အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကြောင့် ဒီလိုပဲ ခေါင်းအမြဲကိုက်နေရတယ်ဆိုတာကို ကြားဖူးမှာပေါ့။ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပေမယ့် နေ့စဉ် စိတ်ရှုပ်ထွေးစရာတွေ၊ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက် တာတွေကတော့ အဖြစ်အများဆုံးပါပဲ။ စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်တာကြားမှာ ဘယ်လိုများ ဆက်စပ်မှု ရှိနေပါလိမ့်။
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက် တတ်သလား။
ဒီနှစ်ခုရဲ့ ဆက်စပ်မှုက အများကြီး ရှိနေပါတယ်။ ဥပမာ ပြောရရင်
- ကိုယ်တွင်းဓာတု အပြောင်းအလဲဖြစ်တာ
စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ fight-flight responseတွေ ဖြစ်လာပြီး ဟော်မုန်းအပြောင်းအလဲတွေ၊ ဓာတုပစ္စည်းတွေ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဒါတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းစနစ် (ဥပမာ သွေးကြောတွေမှာ ) သက်ရောက်မှု ရှိတာကြောင့် ခေါင်းကိုက်လာပါတယ်။
- ကိုယ်နေဟန်ထား ပြောင်းလဲတာ
စိတ်ဖိစီးတဲ့အခါ တစ်ကိုယ်လုံးက အကြောတွေကို မသိလိုက်ဘဲ တင်းထားမိတတ်ပါတယ်။ ဇက်တွေတောင့်ထားတာ၊ မေးကြောကြီးတွေ တင်းနေတာ၊ ထိုင်တဲ့ ပုံစံ မမှန်တာ၊ ခါးကြီး ကုန်းနေတာ၊ မျက်ကြောတွေ ရှုံ့ထားတာ စတာတွေ လုပ်မိတတ်ပါတယ်။ အချိန်ကြာလာတာတဲ့အခါ ကြွက်သားတွေ ညောင်းပြီး ခေါင်းကိုက်တာတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ခေါင်းကိုက်တာတင် မဟုတ်ဘဲ ဇက်ကြောတက်၊ နောက်ကျောနာ၊ ခါးနာ၊ မျက်ရိုးကိုက်တာတွေပါ တွဲပြီး ခံစားရတာပါ။
- စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲသွားတာ
စိတ်ဖိစီးမှု များတဲ့အခါ ညဘက်တွေ အိပ်မပျော်တာကြောင့် အိပ်ရေးမဝဘဲ ခေါင်းကိုက်တတ်ပါတယ်။ ဒါတင် မကသေးပါဘူး။ စိတ်ညစ်တဲ့အခါ အစားအသောက်လည်း မမှန်တော့တဲ့အတွက် ရေသောက်နည်း၊ အစားနည်းပြီး သွေးတွင်းသကြားဓာတ်ကျတာကြောင့် ခေါင်းကိုက်လာပါတယ်။
- ခေါင်းကိုက်တာကိုယ်တိုင်ကလည်း စိတ်ဖိစီးမှု ပါပဲ။
ဘာကြောင့်ပဲ ခေါင်းကိုက်တာဖြစ်ပါစေ။ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားရတာလည်း စိတ်ဖိစီးစေပါတယ်။ ဒီတော့ ခေါင်းကိုက်လို့ စိတ်ဖိစီး၊ စိတ်ဖိစီးလို့ ခေါင်းထပ်ကိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။
စိတ်ဖိစီးမှုက ခေါင်းကိုက်စေရုံသက်သက်ပဲလား။
မဟုတ်ပါဘူး။ စိတ်ဖိစီးမှုက ခေါင်းကိုက်စေရုံသက်သက်တင် မဟုတ်ပါဘူး။ နဂိုရှိပြီးသား ခေါင်းကိုက်တာကို ပိုဆိုးစေသလို ကြာကြာလည်း ကိုက်စေပါတယ်။
စိတ်ဖိစီးမှုကြောင့် ပိုဆိုးစေတဲ့ ခေါင်းကိုက်ခြင်း အမျိုးအစားတွေကတော့ မိုက်ဂရင်းခေါင်းတစ်ခြမ်းကိုက်တာနဲ့ Tension headache လို့ခေါ်တဲ့ နဖူးကြောတွေ၊ နားထင်ကြောတွေ တင်းနေအောင် ကိုက်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက သာမန်နေ့စဉ်ကြုံတတ်တဲ့ ခေါင်းကိုက်ခြင်းတွေကို ဖြစ်စေတာတင် မဟုတ်ဘဲ ဒီလိုခေါင်းကိုက်ရောဂါ အကြီးစားတွေကိုပါ ပိုဆိုးစေတတ်ပါတယ်။
လေ့လာချက်တွေအရ စိတ်ဖိစီးမှုက ဘယ်လိုခေါင်းကိုက်ခြင်း အမျိုးအစားကိုမဆို ပိုဆိုးစေတတ်ပြီး ခေါင်းကိုက်ချိန်ကိုလည်း ပိုကြာစေတတ်ပါတယ်တဲ့။ သာမန်ထက် စိတ်ဖိစီးမှု ၁၀% ပိုလာတိုင်းမှာ မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်ခြင်းက ၄.၃% ပိုဖြစ်ပြီး Tension headache ကတော့ တစ်လကို ၆.၃% ပိုဖြစ်လာပါတယ်တဲ့။ ဆိုလိုတာက သင့်မှာ စိတ်ဖိစီးမှု များလေလေ ခေါင်းကိုက်တဲ့ ပြဿနာကို ပိုပြီး ကြုံရနိုင်လေလေပဲ ဖြစ်ပါတယ်။