backup og meta

အမျိုးသမီးများ အတွက် Hello Sayarwon

အမျိုးသမီးများ အတွက် Hello Sayarwon

အားလုံးပဲ မင်္ဂလာပါ။ Helloဆရာဝန် အဖွဲ့သားတွေကိုယ်စား နှုတ်ခွန်းဆက်သပါတယ်။ Hello Sayarwon (Helloဆရာဝန်)ကို ၂၀၁၇ခုနှစ်မှာ စတင်တည်ထောင်ကတည်းကစပြီး ဝဘ်ဆိုက်ရဲ့ အခန်းကဏ္ဍတွေကို ဖွဲ့စည်းရာမှာ အမျိုးသမီးကျန်းမာရေးကဏ္ဍဟာ မပါမဖြစ်အနေနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။ စတင်တည်ထောင်တဲ့အချိန်ကနေ ဒီနေ့အထိ အမျိုးသမီးများကဏ္ဍဟာ လူဖတ်အများဆုံးအဖြစ် အမြဲမှတ်တမ်းဝင်ပါတယ်။

အမျိုးသမီးတွေဟာ မိသားစုတစ်ခုရဲ့ အစောင့်အရှောက် နတ်သမီးတွေပါ။ ကျန်းမာရေးဗဟုသုတနဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြုစုဂရုစိုက်ဖို့တွေမှာ အမျိုးသမီးတွေရဲ့ပင်ကိုယ်ဗီဇဟာ နှိုင်းမယှဉ်သာဘူးဆိုတာ မြင်သာထင်သာရှိပါတယ်။

ဒေါက်တာသူရိန်လှိုင်ဝင်း

Hello Sayarwon (Helloဆရာဝန်)ဟာ အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုသလို အမြဲတမ်းတိုးတက်ကောင်းမွန်လာဖို့ကိုလည်း အမြဲရှေးရှုပါတယ်။ ရှေးရိုးစွဲဝါဒီတွေများတဲ့ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ဦးဆောင်မှုနဲ့ အခွင့်အရေးတွေကို မြှင့်တင်ဖို့ကြိုးစားရတာဟာ ထင်သလောက်မလွယ်ဘူးဆိုတာ သိကြမှာပါ။

အမျိုးသမီးတွေကိုယ်တိုင်ကတောင်မှ ကိုယ့်အခွင့်အရေးကို နားမလည်နိုင်၊ အဆုံးရှုံးခံနေကြတာမျိုးတွေရှိနေကြတယ်မလား။ ဒီလိုနဲ့ပဲ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ကဏ္ဍပေါင်းများစွာမှာ အမျိုးသမီးတွေဟာ တဆင့်နိမ့်တဲ့နေရာမှာ ဆက်ဆံခံကြရ၊ ခွဲခြားခံကြရပါတယ်။ အထူးသဖြင့် ပညာတတ်မြောက်မှုနိမ့်ပါးတဲ့နေရာတွေမှာ ဒီလိုခွဲခြားဆက်ဆံမှုတွေကို ပိုမြင်တွေ့ရပါတယ်။ ဥပမာအားဖြင့် ရာသီလာချိန်မှာ အမျိုးသမီးက အမျိုးသားနဲ့ထိတွေ့လို့မရဘူးဆိုတာမျိုး၊ အမျိုးသမီးရာသီလာတာ နိမ့်ကျတဲ့အရာဖြစ်တယ်ဆိုတာမျိုး၊ အမျိုးသမီးရောဂါအကြောင်း၊ အမျိုးသမီးလိင်အင်္ဂါအကြောင်း၊ လိင်ကျန်းမာရေးအကြောင်း၊ မိခင်နှင့်ကလေးကျန်းမာရေး အစရှိသဖြင့် အမျိုးသမီးကျန်းမာရေးတွေဟာ မမှန်ကန်တဲ့သတင်းအချက်တွေ၊ မှားယွင်းပြီး အန္တရာယ်များတဲ့ရှေးရိုးစွဲအယူအဆတွေ၊ ပြောဖို့မသင့် ပြောမကောင်း မဆွေးနွေးကောင်း မသင်ကြားကောင်းတဲ့အရာတွေအဖြစ် ရှုမြင်နေကြပါတယ်။ စစ်ပွဲတွေရဲ့ဒဏ်၊ ဆင်းရဲမွဲတေမှုနဲ့ ပညာတတ်မြောက်မှုနိမ့်ကျခြင်းတို့ကြီးစိုးတဲ့နေရာမှာ အမျိုးသမီးတွေရဲ့အခွင့်အရေးဟာ ဆုံးရှုံးရုံတင်မက အနိုင့်အထက်လည်း ပြုမူခံနေရပါတယ်။

ဒီလိုအတားအဆီးတွေများစွာနဲ့ ရှေ့ဆက်လာခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးမြှင့်တင်ခြင်းမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ မတ်လ ၈ ရက်မှာကျင်းပမယ့် အမျိုးသမီးများနေ့အထိမ်းအမှတ်မှာ Helloဆရာဝန်ကလည်း ဂုဏ်ယူစွာနဲ့ပါဝင်မှာဖြစ်ပါတယ်။ ၂ပတ်ကြာကျင်းပမယ့် အမျိုးသမီးကျန်းမာရေးအထူးကဏ္ဍမှာ Helloဆရာဝန်က အမျိုးသမီးကျန်းမာရေးကြောင်းစုံလင်စွာ ဖော်ပြပေးမယ့်အပြင် အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနဲ့ ပါဝင်မှု အခန်းကဏ္ဍတွေကိုမြှင့်တင်ဖို့ရာလည်း ပြုလုပ်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ အမျိုးသမီးပရိသတ်ကြီးအနေနဲ့လည်း တတပ်တအားပါဝင်နိုင်ကြပါတယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုမြှင့်တင်ဖို့ ကူညီနိုင်ကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ဒီလိုခွဲခြားနှိမ့်ချခံနေရတာတွေအပေါ် ဓမ္မဓိဌာန်ကျကျရှုမြင်ပြီး ဝိုင်းဝန်းမြှင့်တင်ကူညီပေးလို့ရပါတယ်။

“တစ်ယောက်အားနှင့်ဆိုသော်မရ တစ်သောင်းအားနှင့်ဆိုသော်ရ၏” ဆိုတဲ့အတိုင်းပဲ အားလုံးအတူပါဝင်ကြမယ်ဆိုရင်၊ အမျိုးသား အမျိုးသမီး အားလုံးအတူရပ်တည်ပြီး ရှေးရိုးစွဲတွေ၊ မမှန်ကန်တဲ့အချက်အလက်နဲ့ အသိအမြင်အမှားတွေကို ချေဖျက်နိုင်ကြမယ်ဆိုရင် ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်ဟာ ဒီထက်ပိုပြီးလှပသာယာ နေချင့်စဖွယ်ကောင်းမယ်ဆိုတာအမှန်ပါပဲ။

အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုလျက်

ဒေါက်တာသူရိန်လှိုင်ဝင်း

အယ်ဒီတာချုပ်

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

08/03/2023

Dr. Thurein Hlaing Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

ဟော်မုန်း မညီမျှမှုက အမျိုးသမီး စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement