backup og meta

ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါ

    တစ်ခုခုနဲ့ ထိခိုက်မိရင် သွေးထွက်ပြီး သွေးမတိတ်တဲ့ သူတွေ ရှိပါသလား။ တစ်ခုခုနဲ့ တိုက်မိပြီး အညိုအမည်းစွဲနေတာ ပျောက်ကို မပျောက်တော့ဘူး ဆိုတဲ့ သူတွေရော ရှိပါသလား။ ဒီလို လက္ခဏာတွေလည်း ရှိတယ်။ ငယ်ငယ်လေးတည်းက ဖြစ်တာ၊ ယောကျာ်းလေးလည်း ဖြစ်နေတယ် ဆိုရင် ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါများလား ဆိုပြီး စဉ်းစားကြည့်ရမှာပါ။ ဒီရောဂါ ဘာကြောင့်ဖြစ်တာလဲ။ အသက်အန္တရာယ်ရှိလားဆိုတာ လေ့လာကြည့်ရအောင်။

    ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါဆိုတာ ဘာလဲ။

    ပုံမှန်ဆိုရင် တစ်ခုခုနဲ့ ခိုက်မိလို့ သွေးထွက်လာရင် သိပ်မကြာဘူး သွေးက အလိုလို တိတ်သွားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးဥမွှားတွေ၊ သွေးတိတ်စေတဲ့ ပစ္စည်း တွေက သွေးထွက်တဲ့ နေရာကို လာပြီး ပိတ်လိုက်လို့ပါ။ ဒီရောဂါရှိတဲ့သူတွေကျတာ့ သွေးတိတ်စေတဲ့ ပစ္စည်းတွေ မွေးရာပါ ချို့တဲ့နေတာကြောင့် သူများတွေထက် သွေးတိတ်တာ ပိုကြာပါတယ်။ ဒီတိုင်းနေရင်တော့ လူကောင်းပါပဲ။ တစ်ခုခုနဲ့ ခိုက်မိလို့ သွေးမတိတ်ဘူးဆိုမှသာ စပြီး သတိထားမိတာပါ။

    ဘာလို့ ဖြစ်ရတာလဲ။

    ဟေမိုဖီးလီးယား ရောဂါအမျိုးအစားက အများကြီး ရှိပါတယ်။ အများစု မျိုးရိုးလိုက်ပါတယ်။ ဆိုလိုတာက မိသားစုထဲမှာ ဖြစ်ဖူးတဲ့သူရှိပါတယ်။ ၃၀ရာခိုင်နှုန်းလောက်ကတော့ မျိုးရိုး မရှိဘဲဖြစ်တာပါ။ ဟေမိုဖီးလီးယားနဲ့ ပတ်သတ်တဲ့ မျိုးဗီဇမှာ ချို့ယွင်းချက်ဖြစ်သွားတယ်လို့ ယူဆကြပါတယ်။

    ရှားရှားပါးပါး ခုခံအားကမောက်ကမဖြစ်ပြီး ကိုယ့်ရဲ့ သွေးတိတ်စေတဲ့ ပစ္စည်းတွေကို ပြန်ဖျက်ဆီးလို့ ဖြစ်ရတဲ့ ဟေမိုဖီးလီးယားရောဂါလည်း ရှိပါသေးတယ်။  ကိုယ်ဝန်ဆောင်နေတဲ့အချိန်၊ ခုခံအားကမောက်ကမ ရောဂါ၊ ကင်ဆာနဲ့ Multiple sclerosis ရောဂါတွေမှာ တွေ့ရတတ်ပါတယ်။

     မျိုးရိုးလိုက် ဟေမိုဖီးလီးယား

    အတွေ့ရများပါတယ်။ အရင်ဆုံး ပြောချင်တာက လူတစ်ယောက် ယောကျာ်းလေးလား မိန်းကလေးလား ဆိုတာကို မျိုးဗီဇအရ Xတွေ Yတွေနဲ့ ပြောပါတယ်။ XX ဆိုရင် မိန်းကလေး XYဆိုရင် ယောကျာ်းလေးပေါ့။ ဒီXတွေ Yတွေကို အဖေက တစ်ခု၊ အမေက တစ်ခုပေးထားတာပါ။ အဖေဆီက Yနဲ့ အမေက Xနဲ့ ပေါင်းရင် ယောကျာ်းလေး၊ အဖေက Xနဲ့ အမေက Xနဲ့ မိန်းကလေးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အမေက Xပဲ ပေးနိုင်တာပါ။ ဒါက ပုံမှန် ဖြစ်စဉ်ကို ရှင်းပြပေးတာပါ။

    ခု ဟေမိုဖီးလီးယားဖြစ်စေတဲ့ မျိုးဗီဇက Xမှာ ရှိနေတာပါ။ ဒါကြောင့် အမေဟာ ရောဂါသယ်ဆောင်သူ ဖြစ်နေရင်၊ ရောဂါရှိတဲ့ မျိုးဗီဇXက သားဆီရောက်သွားရင် သားမှာ ရောဂါဖြစ်လာမှာပါ။ သမီးတွေကတော့ အဖေ့ဆီက Xအကောင်းတစ်ခု ရထားတဲ့အတွက် ရောဂါသယ်ဆောင်သူ (carrier)ပဲ ဖြစ်လာမှာပါ။ ရောဂါလက္ခဏာလည်း ပြခဲပါတယ်။ ဒါကြောင့် ယောကျာ်းလေးတွေမှာ အဖြစ်များတယ်လို့ ပြောတာပါ။ နောက်ပိုင်းပြီး မျိုးရိုးရာဇဝင်ကို သိချင်ရင် အမေ့ဘက်က ယောကျာ်းလေးအမျိုးတွေမှာ ဒီရောဂါဖြစ်ဖူးတဲ့သူ ရှိမရှိမေးရမှာပါ။

    ဘာလက္ခဏာတွေ ပြမှာလဲ။

    ဟေမိုဖီးလီးယားရဲ့ ရောဂါလက္ခဏာတွေက သူ့မှာ သွေးတိတ်ပစ္စည်း ဘယ်လောက်ချို့တဲ့နေလဲ အပေါ်မူတည်ပါတယ်။ သိပ်မနည်းဘူးဆိုရင် ကြီးကြီးမားမား ထိခိုက်မှု၊ အကြီးစားခွဲစိတ်မှု လုပ်မှပဲ သွေးမတိတ်တာပါ။ တော်တော်ချို့တဲ့မှ အလိုအလျောက်သွေးထွက်တာကို ကြုံရမှာပါ။ လက္ခဏာတွေကတော့

    • သွားနှုတ်တာဖြစ်ဖြစ်၊ သာမန်ထိခိုက်တာဖြစ်ဖြစ် သွေးထွက်များတာ၊ သွေးမတိတ်တာ
    • တစ်ခုခုနဲ့ တိုက်မိရင် အားနဲ့မမျှအောင် ဖူးရောင်တာ
    • ကာကွယ်ဆေးထိုးပြီးရင် သွေးခြည်ဥလာတာ
    • အရိုးအဆစ်မှာ ခိုက်မိရင် အထဲမှာ သွေးတွေစုပြီး ရောင်ရမ်းလာတာ
    • ဆီးထဲ၊ ဝမ်းထဲမှာ သွေးပါတာ
    • ရုတ်တရက် နှာခေါင်းသွေးလျှံတာ

    ဒါတွေထက် ပိုကြောက်ဖို့ကောင်းတာက ဦးနှောက်ထဲ သွေးယိုတာပါ။ ဖြစ်ခဲပေမယ့် မသိလိုက်ရင် အန္တရာယ် ရှိပါတယ်။ ဥပမာပြောရရင် တစ်ခုခုနဲ့ ခေါင်းဆောင့်မိသွားတယ်ဆိုပါစို့။ သာမန်လူတွေက ဘာမှမဖြစ်ပေမယ့် သူတို့က ဦးနှောက်ထဲမှာ သွေးစိမ့်ပြီး မတိတ်တော့ပါဘူး။ လက္ခဏာတွေကတော့

    • အချိန်အကြာကြီး ခေါင်းကိုက်တာ
    • ခဏခဏ အန်တာ
    • အမြဲ အိပ်ချင်သလို နုံးနေတာ
    • အမြင်နှစ်ထပ်ဖြစ်တာ
    • ရုတ်တရက် ခြေတွေ လက်တွေ အားပျော့လာတာ
    • တက်တာ စတာတွေပဲ ဖြစ်ပါတယ်။

    ရောဂါရှိမှန်း ဘယ်လိုသိမလဲ။

    ခုနကပြောတဲ့ လက္ခဏာတွေရှိခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးလို့ရပါတယ်။ ဟေမိုဖီးလီးယားရောဂါ ဘယ်လောက်ဆိုးလဲ ဆိုတာက သွေးတိတ်ပစ္စည်းတွေ ဘယ်လောက်ချို့တဲ့ နေလဲပေါ်မူတည်ပါတယ်။ တချို့ဆို သိပ်မပြင်းထန်လို့ ဘာလက္ခဏာမှ မပြတာတောင် ရှိပါတယ်။

    နောက်တစ်ခုက ဒီရောဂါက မျိုးရိုးလိုက်တဲ့အတွက် မွေးလာမယ့် ကိုယ့်ကလေးမှာ ဒီရောဂါရှိမရှိ ကြိုတင် စစ်ဆေးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်ကတည်းက သိချင်တယ်ဆိုရင်တော့ ရေမြွာရည်ကို ယူပြီး စစ်ဆေးတာ၊ အချင်း အသားစယူပြီး စစ်ဆေးတာ လုပ်လို့ရပါတယ်။ ဒါပေမယ့် မတော်တဆ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲမွေးတာတွေ ဖြစ်နိုင်တဲ့အတွက်  ဆရာဝန်နဲ့ သေချာ တိုင်ပင်ပါ။

    ဒါမှမဟုတ် မွေးပြီးမှ စစ်ချင်တယ်ဆိုလည်း ရပါတယ်။ ကလေးချက်ကြိုးကနေ သွေးကိုယူပြီး စစ်လို့ရပါတယ်။

    ကုသလို့ရလား။

    မျိုးဗီဇရောဂါဖြစ်တဲ့အတွက် အရှင်းပျောက်အောင်  ကုလို့မရပါဘူး။ တတ်နိုင်သမျှ သွေးမထွက်အောင် နေပြီး ကြားထဲမှာ လိုအပ်ရင် သွေးတိတ်ပစ္စည်းတွေ သွင်းနေရမှာပါ။ သွေးသွင်းသလိုပြပေါ့။ ခုနောက်ပိုင်းမှာ မျိုးဗီဇပြုပြင်ထားတဲ့ သွေးတိတ်ပစ္စည်းတွေလည်း ရှိနေပြီဆိုတော့ သွေးမတိတ်ဘူးဆိုရင် ထိုးလို့ရပါတယ်။ သွေးတိတ်ပစ္စည်း သိပ်မချို့တဲ့တဲ့ သူတွေကတော့ လိုမှထိုးရတာဖြစ်ပြီး ပြင်းထန်တဲ့ သူတွေကတော့ ပုံမှန်ထိုးနေရမှာပါ။

    သွေးထွက်မလွန်အောင် ဘယ်လို ကာကွယ်ကြမလဲ။

    အပြီးလည်း ပျောက်အောင် ကုလို့မရဘူးဆိုတော့ သွေးမထွက်အောင် တတ်နိုင်သမျှ ကာကွယ်ရမှာပေါ့။ သူတို့က သွေးမထွက်ရင် လူကောင်းအတိုင်းပဲ နေနိုင်ပါတယ်။ ကာကွယ်နည်းတွေကတော့

    • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ဒါပေမယ့် တွန်းတွန်းတိုက်တိုက် ကစားရမယ့် အားကစားတွေ၊ စက်ဘီးစီးတာ၊ စကိတ်စီးတာတွေကိုတော့ ရှောင်ပါ။
    • သွေးယိုစေနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို ရှောင်ပါ။ ဥပမာ- အက်စပရင်၊  ibuprofen၊၊
    • သွေးကျဲဆေးတွေကိုလည်း ရှောင်ပါ။
    • သွားနဲ့ ခံတွင်းကို သန့်ရှင်းအောင်ထားပါ။ အဓိကကတော့ သွားမနုတ်စေချင်လို့ပါ။ သွားတွေမကောင်းရင် နှုတ်ပစ်ရမှာစိုးလို့၊ သွားနှုတ်ရရင် သွေးတိတ်ဖို့ခက်လို့ သွားသန့်ရှင်းရေးကို ဂရုစိုက်ခိုင်းတာပါ။
    • သင့်ကလေးမှာ ဒီရောဂါရှိမှန်း သိထားရင် သူ့ကို တွန်းတွန်းတိုက်တိုက် ကစားနည်းတွေ ပေးမကစားပါနဲ့။ အပြင်သွားလို့ လိုအပ်မယ်ထင်ရင် ဒူးကာ၊ တံတောင်ကာ၊ ဦးထုပ်ဆောင်းခိုင်းပါ။ အိမ်မှာလည်း ကလေးထိခိုက်နိုင်တဲ့ ပစ္စည်းတွေကို ရှင်းထားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement