backup og meta

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း

သင့်အနေနဲ့ ရေကိုလုံလောက်စွာ သောက်သုံးခြင်းမရှိရင် ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း ဖြစ်တတ်ပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို သေချာမသိရပေမယ့် သုတေသနတချို့အရ ရေဓာတ်နည်းပါးခြင်းနဲ့ ခေါင်းကိုက်ခြင်း ဆက်စပ်နေတယ်လို့ သိရပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း ရဲ့ လက္ခဏာများ

ရေဓာတ်နည်းပါးခြင်းကြောင့် ခေါင်းကိုက်ခြင်းဟာ တယောက်နဲ့ တယောက် ကွဲပြားမှုရှိနိုင်ပါတယ်။ အများစုကတော့ ဆင်တူကြပါတယ်။ များသောအားဖြင့် လှုပ်လှုပ်ရှားရှားလုပ်တိုင်း ခေါင်းရဲ့ တဖက်တချက်စီမှာ တဒိတ်ဒိတ်ထိုးပြီး ကိုက်နေတတ်ပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ခေါင်းကိုက်သူဆယ်ဦးအနက် တဦးမှာ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသုတေသနမှာ ပါဝင်သူများရဲ့ ခေါင်းကိုက်ခြင်းဟာ ခေါင်းကို လှုပ်ရှားခြင်း၊ ငုံ့ခြင်း၊ လမ်းလျှောက်ခြင်း စတာတွေလုပ်ဆောင်ရင် ပိုဆိုးတတ်ပါတယ်။ သူတို့အများစုဟာ ရေသောက်ပြီး နာရီဝက်ကနေ ၃နာရီအတွင်း သက်သာသွားတတ်ပါတယ်။

နာတာရှည်ခေါင်းတခြမ်းကိုက်လူနာတွေနဲ့ ခေါင်းကိုက်လူနာတွေကို လေ့လာခဲ့တဲ့ တခြားသုတေသနတခုမှာ ၉၅ ဦးအနက် ၃၄ ဦးဟာ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ခေါင်းတခြမ်းကိုက်ခြင်းလက္ခဏာဟာ ကျယ်ပြန့်ပါတယ်။ ဒါပေမယ့် အောက်ပါလက္ခဏာတွေ တွေ့ရများပါတယ်။

  • ခေါင်းတခြမ်း ပြင်းထန်စွာကိုက်ခဲခြင်း
  • ပျို့တက်ခြင်း
  • အမြင်အာရုံအတွင်း အလင်းလှိုင်းများပေါ်ခြင်း

သိပ်မပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာတွေကတော့

  • ရေငတ်ခြင်း
  • အာခေါင်ခြောက်ခြင်း/ စေးကပ်ခြင်း
  • ဆီးနည်းသွားခြင်း
  • ဆီးအရောင်ရင့်ခြင်း/ မည်းခြင်း
  • အသားအရေ ခြောက်သွေ့ခြင်း
  • ကြွက်သားများနာကျင်ခြင်း

ဘယ်အရာက ရေဓာတ်ခမ်းခြောက် ခေါင်းကိုက်ခြင်းကို ဖြစ်စေသလဲ

သောက်တဲ့ ပမာဏထက် ဆုံးရှုံးတဲ့ပမာဏက ပိုများနေရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်စေနိုင်ပါတယ်။ တခါတရံမှာ လူအများဟာ ရေကို လုံလောက်စွာသောက်သုံးဖို့ မေ့လျော့နေတတ်ကြပါတယ်။ များသောအားဖြင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီးချိန်မှာ ရေကိုပြန်လည်ဖြည့်တင်းခြင်း မပြုနိုင်ခဲ့ရင် ရေဓာတ်ကုန်ခန်းနိုင်ပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့အချိန်တွေမှာ ချွေးထွက်ရာကနေ ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ တခါတရံဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ရေဓာတ်ခမ်းနိုင်ပါတယ်။

လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ သူရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ရေကို အမှီပြုနေပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း ဆိုးရွားပြင်းထန်သွားရင် ဦးနှောက်ပျက်စီးခြင်း၊ သေဆုံးခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အောက်ပါလူများမှာ ရေဓာတ်ခမ်းခြောက်ခြင်း ပိုမိုဖြစ်တတ်ပါတယ်။

  • ကလေးများ
  • သက်ကြီးရွယ်အိုများ
  • နာတာရှည်ရောဂါသည်များ
  • ဘေးကင်းစိတ်ချရသည့် သောက်သုံးရေ မရရှိသူများ

ရေဓာတ်ခမ်းခြောက် ခေါင်းကိုက်ခြင်းအတွက် ကုထုံးများ

ပထမဦးစွာ ရေကို တတ်နိုင်သမျှ မြန်မြန်သောက်သုံးပါ။ ရေဓာတ်ခမ်းခြောက် ခေါင်းကိုက်ခြင်းဟာ ရေသောက်ပြီး သုံးနာရီလောက်အကြာမှာ သက်သာလာတတ်ပါတယ်။ တစ်ခါတည်း အများကြီး သောက်နေစရာတော့ မလိုပါဘူး။ များသောအားဖြင့် ရေတခွက်နှစ်ခွက်ဆို လုံလောက်ပါတယ်။ ရေကို အလျင်စလိုသောက်သုံးခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်သူတွေမှာ ပျို့အန်တတ်ပါတယ်။

  • ဓာတ်ဆားသောက်ခြင်း

ရိုးရိုးရေနဲ့ မလုံလောက်တဲ့အခါ ဓာတ်ဆားဖျော်သောက်သင့်ပါတယ်။ အားကစားသမားတွေအတွက် ထုတ်လုပ်ထားတဲ့ သကြားဓာတ်နည်းပါးတဲ့ အားဖြည့်အချိုရည်တွေလည်း သောက်သုံးနိုင်ပါတယ်။

ရေသောက်ပြီးချိန်ထိ ခေါင်းကိုက်မပျောက်သေးရင် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေ သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ကဖိန်းနဲ့ တွဲဖက်သောက်သုံးခြင်း မပြုသင့်ပါဘူး။ ကဖိန်းဟာ ရေဓာတ်ခမ်းခြောက်စေတတ်လို့ ဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ မသောက်ခင်မှာတော့ အစာစားဖို့ လိုပါတယ်။ အစာအိမ်အောင့်ခြင်း မဖြစ်အောင်ပါ။

ရေဓာတ်ခမ်းခြောက် ခေါင်းကိုက်ခြင်းကို ဘယ်လိုကာကွယ်မလဲ

  • သင်သွားလေရာမှာ ရေဘူးဆောင်သွားပါ။
  • ဓာတ်ဆား ဒါမှမဟုတ် ရေဆူဆေးပြား စတာတွေ ဆောင်ထားပါ။ ဆိုဒါရည်သောက်မယ့်အစား ဓာတ်ဆားသောက်မယ်ဆိုရင် ကယ်လိုရီမများဘဲ ရေဓာတ်လည်းပြည့်ဝစေပါတယ်။
  • လေ့ကျင့်ခန်းလုပ်တိုင်း ရေသောက်ဖို့ သတိရပါ။
  • ရေဓာတ်ခမ်းခြောက်စေနိုင်တဲ့ အနေအထားတွေဖြစ်တဲ့ ပူပြင်းတဲ့ ရာသီဥတုမှာ လှုပ်ရှားသွားလာရင် ရေသောက်ဖို့ မမေ့ပါနဲ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/dehydration-headache Accessed Date 17 April 2020

ယခုပုံစံ

29/08/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

ကဖိန်းဟာ ရေဓာတ်ခန်းခြောက်စေသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement