သားအိမ်ခေါင်း ရောင်ရမ်းခြင်း (Cervicitis) ဆိုတာက သားအိမ်ခေါင်းရောင်ရမ်းပြီး အဖြူဆင်းတာ၊ သွေးဆင်းတာ၊ အတူနေချိန်မှာ နာကျင်တာတွေကို ခံစားရတဲ့ အခြေအနေ တစ်ရပ်ကို ဆိုလိုတာပါ။ လူတိုင်းမှာတော့ ဒီလက္ခဏာတွေကို တွေ့ရမယ်လို့ တထစ်ချ မဆိုနိုင်ပါဘူး။ အချို့သော အမျိုးသမီးတွေမှာ သားအိမ်ခေါင်းရောင်တာကို ပိုးဝင်ကူးစက်မှုကြောင့် ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ရှိနိုင်သလို နာတာရှည် သားအိမ်ခေါင်းရောင်တာကို ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။
လိင်ဆက်ဆံဖော် များတဲ့သူတွေ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုသူတွေမှာ အဖြစ်များပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ခံစားရဖူးသူတွေမှာလည်း သားအိမ်ခေါင်းရောင်တာကို ခံစားရနိုင်ခြေ တော်တော်လေးများပါတယ်။ မိန်းမကိုယ် အတွင်းပိုင်းကို ဆေးကြောတာ၊ tampons နဲ့ diaphragms (အမျိုးသမီးသုံးကွန်ဒုံး) တွေကြောင့်လည်း သားအိမ်ခေါင်း ရောင်ရမ်းတာကို ခံစားရနိုင်ပါတယ်။
သားအိမ်ခေါင်း ရောင်ရမ်းတာက အဖြစ်များပြီး အရွယ်ရောက်ပြီးသူ အမျိုးသမီး ထက်ဝက်နီးပါး ခံစားရတဲ့ သားအိမ်ခေါင်း ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ လက္ခဏာတွေ အနေနဲ့ကတော့ အဝါရောင်၊ အဖြူရောင်၊ မီးခိုးရောင်ရှိတဲ့ အနံ့အသက်ဆိုးတဲ့ အကျိအချွဲတွေ ဆင်းတာ၊ ရာသီလာရက်မဟုတ်ဘဲ သွေးနည်းနည်းဆင်းတာ၊ အတူနေချိန်မှာ နာကျင်တာ၊ မိန်းမကိုယ် ယားယံတာလိုမျိုးတွေ ခံစားရနိုင်ပါတယ်။
သားအိမ်ခေါင်း မလုံတာ (Cervical incompetence)
သားအိမ်ခေါင်း မလုံတာ (Cervical incompetence)ကို ဖြစ်စေတဲ့ အကြောင်းကတော့ သားအိမ်ခေါင်း တစ်ရှူးတွေ အားနည်းလာတာပါ။ လမစေ့ခင် မီးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ သားအိမ်နဲ့ မွေးလမ်းကြောင်းကို ဆက်ထားတဲ့ သားအိမ်ခေါင်းရဲ့ အဖျားပိုင်းနားမှာ ရှိနေတဲ့ သားအိမ်ခေါင်းအဝက ပိတ်ထားလေ့ရှိပြီး ကြွက်သားကလည်း မာကျောပါတယ်။ မွေးမယ့်ရက် နီးလာချိန်မှာတော့ သားအိမ်ခေါင်းက တဖြည်းဖြည်းပျော့ပြီး ပါးလာပါတယ်။
သားအိမ်ခေါင်းမလုံခြင်းဟာ များသောအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ သာမန်အမျိုးသမီးတွေဆို သတိတောင် မထားမိကြပါဘူး။ အမျိုးသမီး တစ်ဦးက ကိုယ်ဝန်ဆောင်ထားမယ်။ မကြာခဏ ကိုယ်ဝန်ပျက်မှပဲ စမ်းသပ်သိရှိကြတာပါ။ တချို့အမျိုးသမီးတွေကတော့ ကိုယ်ဝန်ဒုတိယ ၃လပတ်မှာ သွေးနည်းနည်းဆင်းတာ၊ ခါးကိုက်တာ၊ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာ၊ ဆီးစပ်ကိုက်တာတွေ ခံစားရတတ်ပါတယ်။
သားအိမ်ခေါင်း ကင်ဆာ (Cervical cancer)
သားအိမ်ခေါင်း ကင်ဆာ (Cervical cancer) ဆိုတာက သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ကြီးထွားလာတာပါ။ သားအိမ်ခေါင်းကင်တာက စစဖြစ်ချင်းမှာ သိရှိနိုင်ဖို့ ခက်ခဲပါတယ်။ HPV ကာကွယ်ဆေး ထိုးနှံတာက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း တစ်ခုပါ။
လက္ခဏာတွေ အနေနဲ့ ရာသီစက်ဝန်း ၂ ခုကြားမှာ သွေးဆင်းတာ၊ ပုံမှန်ထက် သွေးဆင်းများတာ၊ သွေးဆင်းရက် ရှည်တာ၊ အတူနေချိန်မှာ နာကျင်တာ၊ အတူနေပြီးချိန်မှာ သွေးထွက်တာ၊ တင်ပဆုံထဲက နာကျင်တာ၊ အနံ့ပြင်းတဲ့ အဖြူဆင်းတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။