backup og meta

ရာသီပေါ်ဆေး ဆိုတာ ထိုးဖို့ လိုသလား

ရာသီပေါ်ဆေး ဆိုတာ ထိုးဖို့ လိုသလား

ဒီလ ရာသီမလာသေးလို့ ရာသီပေါ်ဆေး ထိုးချင်လို့ဆိုပြီး ဆေးခန်းမှာ မကြာခဏ ကြုံရတတ်ပါတယ်။ ပြောရမယ်ဆိုရင် ရာသီနဲ့ ပတ်သက်ရင် အမျိုးသမီးတွေက အစွဲအလမ်းကြီးပါတယ်။ ရာသီမလာဘူးဆိုတာနဲ့ ကိုယ်ဝန်လို့ ထင်ကြပြီး ရာသီဆိုတာ လာကိုလာမှ ဖြစ်မယ်လို့ ယူဆထားကြတာကြောင့်လည်း ပါပါတယ်။

ရာသီပေါ်ဆေး ဆိုတာ

ရာသီပေါ်ဆေးဆိုတာ ပရိုဂျက်စတုန်းကို ထိုးဆေး ဒါမှမဟုတ် သောက်ဆေးအနေနဲ့ ပေးတာ ဖြစ်ပါတယ်။ ဒါကို progesterone challenge test လို့လည်း ခေါ်ပါတယ်။ ရာသီပေါ်စေရုံသာမကဘဲ ရောဂါ ရှာဖွေဖို့ပါ အသုံးပြုနိုင်ပါတယ်။

ပရိုဂျက်စတုန်းသောက်ဆေးကို ၅-၁၀ရက်စာ ဒါမှမဟုတ် အသားဆေးတစ်လုံး ထိုးပေးပြီး ၂ရက်ကနေ ၁ပတ်လောက်အကြာမှာ ရာသီလာသလို သွေးဆင်းစေတာ ဖြစ်ပါတယ်။

ဒီနည်းလမ်းက သားဥမကြွေလို့ ရာသီမလာတဲ့သူတွေ၊ သားဥအိမ်ရေအိတ်တည်တဲ့ရောဂါစု (PCOS)ရှိတဲ့သူတွေမှာဆိုရင်တော့ အသုံးဝင်နိုင်ပါတယ်။

တကယ်လို့ ဆေးထိုးဆေးသောက်ပြီးတာတောင် သွေးမဆင်းဘူးဆိုရင်တော့

  • ကိုယ်ဝန်ရှိနေတာ
  • အီစထရိုဂျင်နည်းလွန်းနေတာ
  • သားအိမ်နံရံမှာ အမာရွတ် ရှိနေတာကြောင့် သားအိမ်နံရံ မထူနိုင်တာ
  • မိန်းမကိုယ်လမ်းကြောင်းမှာ အမာရွတ်ရှိနေတာ
  • သားဥအိမ်က ကောင်းကောင်း အလုပ်မလုပ်နိုင်တာကြောင့် ဖြစ်ဖို့ များပါတယ်။

ဒါက တကယ်ရာသီလာတာလား

ဟော်မုန်းကို ပေးပြီး ရပ်လိုက်တဲ့အခါ ထူနေတဲ့ သားအိမ်နံရံက ကွာကျသွားတဲ့အတွက် ရာသီလာသလို သွေးဆင်းတာ ဖြစ်ပါတယ်။

ရာသီလာတာကကျတော့ ရာသီစက်ဝန်းမှာ ဟော်မုန်းအပြောင်းအလဲတွေဖြစ်၊ သားဥကြွေ၊ သားဥလေး မျိုးမအောင်တဲ့အခါ ရာသီသွေးဆင်းတာ ဖြစ်ပါတယ်။

သဘောတရားချင်းက အတူတူပဲဆိုပေမယ့် သဘာဝအတိုင်း ရာသီလာတာရယ်၊ ဆေးပေးပြီး ရာသီလာခိုင်းတာရယ်တော့ ကွာပါတယ်။

ကိုယ်ဝန်ရှိနေခဲ့ရင် ဘယ်လိုလုပ်မလဲ

ရာသီပေါ်ဆေးထိုးတဲ့အခါ အမျိုးသမီးတွေက ကိုယ်ဝန်နဲ့ နှစ်မျိုးတွေးကြပါတယ်။ ကိုယ်ဝန်ကို ထိခိုက်သွားမလား၊ ကိုယ်ဝန်ပျက်သွားမလား ဆိုတာပါ။

ကိုယ်ဝန်လိုချင်နေတဲ့သူကကျတော့ ဆေးထိုးမိလို့ ကိုယ်ဝန်ထိခိုက်သွားမလားဆိုပြီး စိုးရိမ်ကြပါတယ်။  ကိုယ်ဝန်ရှိလို့ ရာသီထိမ်နေတာကို မသိဘဲ ရာသီလာအောင် ဆေးသွားထိုးမိလည်း ပြဿနာမရှိပါဘူး။ ပရိုဂျက်စတုန်းက ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တတ်တဲ့ ဟော်မုန်း ဖြစ်တာကြောင့် သန္ဓေသားကို မထိခိုက်စေပါဘူး။

တချို့အမျိုးသမီးတွေက ကိုယ်ဝန်ပျက်ကျချင်လို့၊ ရာသီလာသွားရင် ကိုယ်ဝန်ပျက်ကျသွားမယ်လို့ ယူဆတာကြောင့် ရာသီပေါ်ဆေး လာထိုးကြပါတယ်။ ဒါက ကိုယ်ဝန်အပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ ဖြစ်စေမှာ မဟုတ်ပါဘူး။ ကိုယ်ဝန်ပျက်ဆေးလည်း မဟုတ်ပါဘူး။

ရာသီပေါ်ဆေး မဖြစ်မနေထိုးဖို့ လိုသလား။

ရာသီမလာရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ တစ်လတလေ ရာသီမလာတာက ဖြစ်တတ်ပါတယ်။

တကယ်လို့ ကိုယ်က လိင်ဆက်ဆံမှု ရှိထားတယ်၊ ရာသီမလာဘူးဆိုရင်တော့ ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်မရှိဘူးဆိုရင် စိတ်အေးသက်သာ နေပါ။ ရာသီထိမ်ရတဲ့ အကြောင်းရင်း အများစုက စိတ်ဖိစီးမှုကြောင့် သားဥမကြွေဘဲ ရာသီမလာတာ ဖြစ်ပါတယ်။ စိတ်ဖိစီးတာတွေ သက်သာသွားရင် ပြန်လာပါလိမ့်မယ်။

နှစ်လဆက်တိုက် မလာဘူး။ ခဏခဏ ရာသီမမှန်တာမျိုးဖြစ်တယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းရင်းကို ရှာဖွေပါ။ ဟော်မုန်းမမှန်လို့ ဆိုရင်တော့ ဟော်မုန်းထိန်းညှိဆေးတွေ ပေးပါလိမ့်မယ်။

တစ်လလောက်  ရာသီမလာတာနဲ့ ရာသီပေါ်ဆေး ထိုးစရာမလိုပါ။ ရာသီသွေးက သွေးပုပ်တွေ မဟုတ်တာကြောင့် တစ်လလောက် မလာလည်း ကိစ္စမရှိပါ။ သွေးဆင်းစရာမရှိလို့ မလာတာပါ။ ရာသီမလာတိုင်း ပေါ်ဆေးထိုးတာက အဖြေမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Progesterone Withdrawal Test – Progesterone Challenge A Diagnostic Test for Secondary Amenorrhea https://advancedfertility.com/2020/09/17/progesterone-withdrawal-test-progesterone-challenge-a-diagnostic-test-for-secondary-amenorrhea/#:~:text=The%20progesterone%20challenge%20test%20is%20done%20by%20giving%20oral%20medroxyprogesterone,after%20the%20progestin%20is%20given. Accessed date Oct 11, 2023

Secondary Amenorrhea https://www.ncbi.nlm.nih.gov/books/NBK431055/ Accessed date Oct 11, 2023

How does the menstrual cycle work? https://www.ncbi.nlm.nih.gov/books/NBK279270/ Accessed date Oct 11, 2023

Progesterone-induced withdrawal bleeding as a simple physiologic test for pregnancy https://www.sciencedirect.com/science/article/abs/pii/0002937858902138#:~:text=In%20patients%20with%20previously%20regular,secondary%20amenorrhea%2C%20is%20highly%20accurate. Accessed date Oct 11, 2023

Progesterone https://my.clevelandclinic.org/health/body/24562-progesterone Accessed date Oct 11, 2023

ယခုပုံစံ

12/03/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာချိန် ခေါင်းလျှော်ရင် ဘာဖြစ်တတ်သလဲ

လက်ဖက်စားရင် ရာသီရပ် တတ်သလား


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


12/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement