pyae Phyoe Kyaw မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အတက်ရောဂါရှိပြီဆိုရင် သတိပြုဖွယ်ရာများ

“ဝုန်း”

“ဒီမှာ လူတစ်ယောက်တက်နေလို့”

“ခြေမကို ချိုး ခြေမကို ချိုး”

“လျှာကိုက်မိနေပြီ။ သော့ရှိရင်ပေးကြပါ။”

“အားလုံး တစ်ချက်လောက်ဖယ်ပေးကြပါ။ ကျွန်တော်ဆရာဝန်ပါ။ လူနာကိုနည်းနည်း ခုံနဲ့လွတ်တဲ့နေရာရွှေ့ပြီး ဘေးစောင်းလေးထားပေးပါ။ ခုနပြောတဲ့ခြေမချိုးတာတွေ သော့ပါးစပ်ထဲထည့်ဖို့တွေမလုပ်ကြပါနဲ့။ အလကားပဲ။ အကျိုးမရှိပါဘူး။”

YBS ယာဉ်တစ်စီးပေါ်တွင်ဖြစ်နေသော အသံများဖြစ်သည်။ ခရီးသည်တစ်ဦး ကားစီးရင်းတက်သွားသည်ကိုဝိုင်းဝန်းပြုစုရန်ကြိုးစားနေသော အသံများဖြစ်သည်။ လူအများစုမှာ သူတို့ယုံကြည်လက်ခံထားသည့်အတိုင်းဝိုင်းဝန်းပြုစုရန်ကြိုးစားနေသည်ကိုကားပေါ်တွင်ပါလာသော ဆရာဝန်တစ်ဦးက ပြန်ရှင်းပြနေခြင်းဖြစ်သည်။

ဘာကြောင့်တက်ရသလဲ။

အတက်ရောဂါဖြစ်စေနိုင်သော အကြောင်းတရားများစွာရှိပါသည်။ ကလေးငယ်များတွင်အဖျားကြီးခြင်းကြောင့်တက်ခြင်းရှိတတ်သည်။ ထိုအဖျားကြီးခြင်းကြောင့်တက်ခြင်းသည်အသက်၆ နှစ်ကျော်လောက်တွင်ပြန်ကောင်းသွားတတ်သည်။ သို့သော်တခြားဦးနှောက်အမြှေးရောင်ခြင်း၊ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ခြင်းများ ဖြစ်လျှင်လည်း ဖျားပြီး တက်တတ်ရာ

ထိုရောဂါများမဟုတ်မှသာ ရိုးရိုးဖျားခြင်းကြောင့်တက်ခြင်း (febrile convulsion) ဟုသတ်မှတ်ကြရသည်။

ဆရာဝန်က သေချာစွာ စစ်ဆေးပြီးမှသတ်မှတ်ရသည်။ ထို့အကြောင်းများအပြင်ကလေးများတွင်ဗီတာမင်ဘီဝမ်းချို့တဲ့ခြင်း၊ မွေးစဉ်အခါက ဦးနှောက်ခိုက်ထားခြင်း၊ သူငယ်နာ (cerebral palsy) ရှိခြင်း၊ခေါင်းထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရဖူးခြင်း၊ ကျောက်ကပ်ရောင်ပြီး သွေးတိုး၍တက်ခြင်း၊ မွေးရာပါနှလုံးရောဂါဖောက်ချိန်တွင်ကိုယ်ခန္ဓါများ ပြာနှမ်း၍ တက်ခြင်း၊ လူကြီးများတွင်လည်း ဖြစ်တတ်သောဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတစ်ချို့ ကြောင့်လည်း တက်တတ်ပါသည်။

လူကြီးများတွင်တက်စေနိုင်သော အကြောင်းများတွင်အတက်ရောဂါ (Primary epilepsy)သက်သက်ဖြစ်နိုင်သလိုဦးနှောက်အာရုံကြောနှင့်တခြားရောဂါများကြောင့်တက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ဦးနှောက်အမြှေးရောင်ခြင်း၊ ငှက်ဖျားပိုးဦးနှောက်ထဲရောက်ခြင်း၊ ဦးနှောက်အတွင်းပြည်တည်ခြင်း၊ လေဖြတ်ခြင်း၊ဦးနှောက်အတွင်းသွေးယိုခြင်း၊ အသည်းရောဂါ ကျောက်ကပ်ရောဂါ၊ ကိုယ်ခန္ဓါ အတွင်း ဆားနှင့်သတ္တုဓါတ်များ မူမမှန်ခြင်း၊ ခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ ဆေးတစ်ချို့ကြောင့်တက်ခြင်း၊အရက်ဖြတ်ကာစအချိန်တွင် တက်ခြင်း၊ ဦးနှောက် အတွင်း အကြိတ်တည်ခြင်း စသည်ဖြင့်အကြောင်းတရားများစွာရှိပါသည်။

လူတစ်ဦး တက်ပြီဆိုလျှင် တက်ရခြင်း အကြောင်းရင်းကို သေချာစွာ ရှာဖွေပြီး ကုသရန်လိုအပ်ပါသည်။ ထိုသို့ ရှာဖွေရာတွင် သမားတော် ဆရာဝန်ကြီး တစ်ဦးဦးနှင့် သေချာတိုင်ပင်ပြသ၍ လိုအပ်သောစမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး သေချာစွာ ကုသမှုခံယူရပါမည်။ ယခု ဆက်လက်ပြီး လူတစ်ဦးတက်နေချိန်တွင် ဘေးမှ သူများက ဝိုင်းဝန်းပြုစုရာတွင် လုပ်ဆောင်သင့်သည့် အချက်များနှင့်အတက်ရောဂါရှိသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို တင်ပြသွားပါမည်။

လူတစ်ယောက်တက်ပြီဆိုရင်-

• လူကိုထိခိုက်ဒဏ်ရာရနိုင်သော နေရာနှင့် ပစ္စည်းများမှ ကင်းလွတ်ရာသို့ ရွှေ့ပါ။

ဘယ်နားမှာ တက်နေတာလဲက အရေးကြီးပါတယ်။ ကားတိုက်နိုင်တဲ့ နေရာလား၊ ရေထဲ ကျသွားနိုင်တဲ့

နေရာလား၊ ဘေးမှာ ထိခိုက်မိရင် ဒဏ်ရာ အနာတရ ရစေနိုင်မယ့် ပစ္စည်းတွေရှိလား၊ စက်လိုမျိုးတွေရှိလား၊ အဲ့ဒါတွေနဲ့ ဝေးရာကို ရွှေ့ပါ။ သူ့ လုံခြုံမှုအတွင်တင်မကပါဘူး၊ သင့်လုံခြုံမှုအတွက်ပါ။ ဂရုစိုက်ပါ။ သင်Safe ဖြစ်မှသူ့ကိုဆက်ကူညီနိုင်မှာပါ။

• လူနာကို ဘေးတစောင်းထားပါ။

တက်နေတဲ့အချိန်မှာ အသက်ရှူလမ်းကြောင်းထဲ ပါးစပ်က အရည်တွေ ဝင်ပြီးအသက်ရှူလမ်းကြောင်းပိတ်တာ၊ ပါးစပ်ထဲက အံကပ်လိုမျိုးတွေ ပြုတ်ထွက်ပြီး သို့မဟုတ်အပြင်ကထည့်လိုက်တဲ့ဇွန်း သော့လိုပစ္စည်းမျိုးတွေ ကြောင့်အသက်ရှူလမ်းကြောင်းပိတ်တာ တွေ နဲ့အသက်ဆုံးရှူံးနိုင်ပါတယ်။ လူကို ဘေးတစ်စောင်းထားခြင်းဟာ ပက်လက်ထက်အသက်ရှူလမ်းကြောင်းပိတ်ဖို့အလားအလာ ပိုနည်းပါတယ်။

• ပါးစပ်ထဲ ဘာမှမထည့်ပါနဲ့။

လျှာကိုက်မိမှာစိုးလို့ဆိုပြီး တက်နေတဲ့သူရဲ့ ပါးစပ်ထဲ တစ်ခုခုထည့်တတ်ကြပါတယ်။ လျှာကိုက်တာကိုအဲ့လိုလုပ်လို့လည်း မကာကွယ်နိုင်ပါဘူး။ အဲ့ဒါအပြင်အပေါ်မှာ ပြောခဲ့သလို

ထည့်လိုက်တဲ့ပစ္စည်းကြောင့်အသက်ရှူလမ်းကြောင်းထပ်ပိတ်သွားတတ်လို့ပါးစပ်ထဲ ဘာမှမထည့်ပါနဲ့။

• ပါးစပ်ထဲ အသက်ရှူလမ်းကြောင်းပိတ်စေနိုင်တဲ့အံကပ်လိုအရာတွေ ချွဲတွေကို ဖယ်လို့ရရင်ဖယ်ပါ။

ပြောမယ့်သာ ပြောတာပါ။ တကယ့်လက်တွေ့မှာ တော့ဖယ်ဖို့ခက်တတ်ပါတယ်။ ဆေးရုံမှာ တော့ချွဲစုပ်စက်နဲ့စုပ်တာမျိုးလိုရင်လုပ်လို့ရပါတယ်။

• ဆရာဝန်ရဲ့ အကူအညီကို ရယူပါ။

တက်တာကြာလာတာနဲ့အမျှ လူနာအတွက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့်လူနာကိုအနီးစပ်ဆုံးဆေးခန်းခေါ်သွားတာပဲ ဖြစ်ဖြစ်၊ ဆရာဝန်အမြန်သွားပင့်တာမျိုးပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။

အတက်ရောဂါရှိသူအနေနဲ့

• ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးကိုသေချာသောက်ပါ။

အတက်ကျဆေးတွေက ရေရှည်စွဲသောက်ရတတ်ပါတယ်။ သေချာဆေးကို ပုံမှန်သောက်ဖို့လိုပါတယ်။ ကိုယ့်သဘောနဲ့ကိုယ်ဆေးကို ရပ်လို့အရပါဘူး။

• ကိုယ့်ကိုအန္တရာယ်ရှိနိုင်မယ့်မီး၊ စက်ပစ္စည်း စတာတွေနဲ့ရှောင်ကြဉ်ပါ။

တက်တဲ့အချိန်မှာ ကိုယ့်အနားမှာရှိတဲ့ပစ္စည်းတွေနဲ့ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ ဒါကြောင့်အတက်ရောဂါရှိသူအနေနဲ့အလုပ်အကိုင်ပြောင်းသင့်ရင်ပြောင်းလိုက်ရတာမျိုးပါရှိတတ်ပါတယ်။

• ရေနဲ့နီးတဲ့ငါးမျှားတာ၊ လှေစီးတာ၊ ရေကူးတာတွေ လုပ်ရင်တောင်ကိုယ့်အကြောင်းလည်းသိ၊ကိုယ်ရေထဲကျသွားရင်ကယ်နိုင်မယ့်သူပါမှလုပ်သင့်ပါတယ်။ ရေချိုးရင်တောင်ရေချိုးကန်နဲ့

ချိုးတတ်တဲ့သူမျိုးဆိုတက်ပြီး ရေနစ်တာမျိုးတွေ ဖြစ်နိုင်သေးပါတယ်။

• ဆိုင်ကယ်၊ စက်ဘီး၊ ကားမောင်းတာတွေ ဆင်ခြင်ပါ။

မောင်းရင်းနဲ့တက်သွားရင်အန္တရာယ်ရှိပါတယ်။ ကိုယ့်အတွက်တင်မဟုတ်ပါဘူး။ ကိုယ်မောင်းသွားတဲ့ယာဉ်ကို စီးနေတဲ့သူတွေ၊ လမ်းဘေးမှာရှိတဲ့လူတွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ ဒါကြောင့်အတက်ရောဂါကို သေချာမထိန်းနိုင်သေးခင်ဆရာဝန်ခွင့်ပြုချက်မဘဲ ယာဉ်မမောင်းသင့်ပါ။

• အတက်ရောဂါရှိသူတွေ အနေနဲ့ညအိပ်ရေးပျက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အလင်းစူးစူးတွေကွန်ပျူတာ ဂိမ်းစတာတွေကနေ ထွက်တဲ့အလင်းတွေ၊ အသံကျယ်ကျယ်ကြားရရင်ထပ်တက်တတ်ပါတယ်။ အဲ့ဒါတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။

အချုပ်အားဖြင့်ဆိုသော်အတက်ရောဂါရှိသူရော အတက်ရောဂါရှိသူ၏ လူနာရှင်များ အနေဖြင့်ပါ

ဖော်ပြပါ အချက်များကို သေချာ သတိပြုလိုက်နာသွားရန်လိုအပ်ပါသည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr.Pyae Phyoe Kyaw မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement