backup og meta

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ


Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

    စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေအတွက် သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊ သိကျွမ်းပြီးသား လူတယောက်ရဲ့ နာမည်ကို စဉ်းစားမရဘဲ မေ့နေတာမျိုး ဖြစ်ဖူးပါသလား။ ဒီအခြေအနေတွေကို ဦးနှောက်ထိုင်းသွားခြင်းလို့ ခေါ်ဝေါ်ပါတယ်။ အင်္ဂလိပ်လို brain fog သို့မဟုတ် mental fog လို့ သုံးနှုန်းပါတယ်။ ဒီပြဿနာဟာ ရောဂါတခုတော့ မဟုတ်ပါဘူး။ လူတိုင်းလိုလို ခဏတဖြုတ်ကြုံတွေ့ဖူးပါလိမ့်မယ်။ တခြားရောဂါအခံတခုခုရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။

    ဦးနှောက်ရဲ့ သိမှတ်တွေးခေါ်မှုအပိုင်းမှာ ပုံမှန်အနေအထားပျက်သွားပြီး

    မှတ်ဉာဏ်ချို့ယွင်းခြင်း

    – စိတ်ရှုပ်ထွေးခြင်း

    – အာရုံမစူးစိုက်နိုင်ခြင်း

    – တွေးတောကြံဆမှု မလုပ်နိုင်တော့ခြင်း စတဲ့အခြေအနေတွေ ကြုံတွေ့ရပါတယ်။

    စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မုှကြောင့် ဖြစ်တတ်ပြီး ဖြစ်ပေါ်တဲ့ အတိုင်းအတာအလျောက် စာသင်ခန်းမှာ၊ လုပ်ငန်းခွင်မှာ ထိခိုက်မုှတွေ ကြုံလာနိုင်ပါတယ်။ အမြဲတမ်းတော့ ကြုံရတာ မဟုတ်ပါဘူး။

    ဦးနှောက်ထိုင်းသွားခြင်း ဘာကြောင့်ဖြစ်ရသလဲ

    ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။ အဓိကကျတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    စိတ်ဖိစီးမှု

    စိတ်ဖိစီးမှုကို ကာလကြာရှည်ခံစားရရင် သွေးတိုးခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လာပါတယ်။ ဦးနှောက်ဟာ ပင်ပန်းလာပြီး တွေးခေါ်ခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ အာရုံစူးစိုက်ခြင်း စတာတွေကို မလုပ်နိုငတော့ပါဘူး။

    အိပ်ရေးပျက်ခြင်း

    လူတယောက်ရဲ့ တနေ့တာလုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ တညမှာ ၇-၈ နာရီလောက် အိပ်စက်ဖို့ လိုပါတယ်။ အိပ်ရေးပျက်တာကြာလာရင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်လာနိုင်ပါတယ်။ အာရုံစူးစိုက်ရခက်ခြင်း၊ အတွေးများရှုပ်ထွေးပြီး လန်းဆန်းမုှမရှိခြင်း စတာတွေ ဖြစ်လာပါလိမ့်မယ်။

    ဟော်မုန်းများပြောင်းလဲခြင်း

    ဦးနှောက်ထိုင်းမှိုင်းသွားတဲ့ အခြေအနေဟာ ဟော်မုန်းများပြောင်းလဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စထရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းတွေ မြင့်တက်နေတတ်ပါတယ်။ အဆိုပါ ပြောင်းလဲခြင်းကြောင့် မှတ်ဉာဏ်ကို ထိခိုက်ခြင်းအခြေအနေ ခဏတာဖြစ်ပေါ်တတ်ပါတယ်။ သွေးဆုံးချိန်မှာ အီစထရိုဂျင် ကျဆင်းခြင်းကြောင့်လည်း မကြာခဏမေ့တတ်ခြင်း၊ အာရုံစူးစိုက်ခြင်း၊ စိတ်ရှုပ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    အစားအသောက်

    ဦးနှောက်ကို အားဖြည့်ပေးတဲ့အရာတွေမှာ အစားအသောက်လည်း ပါဝင်ပါတယ်။ ဥပမာ အစားအသောက်များကတဆင့်ရရှိတဲ့ ဗီတာမင် B12 ဟာ ဦးနှောက်နဲ့ အာရုံကြောအတွက် အထောက်အကူဖြစ်စေပါတယ်။ တဖက်ကကြည့်ရင်လည်း ဗီတာမင် B12 ချို့တဲ့ခြင်းဟာ ဦးနှောက်ထိုင်းသွားခြင်းကို ဖြစ်နိုင်ခြေမြင့်စေပါတယ်။ တခါတရံမှာ အစားအစာတချို့ကို ဓာတ်မတည့်ခြင်းကြောင့်လည်း စားသောက်ပြီးချိန်မှာ ဦးနှောက်ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေ ဖြစ်ပေါ်စေပါတယ်။ ဥပမာ အချိုမှုန့်၊ ဆေးသကြား၊ မြေပဲ၊ နို့ထွက်ပစ္စည်း စတာတွေ ဖြစ်ပါတယ်။

    ဆေးဝါးများ

    ဆေးဝါးအချို့ကို သောက်သုံးနေချိန်မှာ သင့်ဦးနှောက်ထိုင်းမှိုင်းသွားပြီး အာရုံစူးစိုက်ခြင်း၊ စဉ်းစားခြင်း မပြုနိုင်တော့ပါဘူး။ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါကုသတဲ့ ဆေးဝါးတွေမှာ ဖြစ်တတ်ပါတယ်။ အဆိုပါအခြေအနေကြုံကြိုက်ရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ မိမိသဘောနဲ့ပဲ ဆေးဝါးများကို လျှော့ချခြင်း၊ ရပ်တန့်ခြင်း မပြုရပါဘူး။

    ကျန်းမာရေးအခြေအနေ

    ပင်ပန်းနွမ်းနယ်ခြင်း၊ သွေးအတွင်းဂလူးကို့စ်ဓာတ်နည်းခြင်းနဲ့ အခြားကျန်းမာရေး အခြေအနေတွေမှာလည်း ဦးနှောက်အလုပ်လုပ်တာ ထိုင်းမှိုင်းသွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါအခြေအနေများကတော့ သွေးအားနည်းခြင်း၊ စိတ်ကျရောဂါ၊ ဆီးချို၊ အယ်လ်ဇိုင်းမား၊ သိုင်းရွိုက်ဟော်မုန်းအထွက်နည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ဘာလုပ်သင့်သလဲ

    မိမိလုပ်လက်စအလုပ်များမှ ခဏနားပါ။ စိတ်ပြေလက်ပျောက်နေပါ။ လေ့ကျင့်ခန်းလုပ်ပါ။ သီချင်းနားထောင်ပါ။ အာဟာရမျှအောင်စားပါ။ အဆိုပါနည်းလမ်းများနဲ့ မဖြေရှင်းနိုင်ရင် ဆရာဝန်ပြသပါ။ ဦးနှောက်ထိုင်းသွားခြင်းဟာ ရောဂါအခြေအနေတချို့ကြောင့် ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement