brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်နေပြီလား

အချဉ်တွေ စားနေတာလား …… ရာသီလာနေတယ်လို့ ဘာလို့စားနေရတာလဲဆိုပြီး မေမေတို့ ဖွားဖွားတို့ ကြီးကြီးတို့ မာန်တာကို ခံခဲ့ဖူးတော့ ခေါင်းထဲမှာ မှတ်ထားလိုက်တာက ရာသီလာနေတယ်ဆိုရင် အချဉ် မစားရဘူးလို့ပေါ့။ ဒီတော့ ရာသီလာနေချိန်မှာ အချဉ်လေး ခံတွင်းတောင်း နေရင်တောင် စားလိုက်မိရင် တစ်ခုခုပဲ ဖြစ်တော့မလားဆိုပြီး မစားရဲဘူး ဖြစ်နေပြီလား။

ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်နေပြီလား

ဒီတစ်ခေါက်တော့ ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်တဲ့သူလေးတွေအတွက် သိထားဖို့လိုမယ့် အကြောင်းအရာလေးတွေကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

လေဒီလေးတိုင်းကို စိတ်ဖိစီးစေတဲ့ အခိုက်အတန့်

ရာသီလာတာက တစ်လကို တစ်ကြိမ် တစ်ခါတစ်လေဆို ၂ ကြိမ်တောင် ကြုံရတာမျိုး ရှိပါတယ်။ ဒီလို ရာသီလာချိန်မှာ ကောင်းကောင်း မအိပ်ရတာ၊ နာကျင်ကိုက်ခဲတာတွေကြောင့် အတော်လေး ပင်ပန်းရပါတယ်။

တကယ်ကတော့ ရာသီလာတယ်ဆိုတာက လေဒီလေးက ကျန်းမာတယ်ဆိုတဲ့ လက္ခဏာပါ။ ဒီလိုဆိုပေမယ့်လည်း ရာသီလာချိန်က လေဒီလေးတိုင်းလိုလိုကို ပင်ပန်းစေတာတော့ အမှန်ပါ။

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာ၊ ဖျားနာတာ၊ ခြေကုန်လက်ပမ်းကျတာတွေ၊ မူးဝေမောပန်းတာတွေ မဖြစ်စေဖို့အတွက် အနေအထိုင် အစားအသောက်တွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် ရာသီလာချိန်မှာ အပူအစပ်တွေ၊ လက်ဖက်၊ အရက် စတာတွေကို ရှောင်ခိုင်းကြတာပေါ့။

ဒီလို အစားအသောက်တွေကို ရှောင်ရတယ်ဆိုတာက ကိုယ်တွင်းမှာ သံဓာတ်ချို့တဲ့တာ၊ အစာခြေစနစ် မအီမသာဖြစ်တာမျိုးတွေ ဖြစ်ပြီး ပုံမှန်ထက် ပိုပင်ပန်းနေတဲ့ ရာသီလာချိန်မှာ ခန္ဓာကိုယ်မှာ အင်အားနည်းတာမျိုး ဖြစ်မှာစိုးတာကြောင့်ပါ။

ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်နေပြီလား

ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်နေပြီလား ။ ဒါဆိုရင်တော့ ဒီအတွေးကို ခေါင်းထဲက အပြီးတိုင် ထုတ်လိုက်ပြီး ရာသီလာချိန်မှာ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေကို စားချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် စားလိုက်ပါလို့ ပြောပါရစေ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။

ရာသီလာနေချိန်မှာ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ စားတာက ‘ရာသီလာချိန်မှာ နာကျင်ကိုက်ခဲစေတယ်၊ ရာသီသွေး ကုန်အောင် မဆင်းတာမျိုး ဖြစ်စေတယ်။ ရာသီလာနေချိန်မှာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေတယ်’ဆိုပြီး ယူဆနေကြတာတွေက တကယ်တော့ မမှန်ပါဘူး။ လွဲမှားနေတဲ့ အယူအဆပါ။

