backup og meta

ပျိုမေတို့ မေးရမှာ ရှက်နေတတ်တဲ့ မမျိုးပွားအင်္ဂါ အကြောင်း တစေ့တစောင်း ။ ။

ပျိုမေတို့ မေးရမှာ ရှက်နေတတ်တဲ့ မမျိုးပွားအင်္ဂါ အကြောင်း တစေ့တစောင်း ။  ။

မမျိုးပွားအင်္ဂါ ဆိုတာ အင်မတန်မှ အလုပ်များတဲ့ စနစ်ကြီးတစ်ခုပါ။ ကိုယ့်ဆီမှာ ရှိနေတဲ့ မမျိုးပွားအင်္ဂါမှာ ဘာတွေပါလဲ၊ သူတို့က ဘာတွေလုပ်ပေးလဲ ဆိုတာကို လေဒီတို့ သိလည်းသိချင်တယ် မေးရမှာလည်း ရှက်နေတတ်ကြပါတယ်။ ဒါတွေကို ခုပြောပြပေးတော့မှာဖြစ်လို့ တိုးတိုးတိတ်တိတ် တစ်ယောက်တည်းဖတ်ကြည့်ကြနော်။ ။

အပြင်ပိုင်းနဲ့ အတွင်းပိုင်းဆိုပြီး ၂ ပိုင်းပါတဲ့ မမျိုးပွားအင်္ဂါ ။ ။

မမျိုးပွားအင်္ဂါမှာ အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး ၂ ပိုင်းရှိပါတယ်။ အပြင်ပိုင်းက ဘာတွေလဲ။ အတွင်းပိုင်းက ဘာတွေလဲဆက်ကြည့်ရအောင်။

အပြင်ပိုင်း မမျိုးပွားအင်္ဂါ။ ။

  • Labia majora (မမျိုးပွားအင်္ဂါအပြင် နှုတ်ခမ်းသား)

အပြင်မှာရှိတဲ့ တစ်ခြား မျိုးပွားအင်္ဂါတွေကို ဖုံးအုပ်ထားပေးပြီး ကာကွယ်ပေးထားပါတယ်။ အပြင်ပိုင်း နှုတ်ခမ်းသားဟာ ထူနေတတ်ပြီး အဆီဂလင်းတွေ၊ ချွေးဂလင်းတွေနဲ့ သူ့ကို ဖွဲ့စည်းထားပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာ အပြင်ပိုင်း မအင်္ဂါနှုတ်ခမ်းသားကို အမွေးတွေက ဖုံးလွှမ်းသွားပါတယ်။

  • Labia minora (မမျိုးပွားအင်္ဂါအတွင်း နှုတ်ခမ်းသား)

အပြင်ပိုင်း နှုတ်ခမ်းသားထက်စာရင် သေးနေတတ်ပြီး ၂ လက်မလောက်သာ အရွယ်အစားရှိပါတယ်။ အတွင်းနှုတ်ခမ်းသားဆိုတဲ့အတိုင်း အပြင်နှုတ်ခမ်းသားအထဲမှာ သူ့ကိုတွေ့ရတတ်ပြီး အမျိုးသမီးတို့ရဲ့ Vagina (မိန်းမကိုယ် ) နဲ့ urethra (ဆီးသွားပေါက်) ကို ဖုံးထားပေးတဲ့ အရမ်းနူးညံ့တဲ့နေရာတစ်ခုပါ။

  • Bartholin’s glands ( ဘာသိုလင်း ဂလင်း)

မိန်းမကိုယ် အပေါက်ဝ တစ်ဘက်တစ်ချက်စီမှာ ရှိနေတတ်ပြီး အကျိအချွဲတွေကို ထုတ်ပေးတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ ပိုးဝင်တာပဲဖြစ်ဖြစ်၊ အချွဲအထုတ်များရင် ဖြစ်ဖြစ် ရောင်နေပြီး အရွယ်ကြီးနေတတ်ပါတယ်။

မအင်္ဂါအတွင်းနှုတ်ခမ်းသား နှစ်ခုဆုံရာနေရာမှာ မအင်္ဂါစေ့ရှိနေပါတယ်။ သေးငယ်ပြီး အာရုံခံစားလွယ်တဲ့ အသားပိုလေးတစ်ခုဖြစ်ပြီး အမျိုးသမီးတို့အတွက် လိင်ကိစ္စခံစားမှု အထွတ်အထိပ်ရောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အရာလေးပါ။

အတွင်းပိုင်း မမျိုးပွားအင်္ဂါများ ။ ။

  • Vagina ( မိန်းမကိုယ်)

မိန်းမကိုယ်ဆိုတာ ပြွန်ပုံစံရှိတဲ့ အပေါက်တစ်ခုဖြစ်ပြီး သားအိမ်ခေါင်းနဲ့ အတွင်းပိုင်း မအင်္ဂါနှုတ်ခမ်းသားကို ဆက်ထားပေးပါတယ်။ လိင်ဆက်ဆံတဲ့အခါ အမျိုးသားရဲ့ လိင်တံကို လက်ခံပေးရာနေရာဖြစ်ပြီး ကလေးမွေးရင်လည်း သူ့ကိုဖြတ်ပြီး ကလေးက ဆင်းရတာပါ။

ဒါ့အပြင် မိန်းမကိုယ် စိုစွတ်နေဖို့အတွက် အချွဲတွေကိုထုတ်ပေးရတဲ့ အပြင် မိန်းမကိုယ်အတွင်းပိုင်း ပိုးဝင်တာ အဖြစ်အများဆုံးနေရာတစ်ခုပါ။ ။

  • Cervix ( သားအိမ်ခေါင်း)

သားအိမ်ခေါင်းလို့ လူသိများတဲ့ Cervix လေးဟာ ကလေးမီးဖွားတဲ့အခါ ၁၀ စင်တီမီလာလောက်အထိ အပေါက်ပွင့်ပေးရပါတယ်။ သူပွင့်မှ ကလေးလည်း မွေးလမ်းကြောင်းထဲ ဆင်းနိုင်မှာပါ။ အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ သားအိမ်ခေါင်း ကင်ဆာကလည်း တစ်ခု အပါအဝင်ဖြစ်လို့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကြိုထိုးထားဖို့ လေဒီတို့ မမေ့သင့်ပါဘူး။

  • Uterus ( သားအိမ်)

သားအိမ်ခေါင်းကနေ အပေါ်ကို ဆက်တက်သွားရင် သစ်တော်သီး ပုံစံ ခပ်ကျယ်ကျယ်အိမ်တစ်ခုတွေ့ရပါလိမ့်မယ်။ သူကတော့ သန္ဓေအောင်ပြီးတဲ့ မျိုးဥတို့ အခြေချရာ သားအိမ်ပါ။ မေမေတို့ ဗိုက်ထဲက ရင်သွေးတိုင်းရဲ့ အိမ်ဆိုလည်း မမှားပါဘူး။

  • Ovaries (သားဥအိမ်)

သားအိမ်ရဲ့ တစ်ဘက်တစ်ချက်စီမှာ သားဥအိမ် ဘယ်တစ်လုံး ညာတစ်လုံး ဆိုပြီး နှစ်လုံးရှိနေပါတယ်။ သေးငယ်တဲ့ ဘဲဥ ပုံစံရှိတဲ့ သားဥအိမ်လေးဟာ မဟော်မုန်းနဲ့ သားဥတွေကို ထုတ်ပေးတဲ့ နေရာတစ်ခုပါ။

  • Fallopian tube ( သားဥပြွန်)

သားဥပြွန်ကတော့ သားဥအိမ်နဲ့ သားအိမ်နဲ့ကို ဆက်ထားပေးတဲ့ ပြွန်ပုံစံ လက်တံနှစ်ခုပါ။ သားဥအိမ်ကနေ ကြွေကျလာတဲ့ သားဥနဲ့ သုက်ပိုးကောင်လေးတို့ တွေ့ဆုံရာ နေရာဖြစ်ပြီး သန္ဓေအောင်သွားတဲ့ မျိုးဥကို သားအိမ်ထဲဆင်းအောင် ပြွန်မှာရှိတဲ့ အမွှေးမျှင်လေးတွေက ယက်ချ ပေးရပါတယ်။

တစ်လတစ်ခါ သားဥကြွေလေ့ရှိပြီး သုက်ပိုးကောင်နဲ့တွေ့ရင် အဆင်သင့်ဖြစ်နေဖို့အတွက် သားအိမ်က ပြင်ဆင်ထားလေ့ရှိပါတယ်။ ကာမစပ်ယှက်ထားတာ မရှိဘူး၊ သုက်ပိုးနဲ့ သားဥလေးလည်း မတွေ့ဘူးဆိုရင် နောက်လအတွက် ပြန် အသစ်ဖြစ်အောင် သားအိမ်က သူပြင်ဆင်ထားတာတွေကို ဖြိုချရပါတယ်။ ဒီလိုနဲ့ အမျိုးသမီးတွေမှာ တစ်လတစ်ခါ ဓမ္မတာ လာတယ်ဆိုတာ ဖြစ်လာရတာပါ ။ ။

သန္ဓေအောင်သွားရင်တော့ အောင်သွားတဲ့ မျိုးဥလေးဟာ သားအိမ်မှာ ကပ်တွယ်ပြီး တဖြည်းဖြည်းကြီးထွားလာရပါတယ်။ ကလေးကြီးလာတာနဲ့ အမျှ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေရအောင် အချင်းဆိုတာ ပေါ်လာပြီး ရေမွှာရေတွေလည်း များလာရပါတယ်။ မွေးဖွားခါနီးရင် သားအိမ်ခေါင်းလည်း တဖြည်းဖြည်းပွင့်လာရပြီး မွေးလမ်းကြောင်းကနေ ကလေးဆင်းလာရပါတယ်။ ကလေးမွေးဖွားဖို့အတွက် တင်ပဆုံခွင်လည်း ကျယ်လာရပါတယ်။ အမေရဲ့ ညှစ်အားနဲ့ ကလေးခေါင်းတွန်းအား၊ မွေးလမ်းကြောင်းချဲ့တာတွေပေါ်မူတည်ပြီး သင့်တို့ရင်သွေးလေးတွေ လူ့လောကကို ရောက်ရှိလာကြတာပါ။ ။

ရေးသားသူ− Dr Thin Yadanar @ Frances

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://my.clevelandclinic.org/health/articles/9118-female-reproductive-system Accessed Date 26.12.2018

https://www.webmd.com/sex-relationships/guide/your-guide-female-reproductive-system#2Accessed Date 26.12.2018

https://www.healthline.com/human-body-maps/female-reproductive-system#1Accessed Date 26.12.2018

ယခုပုံစံ

14/11/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက်

သားအိမ်ခေါင်းကင်ဆာ အကြောင်း တစေ့တစောင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement