backup og meta

Nipple itching (နို့သီးခေါင်းယားယံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Nipple itching (နို့သီးခေါင်းယားယံခြင်း) ကဘာလဲ။

ရင်သား ဒါမှမဟုတ် နို့သီးခေါင်းယားယံခြင်းဟာ ရှက်စရာကောင်းတဲ့ ပြဿနာတခု အဖြစ် ယေဘုယျယူဆကြပေမယ့် လူအတော်များများဟာ သူတို့ရဲ့ ဘဝတသက်တာမှာ ဒီပြဿနာနဲ့ တချိန်မဟုတ် တချိန် ကြုံတွေ့ရင်ဆိုင်ရတတ်ပါတယ်။ ရင်သား ဒါမှမဟုတ် နို့သီးခေါင်းယားယံခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ သာမန်အရေပြားပြဿနာကနေ (အတော်လေးရှားပါးပေမယ့် ပိုပြီးဂရုပြုရမယ့်) အကြောင်းရင်းခံတွေ ဥပမာ ရင်သားကင်ဆာ စတာတွေအထိ မျိုးစုံပါဝင်နေပါတယ်။

Nipple itching (နို့သီးခေါင်းယားယံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးလုံးဟာ သူတို့ရဲ့ ဘဝတသက်တာမှာ ဒီပြဿနာနဲ့ တချိန်မဟုတ် တချိန် ကြုံတွေ့ရင်ဆိုင်ရတတ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Nipple itching (နို့သီးခေါင်းယားယံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နို့သီးခေါင်းယားယံခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ရင်သား ဒါမှမဟုတ် နို့သီးခေါင်းယားယံခြင်းကြောင့် သင့်အနေနဲ့ ကုတ်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာနိုင်ပါတယ်။ အနည်းငယ် ကသိကအောင့်ဖြစ်ခြင်း၊သာမန်ယားယံခြင်းတွေကနေ ဆိုးဆိုးရွားရွား ယားယံခြင်းအထိ ဖြစ်နိုင်သလို တခါတရံ ယားယံခြင်း သို့မဟုတ် တချိန်လုံး ယားယံနေခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ယားတဲ့အခါ ကုတ်လိုက်ခြင်းကြောင့် နုနယ်တဲ့အရေပြားမှာ နီရဲရောင်ရမ်းခြင်း၊ကွဲခြင်း ဒါမှမဟုတ် အသားမာတက်ပြီး ထူလာခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကုတ်ခြင်းဟာ ယားယံမှုဝေဒနာကို တဒင်္ဂသက်သာစေပေမယ့် အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရင်သား သို့မဟုတ် နို့သီးခေါင်းယားယံခြင်းဟာ ရက်အနည်းငယ်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဒါမှမဟုတ် ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

နို့သီးခေါင်းထဲကနေ အဝါရောင်၊သွေးရောင်၊အညိုရောင် အရည်များ ထွက်လာခြင်း။

နို့သီးခေါင်းအထဲဝင်ခြင်း။

ရင်သားတင်းပြီး နာနေခြင်း။

ရင်သား အရေပြားက လိမ္မော်သီးခွံနှင့် တူလာခြင်း။

ရင်သားတစ်ရှူးများ ထူလာခြင်း။

အကယ်၍ သင့်အနေနဲ့ ကလေးနို့တိုက်နေပြီး ရင်သားအပြင်းအထန်နာကျင်ခြင်း ဝေဒနာကို ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသပါ။

အကြောင်းရင်းများ

Nipple itching (နို့သီးခေါင်းယားယံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်ဝန်ဆောင်ခြင်း

ဟော်မုန်းအပြောင်းအလဲ၊ရင်သားကြီးလာခြင်း၊သွေးအသွားအလာများခြင်း စတဲ့ အချက်တွေကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ နို့သီးခေါင်းယားယံခြင်းကို ခံစားရနိုင်ပါတယ်။ နို့သီးခေါင်း နာကျင်ခြင်း၊ပုရွတ်ဆိတ်ကလေးများ ပြေးနေသလို ရွစိရွစိ ခံစားရခြင်း၊အထိအတွေ့ကို ပိုမိုအာရုံခံလာနိုင်ခြင်း၊ရင်သားတင်းပြီးလေးလံနေခြင်း စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။

အရေပြားရောင်ရမ်းခြင်း

နို့သီးခေါင်းနှင့် နို့သီးခေါင်းတဝိုက် အရေပြားရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း အမျိုးမျိုး ရှိပြီး ဒီအကြောင်းရင်းတွေထဲမှာ နှင်းခူ၊ဓါတ်မတည့်အရေပြားနာ စတာတွေလည်း ပါဝင်နေပါတယ်။ အချို့သော အရေပြားရောင်ရမ်းခြင်း ပြဿနာတွေကြောင့် နှင်းခူဖြစ်လာနိုင်ပြီး နို့တိုက်မိခင်တွေမှာ ဒီလိုမျိုး အဖြစ်များပါတယ်(အထူးသဖြင့် အရင်တုန်းက အရေပြားရောင်ရမ်းခြင်း ဝေဒနာ ခံစားဖူးတဲ့ မိခင်တွေမှာပေါ့)။

နှင်းခူဆိုတာဟာ ရင်သားအပါအဝင် ခန္ဓါကိုယ်အနှံ့အပြားမှာ ဖြစ်ပေါ်လာနိုင်တဲ့ အရေပြားပြဿနာတမျိုးပဲ ဖြစ်ပါတယ်။ ပြေးလွှားခြင်း၊အဝတ်ကြမ်းကြမ်းများနဲ့ ကြာရှည်စွာ ပွတ်တိုက်မိနေခြင်း၊ရေ၊ဆပ်ပြာ၊ချေးချွတ်ဆေးများနှင့် မတည့်ခြင်း စတာတွေကြောင့် နှင်းခူအမျိုးအစားအချို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ တချို့ နှင်းခူအမျိုးအစားတွေကျပြန်တော့လည်း ဓါတ်မတည့်ခြင်း ဒါမှမဟုတ် အဆီတမျိုးမျိုး၊ရေမွှေး စတာတွေနဲ့ ထိတွေ့မိခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်ပြန်ပါတယ်။

နို့သီးခေါင်း သို့မဟုတ် နို့သီးခေါင်းတဝိုက်မှာ ဖြစ်ပွားတတ်တဲ့ နှင်းခူရဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ယားယံခြင်း၊ပူခြင်း၊နာကျင်ခြင်း။
  • အနီဖုလေးများပေါက်ခြင်း။
  • ပြည်/အရည်များထွက်သော အနာများဖြစ်လာခြင်း။

အရေပြား မာခြောက်နေခြင်း၊အချပ်အချပ်များ ဖြစ်ခြင်း။

Yeast မှိုစွဲခြင်း

fungus ဒါမှမဟုတ် Candida albicans ကြောင့်ဖြစ်တဲ့ ရင်သားမှိုစွဲခြင်းကို အမျိုးသမီးတွေအနေနဲ့ ခံစားရနိုင်တယ်ဆိုပေမယ့် အခြားသော အကြောင်းရင်းတွေကြောင့်လည်း မှိုစွဲခြင်း ဖြစ်ပေါ်လာနိုင်ပါသေးတယ်။ နို့တိုက်မိခင်တွေ၊ယောနိမှိုစွဲနေသူတွေနဲ့ ပဋိဇီဝပိုးသတ်ဆေး သုံးစွဲနေရသူ အမျိုးသမီးတွေမှာ ရင်သားမှိုစွဲခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။ မှိုစွဲခြင်းဟာ နို့သီးခေါင်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဖြစ်ခဲတယ်ဆိုပေမယ့် အမျိုးသားတွေမှာလည်း ရင်သားမှိုစွဲတဲ့ ရောဂါ ဖြစ်ပေါ်နိုင်ပါသေးတယ်။ နို့သီးခေါင်းမှိုစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့

  • (ရင်သား သို့မဟုတ် နို့သီးခေါင်းကို)တခုခုနဲ့ အထိုးခံလိုက်ရသလို နက်နက်ရှိုင်းရှိုင်း နာကျင်ခံစားရခြင်း။
  • (အများအားဖြင့် နို့တိုက်ပြီးချိန်မှာ) ပူစပ်ပူလောင်ခံစားရခြင်း။
  • နို့သီးခေါင်း နာကျင်ခြင်း၊ပူစပ်ပူလောင်ဖြစ်ခြင်း၊ယားယံခြင်း၊စူးခနဲဖြစ်ခြင်း။
  • နို့သီးခေါင်းနှင့် နို့သီးခေါင်းတဝိုက်မှာ နီရဲခြင်း။
  • နို့သီးခေါင်းဘေးအဝိုင်း ခြောက်သွေ့ခြင်း။
  • အဖြူကွက်များ ပေါ်လာခြင်း။

နို့သီးခေါင်းကွဲခြင်း (တော်တော်နဲ့ ပြန်မကောင်းတတ်ပါ)။

အပြေးသမားများတွင် တွေ့ရတော့သော နို့သီးခေါင်းပြဿနာ (Jogger’s nipple)

ပြေးခြင်း၊လှိုင်းစီးခြင်း၊အလေးမခြင်း စတဲ့ အားကစားလှုပ်ရှားမှုတွေကို ပြုလုပ်တဲ့အခါ အဝတ်နဲ့ နို့သီးခေါင်းပွတ်တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာကို ဆိုလိုပါတယ်။ အခြားသော အပြုအမူတွေကြောင့်လည်း Jogger’s nipple ဖြစ်ပေါ်လာနိုင်ပါတယ်(အမျိုးသား၊အမျိုးသမီး နှစ်ဦးလုံးမှာ တွေ့ရတာပါ)။

Jogger’s nipple ဖြစ်ပေါ်လာနိုင်ချေများတဲ့ သူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ချည်ထည်အင်္ကျီ ဝတ်ဆင်သူများ။

အတွင်းခံ ဘရာ မပါဘဲ ပြေးသူများ။

ဆောင်းတွင်းကာလမှာ အားကစားလုပ်သူများ။(ဆောင်းတွင်းရာသီဥတုအေးချိန်မှာ နို့သီးခေါင်းဟာ မာတောင်နေတတ်တာကြောင့် ဖြစ်ပါတယ်)

Jogger’s nipple ရဲ့ လက္ခဏာတွေကတော့

အရေပြား နီရဲရောင်ရမ်းချဉ်။

နို့သီးခေါင်း ခြောက်သွေ့နာကျင်ခြင်း။

နို့သီးခေါင်းကွဲခြင်း (သွေးယိုစီးမှု တခါတရံ ရှိတတ်ပြီး တခါတရံလည်း မရှိတတ်ပါ)။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Nipple itching (နို့သီးခေါင်းယားယံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အမှန်ကန်ဆုံးသော အဖြေကို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် ပြသပါ။

Nipple itching (နို့သီးခေါင်းယားယံခြင်း) ကို ဘယ်လိုကုသပါသလဲ

ယေဘုယျအနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ နို့သီးခေါင်းယားယံခြင်းကို မိမိတို့ဖာသာ ကုသနိုင်ပါတယ်။

ဓါတုဗေဒပစ္စည်းတွေ မပါဝင်တဲ့ ဗီတာမင် အီး၊ကိုကာထောပတ် ဒါမှမဟုတ် သိုးမှထုတ်ထားသော လန်နိုလင်အဆီ စတာတွေကို အသုံးပြုနိုင်ပါတယ်။ ဗက်ဆီလင်းအလှဆီကဲ့သို့သော အဆီတွေကို တနေ့တာလုံး ထပ်ဆောင်းလိမ်းပေးခြင်းအားဖြင့် အရေပြားအစိုဓါတ်ကို ကူညီထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။ ရေချိုးပြီးတဲ့အခါ (အထူးသဖြင့် မနက်ပိုင်းနဲ့ ညနေပိုင်း) လိုးရှင်း ဒါမှမဟုတ် ဗက်ဆီလင်း အလှဆီတို့ကို နို့သီးခေါင်းအား လိမ်းပေးနိုင်ပါတယ်။

အနံ့မပါတဲ့ ခပ်ပျော့ပျော့ ဒီတားဂျန့်တွေကို သုံးစွဲမယ်ဆိုရင် ဓါတုဗေဒပစ္စည်းအပြင်းစားတွေကြောင့် အရေပြားထိခိုက်မှုကို အတိုင်းအတာတခုထိ ကာကွယ်ပေးနိုင်ပါတယ်။

သင့်လျော်တဲ့ အတွင်းခံ(ဘရာ)ကို ဝတ်ပါ။ မိမိခန္ဓါကိုယ်နဲ့ မချောင်လွန်း၊မကြပ်လွန်းတဲ့ ကိုယ်ဝန်ဆောင်ဝတ်ဘရာစီယာတွေကို အသုံးပြုပေးမယ်ဆိုရင် ရင်သားဆီ လေဝင်လေထွက်ကောင်းမွန်စေမယ့်အပြင် အရမ်းမကြပ်လွန်းတဲ့အတွက် ယားယံခြင်းတွေကိုလည်း ကူညီလျှော့ချပေးပါလိမ့်မယ်။

ရင်သား သို့မဟုတ် နို့သီးခေါင်းနှင်းခူကို အောက်ပါနည်းလမ်းတွေနဲ့ ကုသပေးနိုင်ပါတယ်။

  • ဓါတ်မတည့်မှုကို ဖြစ်စေ၊ပိုဆိုးစေတဲ့ အရာတွေကို ရှောင်ကျဉ်ရပါမယ်။
  • ကုတ်လေယားလေဖြစ်ပြီး အရေပြားပိုးဝင်ခြင်းကိုလည်း ဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်သမျှ မကုတ်ပါနဲ့။
  • အရေပြားအစိုဓါတ်ကို ကောင်းစွာ ထိန်းသိမ်းပါ (သင့်တော်မယ့် ရေဓါတ်ထိန်းပစ္စည်း moisturizers ကို သုံးစွဲပါ)။
  • စတီးရွိုက်လိမ်းဆေး ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို သုံးစွဲပါ။
  • hydroxyzine ကဲ့သို့သော ဟစ်စတာမင်းဆန့်ကျင်ဆေးဝါးတွေကို သုံးစွဲပါ။

ကူးစက်ပိုးပါ ဝင်လာရင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေကိုပါ သုံးစွဲပြီး ကုသရပါမယ်။ ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ သုံးစွဲပါ။

ရင်သား သို့မဟုတ် နို့သီးခေါင်း မှိုစွဲခြင်းကို ကုသဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးရပါမယ်။

  • မှိုစွဲရောဂါ ကုသရာမှာ အသုံးပြုတဲ့ ခရင်မ် နဲ့ သောက်ဆေးတွေကို သုံးစွဲပါ။
  • နို့သီးခေါင်းကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။
  • နို့ခံအဝတ်တွေကို တနေ့တာလုံး လိုအပ်သလို လဲပေးပါ။
  • အဝတ်အစားတွေ၊မျက်နှာသုတ်ပုဝါတွေ၊တဘက်တွေ၊ဘရာစီယာတွေ၊နို့ခံအဝတ်တွေနဲ့ အခြားအဝတ်အထည်တွေကို ရေနွေးပူပူ၊ဆပ်ပြာများများနဲ့ ပြုတ်လျှော်ပါ။ လျှော်ပြီးတဲ့အခါမှာလည်း ဖြစ်နိုင်ရင် သဘာဝလေနဲ့ ခြောက်သွေ့ပါစေ။

နို့ညှစ်ကိရိယာနဲ့ နို့သီးခေါင်းတွေကို ရေနွေးနဲ့ ငါးမိနစ်လောက်ထည့်ပြုတ်ပြီး ပိုးသတ်ပါ(ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ပိုးသတ်ပါ)။ ပစ္စည်းတွေကို တပတ်တခါအသစ်လဲပစ်တာ အကောင်းဆုံးပါ။

