ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။ ဒါကပြောရမယ်ဆို အစပိုင်းမှာပြဿနာမရှိပေမယ့် နောက်ပိုင်းကျရင် ဆိုးဝါးလာမယ့်အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီတော့ ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိဖို့လိုလာတာပေါ့ ။
ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။
အကြောင်းအရင်းတွေကို အရင်မပြောခင် သွေးခြည်ဥတယ် အညိုအမည်းစွဲတယ်ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။
သွေးခြည်ဥတယ်ဆိုတာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြီး သွေးတွေထွက်လာကာ ညိုမည်းတက်လာတာဖြစ်ပါတယ်။ ပြုတ်ကျတာဖြစ်ဖြစ်၊ အထိုးခံရလို့ဖြစ်ဖြစ်၊ လေးတဲ့အရာတစ်ခုခု အဖိခံရလို့ ဖြစ်ဖြစ် သွေးကြောလေးတွေပေါက်ပြီး အညိုအမည်း စွဲတတ်ပါတယ်။
အသေးအမွှား အညိုအမည်းစွဲတာလောက်က ရက်ပိုင်းလောက်နဲ့ ပြန်ပျောက်တတ်ပေမယ့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့်ရတဲ့ သွေးခြည်ဥတာမျိုးကတော့ လပိုင်းလောက် ပျောက်ဖို့ အချိန်ယူရတတ်ပါတယ်။ လူတိုင်းတော့ ထိခိုက်မိရင်သွေးခြည်ဥတတ်ကြတာပဲလေ။ ပုံမှန် မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။
သွေးခြည်ဥတာမျိုးတွေထဲကမှ ခုပြောမယ့် သွေးခြည်ဥတဲ့ပုံစံမျိုးတွေ တွေ့ရင် ပုံမှန် မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။
- ထိခိုက်မိတာတော့ နည်းနည်းလေး ဒါပေမယ့်သွေးခြည်ဥနေတာက အကြီးကြီးဖြစ်နေတာ
- အကြောင်းအရာတိတိပပ မရှိဘဲနဲ့ သွေးခြည်ဥရာတွေ အများကြီးပေါ်နေတာ
- သွေးခြည်တစ်ခါဥ ပြီးသွားရင် ပြန်ပျောက်အောင် လနဲ့ချီပြီးစောင့်ရတာ
- ထိခိုက်မိပြီး သွေးထွက်တာ ၁၀ မိနစ်ကျော်ကြာတဲ့အထိ မတိတ်တာ မျိုးတွေ ဖြစ်နေရင် ဒါပုံမှန် မဟုတ်ဘူးလို့ ယူဆိုလို့ရပါတယ်။
ဒါဆို ဒီလို ကြီးကြီးမားမား ထိခိုက်ထားတာမျိုးတွေ မရှိဘဲနဲ့ သွေးခြည်ဥတာလွယ်လွယ်ဖြစ်နေရတာ ဘာ့ကြောင့်လဲ။ နည်းနည်းပါးပါးထိခိုက်မိရုံလောက်နဲ့ သွေးခြည်ဥ တာ မဖြစ်တတ်ကြဘူးလေ။
သွေးခြည်ဥလွယ်ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများ ။
အသက်ကြီးတဲ့သူတွေ
အသက်ကြီးလာတဲ့အခါ သွေးကြောလေးတွေက ပါးပါးလာပြီး အားနည်းလာတာကြောင့် နည်းနည်းလေးထိခိုက်မိတာနဲ့ သွေးခြည်ဥတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး အသက်ကြီးတော့ ပါးလာတဲ့ အရေပြားကြောင့်လည်း သွေးခြည်ဥတာတွေ ပိုပြီး ထင်းနေတတ်ပါတယ်။
သောက်ဆေးများ
- သွေးကျဲဆေး – သွေးကျဲဆေးဆိုတော့ ထုံးစံအတိုင်း သွေးခဲမဖြစ်အောင် ကာကွယ်ပေးနေရတော့ ဒီဆေးတွေ စွဲသောက်ပါများလာရင် နောက်ပိုင်း နည်းနည်းလေးထိခိုက်မိတာနဲ့ သွေးထွက်လွယ်နေတတ်လို့ သွေးခြည်ဥတာမျိုးတွေ ခဏခဏ ဖြစ်နေတတ်ပါတယ်။ နာမည်ကြီးတွေကတော့ wafarin တို့ heparin ပေါ့။
- တချို့တိုင်းရင်းဆေးတွေဖြစ်တဲ့ ginkgo biloba၊ ဂျင်ဆင်းနဲ့ ကြက်သွန်ဖြူ ဂျင်းတွေ အများကြီးပါတဲ့ တိုင်းရင်းဆေးတွေကျတော့ သွေးကြောတွေကို အားနည်းစေပြီး သွေးယိုတဲ့ ပြဿနာကိုဖြစ်စေတတ်ပါတယ်။
- စတီးရွိုက်တို့၊ စိတ်ကျရောဂါဆေးတို့၊ ကလည်း သွေးကြောတွေကို တဖြည်းဖြည်းပါးလာစေတာကြောင့် သွေးခြည်ဥတာအလွယ်တကူဖြစ်စေတတ်ပါတယ်။
ဒါ့ကြောင့်ဒီဆေးတွေသောက်ပြီး ကိုယ့်ဆီမှာ သွေးခြည်ဥတာ၊ ထိခိုက်မိပြီးရင် သွေးတော်တော်နဲ့ မတိတ်တာမျိုး ဖြစ်ခဲ့ရင် ဆရာဝန်နဲ့ သေချာ ဆွေးနွေးပြီး ဆေးကနေရမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ပြန်ချိန်ဆသင့်ပါတယ်။
အရက်အလွန်အကျွံသောက်တဲ့သူတွေနဲ့ အသည်းရောဂါဖြစ်နေတဲ့သူတွေ
ကိုယ်ခန္ဓာမှာ သွေးထွက်ခဲ့ရင် သွေးတိတ်အောင်လုပ်ဖို့အတွက် အသည်းကနေ သွေးတိတ်စေတဲ့ ပရိုတင်းလေးတွေထုတ်ပေးရပါတယ်။ ဒီတော့ သွေးတိတ်စေဖို့အတွက် အသည်းရဲ့လုပ်ဆောင်မှုကလည်း အရေးကြီးသေးတာပေါ့။ ဒီတော့ အသည်းကိုပျက်စီးစေတဲ့ ပြဿနာတွေဖြစ်တဲ့အရက်အလွန်အကျွံသောက်တာ၊ အသည်းခြောက်တာနဲ့ အသည်းရောဂါဖြစ်နေတဲ့ပြဿနာမျိုးတွေမှာ သွေးခြည်ဥတဲ့ပြဿနာတွေ အလွယ်တကူဖြစ်တတ်ပါတယ်။
သွေးနဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခုခံစားနေရတာ
မွေးရာပါ သွေးခဲခြင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ရောဂါ တစ်ခုဖြစ်တဲ့ Von Willebrand disease ဝေဒနာခံစားနေရတဲ့သူတွေမှာ သွေးတိတ်စေဖို့ တကယ်ကို အရေးကြီးတဲ့ Von Willebrand ပရိုတင်းလေးပါမလာတာ ၊နည်းနေတာကြောင့် သွေးခြည်ဥတဲ့ ပြဿနာ အလွယ်တကူဖြစ်နိုင်ပါတယ်။ ဒီ Von Willebrand ပြဿနာက မျိုးရိုးဗီဇပြဿနာဖြစ်တာကြောင့် အသက်ကြီးတဲ့သူတွေထက် မွေးကင်းစကလေးတွေနဲ့ ငယ်တဲ့ကလေးတွေမှာ ပိုအတွေ့များပါတယ်။
Haemophilia လို့ ခေါ်တဲ့ မျိုးရိုးလိုက် သွေးရောဂါမှာလည်း တစ်ခုခုနဲ့ ထိမိစောင့်မိရင် အတွင်းမှာ သွေးမတိတ်ဘဲ အညိုအမည်းစွဲတတ်ပါတယ်။ ဒူးဆစ်တို့၊ တံတောင်ဆစ်တို့ဆိုရင် အဆစ်ထဲမှာ သွေးယိုတာကြောင့် အဆစ်တွေ ရောင်လာတတ်ပါတယ်။
ဗီတာမင် ချို့တဲ့မှု
ဗီတာမင်တွေထဲမှာ သွေးနဲပက်သက်လို့ တာဝန် အရှိဆုံးကတော့ ဗီတာမင် C ပါ။ ဗီတာမင် C ချို့တဲ့ရင် သွားဖုံးသွေးယိုတဲ့ ပြဿနာဖြစ်တယ်ဆိုတာ ကြားဖူးတယ်မလား။ နောက်သွေးထွက်တာ၊ သွေးတိတ်တာနဲ့ ပက်သက်လို့တာဝန်ရှိတဲ့ နောက်ဗီတာမင် တစ်ခုကတော့ ဗီတာမင် K ပဲ ဖြစ်ပါတယ်။ ဗီတာမင် K ချို့တဲ့တဲ့သူတွေဟာ အခြားသူတွေထက်စာရင် သွေးတိတ်တာပိုကြာတတ်ပြီး သွေးခြည်ဥတာလည်း ပိုလွယ်တတ်ပါတယ်။
သွေးကြောရောင်ခြင်း
သွေးကြောရောင်တဲ့ပြဿနာရှိတဲ့သူတွေမှာ သွေးကြောတွေပုံမှန်မဟုတ်တာကြောင့် သွေးယိုတာတွေနဲ့ သွေးခြည်ဥတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
Senile purpura
ဒါကတော့ အသက်၅၀ နောက်ပိုင်းလူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး လက်ပြင်နားတွေမှာ ခရမ်းရောင်ပြင်လိုက် အညိုအမဲစွဲတာမျိုးတွေဖြစ်တတ်ပါတယ်။ ထိခိုက်မိတာသေးသေးလေးတစ်ခုကနေ ဖြစ်တာဖြစ်ပြီး ပြန်ပျောက်ဖို့အချိန်ယူရတဲ့အပြင် အရွယ်အစားကလည်း ပုံမှန်ထက်ပိုကြီးနေတတ်ပါတယ်။ ဒီလို ပြဿနာဖြစ်နေတဲ့သူတွေဟာ နေရောင်ခြည်နဲ့ထိတွေ့မှုကို အတတ်နိုင်ဆုံး လျှော့ချရမှာ ဖြစ်ပါတ်ယ။
သွေးနဲ့ပက်သက်တဲ့ ပြဿနာတွေဖြစ်တယ်ဆိုတော့ သွေးကင်ဆာကို ချန်ခဲ့လို့ လုံးဝမရဘူးပေါ့။ ရိုးတွင်းခြင်ဆီကင်ဆာ၊ သွေးကင်ဆာစတဲ့သွေးနဲ့ဆိုင်တဲ့ ကင်ဆာတွေ အားလုံးက သွေးခြည်ဥလွယ်တာ သွေးယိုတာစတဲ့ ပြဿနာတွေကို ဖြစ်စေမှာပါ။
ဘယ်လိုအချိန် ဆရာဝန်ဆီသွားပြရမလဲ။
- ပုံမှန်ထက်ပိုပြီး သွေးခြည်ဥတာကြီးနေမယ်
- နည်းနည်းလေးထိခိုက်မိတာနဲ့ သွေးခြည်ဥတာတွေ ဖြစ်တော့တာပဲ
- သွေးခြည်ဥ အညိုမည်းစွဲတာတွေအပြင် မျက်လုံးတွေ အသားတွေဝါလာတာ
- စွဲသောက်နေတဲ့ဆေးတွေကြောင့်လားဆိုပြီး သံသယရှိတဲ့အခါနဲ့
- သွေးခြည်ဥတဲ့နေရာက နာနေတတ်ပြီး ပြန်ပျောက်ဖို့ အချိန်တော်တော်ကြာ နေတဲ့ အခါမျိုးတွေမှာ ဆရာဝန်ဆီ သွားပြဖို့ လိုအပ်ပါတယ် ။
[embed-health-tool-bmi]