backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

3

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မိန်းမကိုယ် အသားပို ထွက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မိန်းမကိုယ် အသားပို ထွက်ခြင်း

ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ အသားပို ထွက်သလိုမျိုး မိန်းမကိုယ်မှာလဲ အသားပို ထွက်နိုင်ပါတယ်။ ရိုးရိုး အသားပို ဆိုတာသေချာရင် စိုးရိမ်စရာ မလိုပါဘူး။ ဒါဟာ ကင်ဆာလည်း မဟုတ်သလို လိင်က တဆင့်ကူးစက်တတ်တဲ့ ရောဂါတို့၊ လိင်အင်္ဂါ ကြွက်နို့တို့နဲ့လည်း မတူပါဘူး။ ဒါပေမယ့် ရုတ်တရက် ကိုယ့်မှာ ဖြစ်လာခဲ့ရင် သို့လော သို့လော တွေးပြီး စိုးရိမ်နေမှာပါ။ ဒါကြောင့် ဒီအသားပို ဘာလို့ ထွက်ရတာလဲ။ ဘယ်လို ကုသနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။

မိန်းမကိုယ် အသားပို ဆိုတာ ဘာလဲ။

တခြား နေရာမှာ ဖြစ်တဲ့ အသားပိုတွေနဲ့ အတူတူပါပဲ။ မိန်းမကိုယ် အသားပို ကို ဆေးပညာအရ Fibroepithelial Polyp လို့ ခေါ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ ဖြစ်တာ ရှားပါတယ်။ ဘယ်လူမျိုးမှာ ဖြစ်တယ်။ ဘယ်နေရာမှာ နေတဲ့ သူတွေ ဖြစ်တာမျိုး မရှိပါဘူး။

ဘယ်သူမှာ အသားပို ပိုဖြစ်နိုင်လဲ။

ခုထက်ထိတော့ ဘယ်သူတွေကတော့ဖြင့် ပိုဖြစ်နိုင်တယ်ဆိုတာမျိုး မရှိသေးပါဘူး။ ဘယ်သူမှာမဆို ဖြစ်နိုင်ပါတယ်။

ဘာကြောင့် အသားပို ဖြစ်ရတာလဲ။

ခုထက်ထိတော့ အကြောင်းရင်းကို သေချာ မသိကြသေးပါဘူး။ ပညာရှင်တွေက ဒါနဲ့ ပတ်သတ်ပြီး စမ်းသပ်မှုတွေ လုပ်နေဆဲပါပဲ။ ဒါပေမယ့် ကံကောင်းတာက ဒါဟာ HPVလို့ ခေါ်တဲ့ လိင်အင်္ဂါ ကြွက်နို့ ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ သက်ဆိုင်မှု မရှိပါဘူးလို့ လေ့လာချက်တွေက ဆိုပါတယ်။ နောက်ပြီး ဒါက လိင်က တဆင့် ကူးစက်တဲ့ ရောဂါ မဟုတ်သလို၊ တစ်ယောက်နဲ့ တစ်ယောက်လည်း မကူးစက်နိုင်ပါဘူး။

ဘာလက္ခဏာတွေ ပြမှာလဲ။

ထူးခြားတဲ့ လက္ခဏာတော့ မရှိပါဘူး။ တခြား အသားပိုတွေနဲ့ တူတူပါပဲ။

  • မိန်းမကိုယ်မှာ အသားရောင် အသားပို ရှိမယ်။ တစ်ခါတစ်လေ တစ်ခုထက်ပိုပြီးလည်း ရှိနိုင်ပါတယ်။
  • ဒီအသားပိုက နာလည်း မနာဘူး။ ယားလည်း မယားဘူး။
  • အရွယ်အစားကတော့ ၂ မီလီမီတာကနေ ၅စင်တီမီတာ လောက်ထိ ရှိနိုင်တယ်။ ၂၀စင်တီမီတာ လောက်ထိ ကြီးတာတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲ ဘာဆိုးကျိုးတွေ ပေးနိုင်လဲ။

သာမန်အားဖြင့်တော့ ဒီအသားပိုက အသက်အန္တရာယ် မပေးတတ်ပါဘူး။ ဒါပေမယ့်

  • အမျိုးသားနဲ့ အတူနေတဲ့အချိန်မှာ အသားပိုကို ထိမိပြီး နာတာ၊ ကသိကအောင့် ဖြစ်တာမျိုး
  • ဒီလို ခံစားရတာကြောင့် စိတ်ရှုပ်တာ၊ စိတ်ဖိစီးလာတာမျိုး
  • ခဏခဏ သွားထိမိမယ်ဆိုရင် သွေးထွက်တာ၊ အနာဖြစ်တာ၊ ဒီအနာက တဆင့် ပိုးဝင်တာမျိုး
  • အသားပိုကို ခွဲစိတ်ပြီး ဖယ်ရှားလိုက်ပေမယ့် ပြန်ဖြစ်လာတာမျိုး
  • တချို့က ဒီအသားပိုကို လိင်က တဆင့် ကူးစက်တတ်တဲ့ ရောဂါ ဒါမှမဟုတ် ကင်ဆာလို့ ထင်ပြီး စိတ်သောက ရောက်ရတာမျိုး စတဲ့ ဆိုးကျိုးလေးတွေတော့ ရှိပါတယ်။

အသားပိုကို ဘယ်လို ကုသနိုင်သလဲ။

မဖြစ်မနေ ကုသစရာတော့ မလိုပါဘူး။ အရွယ်လည်း သေးမယ်၊ ခုနက ဆိုးကျိုးတွေလည်း မခံစားရဘူးဆိုရင် ဒီတိုင်းထားလို့ရပါတယ်။ ကုသမယ်ဆိုရင်တော့ အသေးစား ခွဲစိတ်မှုလေး လုပ်ပြီး ဒီ အသားပိုကို ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ပြီးရင်လည်း တချို့လူတွေမှာ ပြန်ဖြစ်တတ်တယ်ဆိုတာ သိထားရပါမယ်။ နောက်တစ်ခုက ဒီအသားပိုကို ပျောက်ချင်ဇောနဲ့ ဆပ်ပြာအပြင်းစားတွေ တိုက်တာ၊ ကုတ်ဖဲ့တာမျိုးတွေ မလုပ်ရပါဘူး။ ဒါက ပိုးဝင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ပေးတတ်ပါတယ်။

ကာကွယ်လို့ ရမလား။

စိတ်မကောင်းတာက ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာ မသိသေးတဲ့ အတွက်  ကာကွယ်ဖို့ နည်းလမ်းရယ်လို့ မရှိသေးပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement