brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားအိမ်ထုတ် ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

သားအိမ်ထုတ်တယ် ဆိုတာ ဗိုက်အောက်ပိုင်းကနေ ခွဲစိတ်ပြီး သားအိမ်ကို ဖယ်ရှားတဲ့ ကုသမှု ဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ရာမှာ partial hysterectomy (သားအိမ်ကိုပဲ ဖယ်ရှားပြီး သားအိမ်ခေါင်းကို နဂိုအတိုင်း ချန်ထားခဲ့တာ) နဲ့ total hysterectomy (သားအိမ်နဲ့ သားအိမ်ခေါင်းကို လုံးဝ ဖယ်ရှားလိုက်တာ) ဆိုပြီး ရှိပါတယ်။

သားအိမ်ထုတ် ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

တစ်ခါတလေ total hysterectomy ခွဲစိတ်မှုမှာ သားဥအိမ်၊ သားဥပြွန် သို့မဟုတ် နှစ်ခုစလုံးကိုပါ ဖယ်ရှားရတာတွေ ပါဝင်တတ်ပါတယ်။ ခွဲစိတ်တဲ့အခါ မိန်းမကိုယ်ကနေ သားအိမ်ထုတ် ခွဲစိတ်ခြင်း(vaginal hysterectomy) အပါအဝင် တခြားနောက်ဆုံးပေါ် သားအိမ်ထုတ် ခွဲစိတ်နည်းတွေ ရှိပါသေးတယ်။ ဆိုးကျိုး အနည်းဆုံးနဲ့ ကိုယ်နဲ့ အသင့်တော်ဆုံး နည်းလမ်းကို ဆရာဝန်က ရွေးချယ်ဆုံးဖြတ်ပေးပါလိမ့်မယ်။

သားအိမ်ထုတ် ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

သားအိမ်ထုတ် ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

ခွဲစိတ်ပြီးတဲ့အခါ

ခွဲစိတ်မှုပြီးတဲ့အခါ ကိုယ့်ရဲ့ဆရာဝန်၊ ဆရာမတွေက –

  • နာကျင်မှု နဲ့ပတ်သက်တဲ့ လက္ခဏာတွေ စောင့်ကြည့် ကုသပေးကြမယ်၊
  • နာကျင်မှု သက်သာစေဖို့နဲ့ ခွဲစိတ်ဒဏ်ရာ ပိုးမဝင်စေဖို့ ဆေးတွေ ပေးမယ်၊
  • ခွဲစိတ်မှု သက်သာလာတာနဲ့ ပုံမှန်အတိုင်း လှုပ်ရှားနိုင်အောင် အားပေးကူညီ ကြပါလိမ့်မယ်။

နာလန်ထူမယ့် ကာလ

အမျိုးသမီး အများစုအတွက်တော့ ဝမ်းဗိုက်ကနေ ခွဲစိတ်မှု နောက်ပိုင်းမှာ ပြန်လည် နာလန်ထူနိုင်ဖို့ ၆ ပတ်လောက် ကြာနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ –

  • ကောင်းကောင်း အနားယူပါ။
  • ခွဲစိတ်ပြီးနောက်ပိုင်း ၆ ပတ် အတွင်း အလေးအပင် မ မပါနဲ့။
  • လူက လှုပ်လှုပ်ရှားရှား နေပါ။ သို့သော် ပထမ ၆ ပတ်အတွင်း အားစိုက်ရတဲ့၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။
  • လိင်မှုကိစ္စအတွက် ၆ ပတ် ကျော်တဲ့အထိ စောင့်ပေးပါ။
  • ပုံမှန်လုပ်နေကျ အလုပ်တွေ ပြန်မစခင် ဆရာဝန် ညွှန်ကြားချက်တွေ အတိုင်း လိုက်နာနေထိုင်ပါ။

သားအိမ် ထုတ်ပြီးပြီဆိုရင်

သားအိမ် ထုတ်ခွဲစိတ်မှု ပြုလုပ်လိုက်ပြီဆိုရင် ပြောင်းလဲသွားမယ့် အရာတွေ ရှိပါတယ် –

  • ရာသီမလာတော့ဘူး၊ ကိုယ်ဝန်ဆောင်လို့ မရတော့ဘူးဆိုတာ သိထားပြီးသား ဖြစ်မှာပါ၊
  • ကိုယ်က သွေးမဆုံးသေးတဲ့ အရွယ်ဖြစ်မယ်။ သားအိမ်နဲ့အတူ သားဥအိမ်တွေကို ဖယ်ရှားလိုက်ရမယ်ဆိုရင် သွေးဆုံးသွားပြီ ဖြစ်ပါတယ်။
  • သွေးမဆုံးခင်မှာ သားအိမ် ထုတ်လိုက်ရပြီး သားဥအိမ်တွေကို မထုတ်ခဲ့ဘူးဆိုရင် သွေးဆုံးမယ့် ပုံမှန် အသက်အရွယ်ထက် စောပြီး သွေးဆုံးခြင်းကို ခံစားရနိုင်ပါတယ်။
  • Partial hysterectomy ခွဲစိတ်မှုကို ခံယူထားပြီး သားအိမ်ခေါင်းက နဂိုအတိုင်း ကျန်ရှိနေတယ်ဆိုရင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။ သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးမှုကို ပုံမှန် ပြုလုပ်သင့်ပါတယ်။
  • သားအိမ် ထုတ်ပြီး နောက်ပိုင်းမှာ လိင်မှုကိစ္စ ပုံမှန် ပြန်ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် စစချင်းမှာ အနည်းငယ် ကသိကအောက် ဖြစ်နိုင်ပါတယ်။

သားအိမ် ထုတ်လိုက်ပြီး နောက်ပိုင်း ကိုယ့်မှာ ဆုံးရှုံးမှုကြီး ဖြစ်သွားသလို စိတ်ဓာတ်ကျတာ၊ ပူပန်တာတွေ ဖိစီးနေဖို့ မလိုပါဘူး။ ကျန်းမာအောင် နေထိုင်စားသောက်ပြီး ပုံမှန်အတိုင်း ဆက်လက် နေထိုင်သွားလို့ ရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/02/2023 ဖြစ်ပါသည်။