backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဖြစ်ချင်တာက ရိုမန်တစ်၊ ဖြစ်လာတာက ယားနာ၊ မဖြစ်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဖြစ်ချင်တာက ရိုမန်တစ်၊ ဖြစ်လာတာက ယားနာ၊ မဖြစ်စေဖို့

ချစ်သူများနေ့ရောက်ပြီဆိုရင် ချစ်သူစုံတွဲတွေအကြား ချောကလက်လေးတွေ အပြန်အလှန်လက်ဆောင်ပေးကြတာဟာ လူငယ်လူရွယ် စုံတွဲတွေအကြား ရေပန်းစားတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။

ချောကလက်ခဲလေးရယ်၊ ဝိုင်လေးတစ်ပုလင်းရယ်ဆို ဘယ်လောက်တောင်များ ရိုမန်တစ်ဆန်လိုက်မလဲနော်။ ဟိုးထား ဆရာ။ ဒီလို ရိုမန်းတစ်ဆန်တာက ချစ်စရာကောင်းတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ကျန်းမာရေး ဆိုးကျိုးတွေ ရှိနေပါတယ်နော်။

ဗြိတိန်ဆေးသိပ္ပံပညာရှင်တွေရဲ့ နောက်ဆုံး လေ့လာဆန်းစစ်ချက်တွေအရ ချောကလက်နဲ့ ဝိုင်အရက်ကို တွဲဖက်စားသောက်တာက Yeast Infection (မိန်းမကိုယ် ကူးစက်မှို ရောဂါ) ဖြစ်နိုင်ချေအရမ်းများပါတယ်တဲ့။

ဗယ်လင်တိုင်းဒေးကာလမှာ ချောကလက်နဲ့ ဝိုင်ကို လက်ဆောင်အဖြစ်ပေးပြီး သာယာငြိမ့်ညောင်းတဲ့ တေးသံစဉ်လေးတွေနဲ့ ဖြတ်သန်းကြတာမျိုးဟာ အနောက်တိုင်းနဲ့ အာရှအရှေ့ဖျားတိုင်းပြည်တွေမှာ ပိုမိုခေတ်စားပါတယ်။ ခုနောက်ပိုင်းမှာတော့ ပြည်တွင်းမှာလည်း ခုလို အလေ့အထလေးတွေ ရှိလာနေပါပြီ။

ဗြိတိန်က ဆရာဝန်တွေကတော့ ဒီလို တွဲဖက်စားသုံးမှုမျိုး မပြုလုပ်ဖို့ တားမြစ်ကြပါတယ်။ ခုလို ချောကလက်နဲ့ ဝိုင် ဒါမှမဟုတ် သကြားဓာတ်ပါဝင်မှုများတဲ့ အဖျော်ယမကာတွေ တွဲဖက် မှီဝဲတာဟာ ဟိုမုန်းမတည်ငြိမ်မှုကိုဖြစ်စေနိုင်ပြီး သကြားဓာတ်တွေကို မချေဖျက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကို ဖြစ်ပေါ်စေနိုင်တယ်လို့ သူတို့က ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အစာခြေစနစ်ဟာ အဆိုပါသကြားဓာတ်တွေကို အပြီးတိုင် မခြေဖျက်ပဲ ဆီးအိမ်ထဲကို စုပြုံပို့ချမှာဖြစ်ပါတယ်။ တကယ်လို့ Antibiotics တစ်မျိုးမျိုးကို မှီဝဲနေရသူတွေသာ ဒီလိုကြုံတွေ့ခဲ့ရမယ်ဆိုရင် မိန်းမကိုယ်အတွင်းမှာ မှက္ခရုစွဲတာလိုမျိုး ပြဿနာတစ်ချို့ကြုံရနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးလိင်အင်္ဂါအဝမှာ မှိုစွဲတဲ့ ယားနာတစ်မျိုးဖြစ်တဲ့ Yeast Infection ကတော့ ဖြစ်နိုင်ချေအများဆုံးပါပဲ။

Yeast Infection ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ပုံမှန်ကျန်းမာတဲ့ မိန်းမတွေရဲ့ အင်္ဂါမှာတောင်မှ ဘက်တီးရီးယားနဲ့ မှိုတွေရှိတတ်ပါတယ်။ မှိုတွေ ပုံမှန်ထက် ပိုပွားများလာတဲ့အခါမျိုးမှာ မိန်းမကိုယ်မှာ ရောင်ရမ်းတာ၊ ကသိကအောင့် ဖြစ်တာ၊ အလွန်အမင်း ယားယံတာတွေ ဖြစ်စေပါတယ်။ ဒါကို Yeast Infection လို့ ခေါ်ပါတယ်။ ဒီရောဂါကို လိင်မှတဆင့်ကူးစက်တဲ့ရောဂါ (STI) စာရင်းမှာ ထည့်သွင်းထားခြင်းမရှိပေမယ့် အမျိုးသားတွေကတော့ သူတို့ရဲ့ လိင်ဆက်ဆံဖော် အမျိုးသမီးတွေဆီကနေတဆင့် ကူးစက်ခံရနိုင်ပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ Yeast Infection ရောဂါ ကိုယ့်မှာရှိနေပြီဆိုရင် မိန်းမကိုယ် တစ်ဝိုက်ရောင်ရမ်းခြင်း၊ မိန်းမကိုယ် ယားယံခြင်း၊ ဆီးသွားစဉ်နဲ့ လိင်ဆက်ဆံစဉ် ပူခြင်း၊ နာကျင်ခြင်း၊ မိန်းမကိုယ်တွင် အနီကွက်များထွက်ခြင်းနဲ့ မိန်းမကိုယ် မှ ဖြူညစ်ညစ်အရောင် အဖတ်များထွက်ခြင်းစတဲ့ လက္ခဏာတွေပြသလေ့ရှိပါတယ်။

ချောကလက်နဲ့ ဝိုင်အတွဲအဖက်အပြင် ဒီရောဂါကို ဖြစ်စေနိုင်တဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ပဋိဇီဝဆေးများ သုံးစွဲနေရခြင်း၊ ဆီးချိုသွေးချိုရောဂါရှိခြင်း၊ ကိုယ်ဝန်ဆောင်ချိန် ကိုယ်ခံအားနည်းခြင်း၊ အချို အလွန်အကျွံစားခြင်း၊ ရာသီလာခါနီး ဟော်မုန်းဓါတ်အပြောင်းအလဲဖြစ်ခြင်း၊ စိတ်ဖိအားများခြင်းနဲ့ အိပ်ရေးပျက်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီရောဂါဟာ သာမန်အခြေအနေမှာ ကုသရလွယ်ကူတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ မှိုကိုနှိမ်နင်းနိုင်မယ့် လိမ်းဆေးခရင်မ်၊ လိမ်းဆေးအဆီ၊ သောက်ဆေး၊ မိန်းမကိုယ်အတွင်းထည့်ရမည့်ဆေးပြား တခုခုကို ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့်လည်း သာမန်ထက်ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ မကြာခနဖြစ်တာ၊ ကိုယ်ခံအားစနစ် အားနည်းတာနဲ့ HIV ပိုးရှိတာတွေကြောင့် ပိုမိုရှုပ်ထွေးပြင်းထန်တဲ့ Yeast Infection မျိုးတွေဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် Yeast Infection မဖြစ်စေဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။

ကဲ ဒီဗယ်လင်တိုင်းမှာ အထာကျကျနဲ့ ရိုမန်တစ် ဆန်ဆန် ချစ်သူများနေ့လေးဖြတ်သန်းကြမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် ချောကလက်နဲ့ ဝိုင်ကို တွဲဖက် မှီဝဲဖို့ မစဉ်းစားကြနဲ့နော်။ ကိုယ့်ရဲ့ ချစ်ရသူကို ပျော်ရွှင်ရုံတင်မက ကျန်းမာအောင်ပါ ဂရုတစိုက် ချစ်ပြတာက စမတ်ကျတဲ့ ချစ်သူစုံတွဲတွေရဲ့ နည်းလမ်းဖြစ်ပါတယ်။ ပျော်ရွှင်စရာတွေ ဖန်တီးပေးမယ့် ဗယ်လင်တိုင်းဒေးကြောင့် စိတ်ညစ်စရာတွေ မဖြစ်စေဖို့ သတိထားစေချင်ပါတယ်။ ပျော်ရွှင်ဖွယ် ချစ်သူများနေ့ဖြစ်ပါစေနော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement