၈။ မှက္ခရု။
နို့ချိုတိုက်ကျွေးနေတဲ့အချိန် ရင်သားထိပ်ခေါင်းနားတစ်ဝိုက်မှာ ယားယံရုံသာကဘဲအရေပြား အလွှာချပ်တွေကိုပါ တွေ့နေရမယ်ဆိုရင်တော့ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုး ပေါက်ခြင်းကြောင့် ဖြစ်ရတဲ့ မှက္ခရု ဝေဒနာကို ခံစားနေရတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် မှိုတွေကို တိုက်ဖျက်နိုင်တဲ့ လိမ်းဆေးတွေကိုရင်သားနဲ့ ရင်သားထိပ်ခေါင်းနား တစ်ဝိုက် လိမ်းပေးနိုင်ပြီး မပြင်းတဲ့ မှိုတိုက်ဖျက်ဆေးတွေလည်း သောက်သုံးပြီး ကုသနိုင်မှာ ဖြစ်ပါတယ်။
၉။ သွေးဆုံးခြင်း။
အမျိုးသမီးတွေရဲ့ ဘဝဖြစ်စဉ်ထဲမှာ မဖြစ်မနေဖြတ်သန်းရမယ့် သွေးဆုံးချိန်ရောက်လာချိန်မှာတော့ အရေပြားတွေ ပါးလာခြင်း၊ ခြောက်သွေ့လာခြင်းနဲ့ ပိုယားယံလာခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို အရာတွေဟာ ဟော်မုန်း ပမာဏ အတက်အကျ မြန်လာခြင်းနဲ့ အီစထရိုဂျင် ဟော်မုန် နည်းလာခြင်းတို့ကြောင့် ဖြစ်ရတာ ဖြစ်ပြီး ခန္ဓါကိုယ်ကလည်း အဆီတွေ မထုတ်လုပ်နိုင်တော့တဲ့ အတွက် အရေပြားပိုမို ခြောက်သွေ့လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီး မွေးလမ်းကြောင်းနဲ့ ရင်သားထိပ်ခေါင်းတွေမှာ ယားယံမှုတွေကို ခံစားလာရမှာပါ။ ဒါကို ကုသဖို့ အတွက်ဆိုရင်တော့ အရမ်းမပြင်းတဲ့ ဆပ်ပြာနဲ့ ရေချိုးခြင်း၊ Lotion များလိမ်းပေးနိုင်ပြီး ရေပူနဲ့ ရေချိုးခြင်းတို့ကို သတိထားရှောင်ကြဉ်သင့်ပါတယ်။
၁၀။ ရေဒီယို ဓါတ်ရောင်ခြည် ဖြင့် ကုသခြင်း။
ရင်သားကင်ဆာ ဖြစ်ရင် ကုသရတဲ့ နည်းလမ်းတွေက ကုသမှု ဖြစ်စဉ်ပြီးသွားရင်တောင် ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေကို ပြင်းထန်စွာ ယားယံစေနိုင်ပါတယ်။ ရေဒီယိုဓါတ်ရောင်ခြည်ဟာ အရေပြားဆဲလ်တွေကို သတ်ပစ်ပြီး အရေပြားကို ခြောက်သွေ့စေခြင်း၊ ပူစပ်စေခြင်းနဲ့ အရေခွံတွေ လန်တာနဲ့အမျှ ယားယံခြင်းတို့ကို ဖြစ်စေမှာဖြစ်ပါတယ်။ ဒီလို ယားယံမှုကို ခံစားနေရမယ်ဆိုရင် ထိုဧရိယာ တစ်ဝိုက်ကို ရေခဲတုံးများနဲ့ ပွတ်တိုက်ပေးခြင်း၊ ပေါ့ပေါ့ပါးပါး ချည်ထည် အဝတ်အစားများကို ဝတ်ဆင်ခြင်းနဲ့ အရည်ဓါတ်များများ သောက်သုံးပေးခြင်းဖြင့်ယားယံမှုကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ဟစ်စ္စတာမင်းလို့ခေါ်တဲ့ မတည့်တဲ့အရာနဲ့ ထိတဲ့အခါယားယံစေတဲ့ဒြပ်ပေါင်းကို တိုက်ဖျက်ပေးတဲ့ antihistamines ဆေးတွေနဲ့ corticosteroid ဟော်မုန်းသောက်ဆေးတွေ သောက်ခြင်းဖြင့်လည်း ယားယံမှုကို လျှော့ချနိုင်ပါတယ်။
၁၁။ ရင်သားထိပ်ခေါင်းဆိုင်ရာ ပဲဂျက်စ် ရောဂါ (Paget’s Disease of the Nipple)
၁၉ ရာစုခန့်က ဗြိတိန် ဆရာဝန်တစ်ဦး ဖြစ်တဲ့ Sir James Paget ရဲ့ နာမည်ကို ဂုဏ်ပြုပြီး ခေါ်ဝေါ်ထားတဲ့ ရင်သားထိပ်ခေါင်းဆိုင်ရာ ပဲဂျက်စ် ရောဂါဟာ ရှားပါးတဲ့ ရင်သားကင်ဆာ ပုံစံတစ်မျိုး ဖြစ်ပြီး ကင်ဆာဆဲလ်တွေက ရင်သားထိပ်ခေါင်းတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီကင်ဆာဟာ ပထမဆုံး ရင်သားထိပ်ခေါင်း နို့သယ်ပြွန်တွေမှာ စဖြစ်ပြီး နောက်မှာရင်သားထိပ်ခေါင်း မျက်နှာပြင်နဲ့ areola လို့ခေါ်တဲ့ ရင်သားထိပ်ခေါင်း တစ်ဝိုက်က အနက်ရောင် အရေပြားတွေထဲကို ပျံ့နှံသွားတတ်ပါတယ်။
ဒီကင်ဆာ ဖြစ်နေမယ်မယ်ဆိုရင်လည်း ရင်သားထိပ်ခေါင်းတွေနဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က အနက်ရောင် အရေပြားဟာ အရေခွံဖတ်တွေ ဖြစ်ပေါ်လာပြီး နီရဲယားယံလာမှာ ဖြစ်ပါတယ်။ National Cancer Institute ရဲ့ လေ့လာချက်အရတော့ ရင်သားထိပ်ခေါင်းဆိုင်ရာ ပဲဂျက်စ် ရောဂါဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရင်သားကင်ဆာတွေရဲ့ ၅ ရာခိုင်နှုန်း အထိသာ ရှိတယ်လို့ ဆိုပါတယ်။ ရင်သား ထိပ်ခေါင်းဆိုင်ရာ ပဲဂျက်စ် ရောဂါဟာ အရေပြားတွေ ကျွတ်ဆပ်ပြီး အရေခွံကွာတတ်တာကြောင့် နှင်းခူနာနဲ့ မှားတတ်ကြပါတယ်။
ဒါပေမဲ့ နှင်းခူနာနဲ့ ကွဲတဲ့အချက်က ဒီပဲဂျက်စ်ရောဂါဟာ ရင်သားထိပ်ခေါင်းတစ်ဖက်တည်းမှာပဲ ဖြစ်တတ်ပြီး အဝါရောင် နဲ့ သွေးရောင် အရည်တွေ ထွက်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အကယ်၍ နှင်းခူနာ ပျောက်ဆေးတွေနဲ့ကုသတာတောင်မပျောက်ဘူးဆိုရင် ခန္ဓါကိုယ် အသားမျှင်ကို စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ ပဲဂျက်စ်ရောဂါကို များသောအားဖြင့် ခွဲစိတ်ကုသလေ့ ရှိပြီး ပြီးမှာ ရေဒီယို ဓါတ်ရောင်ခြည်နဲ့ ကုသလေ့ ရှိပါတယ်။
၁၂။ အန္တရာယ် မရှိတဲ့ အကျိတ်များ။
တစ်ခါတစ်ရံမှာ ရင်သားပြွန်တွေ အထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာကျိတ်မဟုတ်တဲ့ သာမန်အကျိတ်တွေကလည်း ရင်သားထိပ်ခေါင်း အရေခွံတွေကို မာကြောယားယံစေနိုင်ပါတယ်။ အကျိတ်အတွက် ရောဂါ စစ်ဆေးမယ်ဆိုရင်တော့ ဆရာဝန်တွေက ရင်သားပြွန်တွေကိုဓါတ်မှန် ရိုက်ခြင်း၊ နှုန်းလွန်အသံလှိုင်း (ultrasound) ရိုက်ခြင်း၊ Mammography လို့ခေါ်တဲ့ X-Ray ဖြင့် ရင်သားပုံရိပ်ဖော် နည်းစနစ်များနဲ့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အများဆုံး ဒီအကျိတ်တွေကို ခွဲစိတ်ပြီး ကုသလေ့ရှိကြပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။