အပြေးသမားတွေမှာ ဖြစ်ပွားတတ်တဲ့ နို့သီးခေါင်းပြဿနာကို ကာကွယ်ကုသဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းတွေကို လိုက်နာရပါမယ်။။

  • နို့သီးခေါင်းထပ်မံထိခိုက်မှုကို ကာကွယ်ဖို့အတွက် အနာကောင်းကောင်းကျက်သွားတဲ့အချိန်ထိ ကိုယ်လက်လှုပ်ရှားမှုတွေကို ခေတ္တနားထားရပါမယ်။
  • ပဋိဇီဝပိုးသတ်ခရင်မ်တွေကို အသုံးပြုပါ။
  • ခပ်ချောင်ချောင်ရှပ်အင်္ကျီတွေကို ဝတ်ဆင်ခြင်း၊အနားသတ်လိုင်းမပါတဲ့ ခပ်ပျော့ပျော့ ဘရာစီယာတွေကို ဝတ်ဆင်ခြင်း၊အားကစားသမားဝတ် ကိုယ်တပိုင်းပြတ်ဘရာအင်္ကျီကို ဝတ်ဆင်ခြင်း၊ရင်ဘတ်ကို ဖိကပ်ထားသော အားကစားဝတ်စုံတွေကို ဝတ်ဆင်ခြင်း ဒါမှမဟုတ် အသားပျော့ပျော့ရှပ်အင်္ကျီတွေကို ဝတ်ဆင်ခြင်း စတာတွေကို ရှောင်ကျဉ်ရပါမယ်။
  • အားကစားလှုပ်ရှားမှု မပြုလုပ်ခင်မှာ နို့သီးခေါင်းကို ရေလုံတဲ့ ပလတ်စတာကပ်ပြီး ကြိုတင်ကာကွယ်ပါ။

အားကစားလှုပ်ရှားမှု မပြုလုပ်ခင်မှာ နို့သီးခေါင်းကို ကာကွယ်ပေးနိုင်တဲ့ အလှဆီ၊လိမ်းဆေး စတာတွေကို ကြိုတင်လိမ်းပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နို့သီးခေါင်း ယားယံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နို့သီးခေါင်း ယားယံခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ဓါတ်မတည့်အရေပြားရောင်ရမ်းမှုကြောင့် နို့သီးခေါင်း သို့မဟုတ် ရင်သားယားယံခြင်းကို ကာကွယ်ဖို့အတွက် သင့်လျော်တဲ့ အသားအရေထိန်းသိမ်းမှုကို ဂရုတစိုက်လုပ်ဆောင်ရပါမယ်။ ဒါပေမယ့်လည်း အချို့သောအကြောင်းရင်းတွေ (ဥပမာ ကင်ဆာ)ကတော့ ကာကွယ်လို့မရနိုင်ပါဘူး။

ရင်သားရောင်ရမ်းခြင်းကို ကာကွယ်နိုင်ဖို့အတွက် နို့တိုက်တဲ့အခါ ကုန်အောင်တိုက်ပါ။

အခြားသော ကာကွယ်မှုနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ကလေးနို့တိုက်တဲ့အခါ ဘယ်ညာ တလှည့်စီတိုက်ပါ။
  • နို့တိုက်တဲ့အနေအထားကို ပြောင်းပါ။
  • နောက်တဖက် ပြောင်းမတိုက်ခင် ပထမနို့မှာ နို့ကုန်တာ သေချာပါစေ။
  • ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်တွေကို ရရှိနိုင်ဖို့အတွက် နို့ချိုတိုက်ကျွေးခြင်းနဲ့ ပတ်သက်ပြီး တတ်ကျွမ်းနားလည်သူတွေထံ သွားရောက် ဆွေးနွေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nipple Itching https://www.healthline.com/symptom/nipple-itching Accessed
October 27, 2017
Itchy nipples: Causes, symptoms, and treatments
https://www.medicalnewstoday.com/articles/319538.php Accessed October 27,
2017
Women’s health guide https://www.webmd.boots.com/women/guide/itchy-nipple
Accessed October 27, 2017

ယခုပုံစံ

13/09/2019

Dr. Thiha Phyo Myint မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement