brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း

သောက်ရတာကြိုက်တဲ့ လေဒီတို့ ဒီ ဆောင်းပါး ခေါင်းစဉ်ကို မြင်မိပါစေနော်။ ဒီနေ့ခေတ်မှာ အရာရာ ရင်ဘောင်တန်းနိုင်ပြီ ဆိုပေမယ့် ပုရိသတွေနဲ့ ယှဉ်မသောက်ကြဖို့ သတိလေး ပေးလိုက်ချင်လို့ပါ။ လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း ကိုတော့ ကိုယ်တိုင် ဖတ်ကြည့်လိုက်တော့နော်။

လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း

လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း

လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း ကတော့ သောက်တာချင်း တူတူကို မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အရက်နာကျတဲ့ ဝေဒနာ ပိုခံစားရလို့ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို လေ့လာတွေ့ရှိခဲ့တဲ့ သုတေသန တစ်ခု အကြောင်း ဆက်ပြီး ကြည့်ရအောင်။

အမေရိကန် သုတေသန ပညာရှင်တွေက အရက်နာကျခြင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို တိုင်းတာဖို့ အရက်နာကျ လက္ခဏာ တိုင်းတာမှု စနစ်သစ် တစ်ခုကို ရေးဆွဲခဲ့ကြပါတယ်။

ဒီတိုင်းတာမှုမှာ ရေဓာတ်ခမ်းခြောက်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အားနည်းခြင်း၊ အာရုံစိုက်မရခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ အိပ်မရခြင်းတို့လို အရက်နာကျ လက္ခဏာ ၁၃ မျိုးကို ဖြစ်လေ့ရှိမှုနဲ့ ပြင်းထန်မှုတို့အပေါ် အဆင့်တွေ သတ်မှတ်ခဲ့ပါတယ်။

ဒါကို စမ်းသပ်နိုင်ဖို့ သုတေသီတွေက တက္ကသိုလ်ကျောင်းသား ၁၂၃၀ ဦးကို ပြီးခဲ့တဲ့ နှစ်အတွင်း သူတို့ရဲ့ သောက်တတ်တဲ့ အလေ့အကျင့်နဲ့ အရက်နာကျ လက္ခဏာတွေ အကြောင်း စစ်တမ်း ကောက်ယူခဲ့ပါတယ်။

စစ်တမ်းမှာ ကျောင်းသားတွေရဲ့ အယ်လ်ကိုဟော သောက်သုံးမှု ရာဇဝင်၊ အရက်ကြောင့် ဖြစ်တဲ့ ပြဿနာတွေ၊ ဒီလို ပြဿနာတွေ ရှိခဲ့တဲ့ မိသားစု ရာဇဝင်တွေကိုလည်း မှတ်တမ်း ယူခဲ့ပါတယ်။

ဒီ သုတေသန ရလဒ်တွေကို Alcoholism: Clinical and Experimental Research စာစောင်မှာ စက်တင်ဘာလက ဖော်ပြခဲ့တာပါ။

မိန်းကလေးတွေမှာ ပိုဆိုးနိုင်တယ်

လေ့လာမှု အရ သောက်လိုက်တဲ့ အယ်လ်ကိုဟော ပမာဏချင်း မတူတာတောင် အရက်နာကျတဲ့ လက္ခဏာတွေမှာ လေဒီတို့ က ပိုပြီးဆိုးဆိုး ခံစားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိန်းကလေးတွေမှာ ယောကျ်ားလေးတွေထက် ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ဖြစ်နိုင်ခြေ ပိုများပြီး အရက်နာကျ လက္ခဏာကို ခံစားရတာ အချိန်လည်း ပိုကြာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒါတင်မကသေး ပါဘူးနော်။ အရင်တည်းက အရက်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရဖူးသူတွေမှာ အရက်နာကျ လက္ခဏာ ပိုခံစားရလေ့ရှိပါတယ်တဲ့။

လူဦးရေ ၇၆၀၀၀ ကို လေ့လာခဲ့တဲ့ ဒိန်းမတ်နိုင်ငံက နောက်ထပ် သုတေသနတစ်ခုကလည်း အလားတူတွေ့ရှိချက်ကို ထုတ်ဖော်ခဲ့ပါတယ်။

နွမ်းနယ်နေတာ၊ အာခေါင်ခြောက်တာ၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ အစားပျက်တာ၊ ခေါင်းမူးတာ၊ ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ ရင်တုန်တာတို့လို အရက်နာကျတဲ့လက္ခဏာတွေက လေဒီတို့ မှာ ပိုဆိုးတတ်တယ်လို့ သူတို့ကလည်း ဖော်ပြခဲ့ပါတယ်။

ကဲ… လေဒီတို့ရေ။ ကြည့်ကျက်သောက်ကြပါနော်။ အရက်နာကျ လက္ခဏာမှာတောင် ပိုဆိုးနေတာ၊ အရက်ကြောင့်ဖြစ်မယ့် ပိုအန္တရာယ်ကြီးတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဆိုရင် ဘယ်လိုနေမယ် သုတေသနတွေ မရှိလာသေးတော့ မသိနိုင်ပါဘူး။ တခြားနေရာ ရင်ဘောင်တန်းပါ၊ အရက်မှာတော့ ယှဉ်မသောက်ပါနဲ့လို့ အကြံပေးလိုက်ပါရစေ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/02/2023 ဖြစ်ပါသည်။