ရာသီလာချိန်မှာ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ စားတာကြောင့် ရာသီသွေးဆင်း ရပ်သွားတာမျိုး မရှိသလို နာကျင်ကိုက်ခဲရတာကလည်း အချဉ်စားတာကြောင့် မဟုတ်ပါဘူး။ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲရတာက ရာသီသွေးဆင်းချိန်မှာ သားအိမ်နံရံက ဆဲလ်တွေ အားလုံးကွာကျလာတာကြောင့်ပါ။

ရာသီလာနေချိန်မှာ သံပုရာသီး၊ ရှောက်သီး၊ ဇီးသီးလိုမျိုး အသီးတွေ စားတာက ရာသီသွေးဆင်းမှုကို ထိခိုက်စေတာမျိုး ဖြစ်စေမှာ မဟုတ်သလို လေဒီလေးတို့ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတာမျိုး ရှိမှာ မဟုတ်ပါဘူး။ ဒါ့ပြင် ဗီတာမင်စီပါတဲ့ ချဉ်တဲ သီးနှံတွေက ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကောင်းအောင်တောာင် ကူညီပေးနိုင်ပါတယ်။

ဒါပေမယ့် သတိထားရမှာက ရာသီလာနေချိန်မှာ အချဉ်ဓာတ်ပါတာတွေကိုပဲ တစ်ချိန်လုံး စားနေလို့တော့ မရဘူးပေါ့။ ရာသီလာချိန်မှာ ခန္ဓာကိုယ်ကနေ ဆုံးရှုံးသွားတဲ့ သွေးပမာဏ ပြန်လည် ပြည့်တင်းစေဖို့ဆိုရင် အာဟာရကို ပြည့်ဝအောင် စားရပါမယ်။

တစ်နေ့ကို ၃ နပ်ကို အာဟာရပြည့်ဝအောင် စားဖို့လိုပါမယ်။ တစ်ခါတည်း အများကြီး မစားနိုင်ရင်တောင် နည်းနည်းချင်းနဲ့ ၄ ကြိမ်လောက် စားပေးတာမျိုး လုပ်ပေးပါ။ ဒါမှ ရာသီလာချိန်မှာ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေမှာပါ။

ရာသီလာနေချိန်မှာ အာဟာရကို ပြည့်ဝမျှတအောင် စားဖို့ပဲ လိုတာပါ။ အချဉ်မို့ မစားရဘူး။ အစပ်မို့ ရှောင်ရမယ်၊ အဖန် မစားရဘူးဆိုတာမျိုးတော့ မရှိပါဘူး။ သင့်တင့်မျှတတဲ့ ပမာဏထဲမှာ စားလို့ရပြီး အလွန်အကျွံ မစားမိဖို့တော့ လိုတာပေါ့။

ရာသီလာချိန်မှာ ကိုယ်တွင်းက သွေးတွေနဲ့ အတူ ဆုံးရှုံးသွားတဲ့ သံဓာတ်တွေ ပြည့်ဝစေဖို့တော့ သံဓာတ်ဖြည့်တင်းပေးနိုင်မယ့် ကြက်သား၊ အဆီမပါတဲ့ အနီရောင် အသား၊ ဥအမျိုးမျိုး၊ ငါး စတာတွေကို စားပေးဖို့ လိုပါမယ်။ ဒိန်ချဉ်သောက်တာ၊ နွားနို့သောက်တာ၊ ဟင်းနုနွယ်ရွက် စားပေးတာတွေ လုပ်ပေးလို့ ရပါတယ်။

သံဓာတ်အားဖြည့်ဆေး ပုံမှန်လေး သောက်ပေးတာမျိုးလည်း ရပါတယ်။ ဆေးကိုတော့ မသောက်ခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်စေချင်ပါတယ်။

စကားလက်ဆောင်

ရာသီလာနေချိန်မှာ အာဟာရကို ပြည့်ဝမျှတအောင် စားမယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်မယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်။ အိပ်ရေးဝဝ အိပ်မယ်ဆိုရင် ရာသီလာချိန်မှာ တက်ကြွလန်းဆန်းနေစေမှာပါ။ ရာသီလာချိန်မှာ အချဉ်ကို အများကြီး မစားဘဲ ထိုက်သင့်တဲ့ ပမာဏလောက်တော့ စားပေးလို့ ရပါတယ်။
Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/04/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။