backup og meta

ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ

မိန်းကလေးတွေ အရွယ်ရောက်လာတာနဲ့ ဓမ္မတာရာသီပန်း ပွင့်လန်းတတ်ကြတာဟာ ကမ္ဘာဦးအစကတည်းက ဖြစ်ပါတယ်။ ဒါဟာ ရှောင်လွဲလို့ မရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာနဲ့ ဆေးပညာတွေ မထွန်းကားခင်တုန်းက မိန်းကလေးတွေ ရာသီပန်းပွင့်လန်းတာကို ညစ်ပတ်တဲ့ ကိစ္စတစ်ခု အဖြစ်ရှုတ်ချထားကြတာတဲ့။ ဒီတစ်ခေါက်တော့ ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ အကြောင်းကို ပြောပြပေးချင်ပါတယ်။

ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ

တင်းကြပ်တဲ့ ဒေသတွေမှာ ရာသီလာတဲ့ မိန်းကလေးတွေကို မကောင်းဆိုးဝါး မိန်းမတွေ အဖြစ် ဖယ်ကျဉ်ထားကြတဲ့ အတွက်ကြောင့် မိန်းကလေးများ အနေဖြင့် ရာသီလာတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ မရတာက တစ်ကြောင်း၊ အသိပညာ ဗဟုသုတ နည်းတာကြောင့် ရာသီပန်း ပွင့်လန်းခြင်း အကြောင်းကို ရှင်းလင်း သေချာစွာ မသိတာက တစ်ကြောင်း အကြောင်း အမျိုးမျိုးကြောင့် ဓမ္မတာလာခြင်း ကိစ္စမှာ မှားယွင်းနေသော တစ်ချို့ အယူအဆတွေ ရှိခဲ့ပါတယ်။

မြန်မာ အမျိုးသမီးတွေဆိုတာ နဂိုကတည်းက အရှက်အကြောက်ကြီးတဲ့သူတွေ မဟုတ်လား။ ခုခေတ် ဗဟုသုတတွေ တိုးတက်လာပေမယ့်လည်း မိရိုးဖလာမှ ဆင်းသက်လာတဲ့ ရာသီနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ အယူအဆတွေ ရှိနေဆဲပါ။ အဲ့ဒီထဲက ထိပ်ဆုံး (၅) ခုကို ပြောပြချင်ပါတယ်။ တော်တော်များများ သိထားမိနိုင်တဲ့ ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ ကတော့

၁ ။ ရာသီလာရင် ခေါင်းမလျှော်ရဘူး။

ဒါကတော့ မိန်းကလေးတိုင်းသိနေတဲ့ ကိစ္စပါ။ မျိုးရိုးစဉ်ဆက် အမေကနေ သမီးကိုလက်ဆင့်ကမ်းရင်ကမ်း၊ မဟုတ်ရင်လည်း မိန်းကလေး သူငယ်ချင်း အချင်းချင်း သတိပေးကြတဲ့ ကိစ္စဖြစ်နေပါတယ်။ ရာသီလာနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ခေါင်းလျှော်လို့မရ၊ ခေါင်းလျှော်ရင် အအေးပိုမိနိုင်တယ်၊ ဗိုက်ပိုအောင့်နိုင်တယ်ဆိုတာတွေအားလုံးက အယူအဆ အမှားတွေပဲ ဖြစ်ပါတယ်။ ရာသီလာတဲ့ မိန်းကလေးတစ်ယောက်ဟာ ပုံမှန်အတိုင်း ခေါင်းလျှော်နိုင်တယ်။ ရေချိုးနိုင်တယ်။ ဦးခေါင်းနှင့် မျိုးပွားအင်္ဂါဟာ ဆက်စပ်မှုမရှိပါဘူး။ ခေါင်းလျှော်လိုက်ရင် အပူအပုတ်တွေတောင် ကင်းစင်ပြီး သန့်ရှင်းသွားတယ်လေနော့်။

၂ ။ ရာသီလာနေစဉ် လေ့ကျင့်ခန်း လုပ်၍မရ။

ရာသီလာနေတဲ့ မိန်းကလေးတွေဟာ ငြိမ်ငြိမ်နေရမယ်။ အိမ်တွင်းပုန်းနေရမယ်။ အပြင်ထွက်ပြီး စကားမပြောရ။ စတာတွေက ရှေးတုန်းကမှားယွင်းတဲ့ အယူအဆတွေသာ။ ရာသီလာခြင်းဟာ သဘာဝတရားကြီးက ဖန်တီးပေးထားတာဖြစ်ပြီး လူသိမခံနိုင်လောက်အောင် ဆိုးရွားတဲ့ ကိစ္စမဟုတ်။ သာမန် အချိန်တွေမှာ လုပ်သမျှအရာအားလုံးကို လုပ်နိုင်တဲ့အတွက် လေ့ကျင့်ခန်းလည်းလုပ်နိုင်တယ်နော်။ လေ့ကျင့်ခန်းလုပ်ရင် ရာသီလာခြင်းကြောင့် ကိုက်ခဲနေတာတွေတောင် သက်သာသွားသေးတယ်တဲ့နော်။ ရာသီလာတိုင်းလေ့ကျင့်ခန်းလုပ်လို့မရဘူးဆိုရင် အိုလံပစ်ပြိုင်ပွဲ ဝင်ပြိုင်တဲ့ မမတွေဆို ဘယ်လိုလုပ်မလဲနော့။

၃ ။ ရာသီလာနေစဉ် ကာမဆက်ဆံ၍မရ။

ရာသီလာနေစဉ် ကာမဆက်ဆံ၍ မရဘူးဆိုတဲ့ မှားယွင်းတဲ့ အယူအဆဟာ ရှေးခေတ်အခါက တင်းကြပ်သောဘာသာရေး အယူအဆများမှ ဆင်းသက်လာတာလို့ ယူဆရတယ်။ ရာသီလာစဉ် ကာမဆက်ဆံခြင်းဟာ သင့်ကျန်းမားရေးကို မထိခိုက်နိုင်ပါ။ ကာမဆက်ဆံခြင်းဖြင့် သင်ကိုက်ခဲနေတာတောင်သက်သာ သွားနိုင်တယ်တဲ့။

၄ ။ ရာသီလာနေစဉ် ကာမဆက်ဆံလျှင် ကိုယ်ဝန်မရနိုင်။

လုံးဝကိုမှားယွင်းတယ်။ သင်ကိုယ်ဝန်ရနိုင်ဖို့ မမျိုးဥနှင့် သုက်ပိုးကောင်တို့ ထိတွေ့ရမယ်။ မမျိုးဥဆိုတာ ရာသီစလာပြီး ၁၄ ရက်အတွင်းမှ ကြွေတာမှန်ပေမယ့် ရာသီပုံမှန်မလာသူ (သို့မဟုတ်) လာရင်လည်း ရက်ကြာကြာလာတတ်သူဖြစ်ရင်တော့ ရာသီလာချိန်နှင့် မမျိုးဥကြွေချိန် ထပ်သွားတတ်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်မရချင်ရင် သန္ဓေတားဆေးထိုးတာ၊ သောက်တာ၊ သားဆက်ခြားပစ္စည်းကို သားအိမ်ထဲထည့်တာ ၊ လက်မောင်းထဲထည့်တာနဲ့ ကွန်ဒုံးသုံးပြီး ကာမဆက်ဆံသင့်တယ်။ ရာသီလာနေချိန် ကွန်ဒုံးသုံးပြီး ကာမဆက်ဆံရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပြီးသားဖြစ်တယ်။ ရက်ရှောင်နည်းသုံးနေကြတဲ့ မမတွေ သေချာတွက်ချက်သင့်တယ်နော်။

၅ ။ Tampon (တမ်ပွန်) ကို ပထမဆုံးရာသီလာသော အချိန်တွင် မသုံးသင့်ပါ။

သုံးလို့ရပါတယ်။ အနောက်နိုင်ငံတွေမှာ ရာသီလာရင် မိန်းမကိုယ်ထဲ Tamစon လို့ခေါ်တဲ့ ဂွမ်းလိပ်ရှည်ရှည်လေးတွေထည့်ပြီးအသုံးများကြတယ်။ တစ်ချို့ သူတွေ ယူဆတာက ရာသီပထမဆုံးလာတဲ့အခါ Tampon မထည့်သင့်လို့ပြောကြတယ်။ အဲ့လိုပြောတာက Tampon ထည့်ရင် ရာသီလာတာကို ထိခိုက်စေနိုင်တာကြောင့် မဟုတ်ဘဲ စစလာတဲ့ အချိန်မှာ Tampon ကို သေချာမှန်မှန်ကန်ကန် မထည့်နိုင်မှာစိုးလို့ဖြစ်ပါတယ်။

ဒါတွေကတော့ ရာသီလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆတွေဖြစ်ပါတယ်။ ရှောင်လွဲလို့ မရတဲ့ ရာသီလာတဲ့ ကိစ္စမှာ မိန်းကလေးတို့ဒီဆောင်းပါးလေးဖတ်ပြီး မှားယွင်းတဲ့ အယူအဆတွေနဲ့ ကင်းဝေးနိင်ကြပါစေ။

ရေးသားသူ – Dr.Thinl Yadanar

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Period Myths that Moms Can Bust

https://always.com/en-us/tips-and-advice/the-talk/8-period-myths-that-moms-can-bust Accessed Date 13.8.2018

ယခုပုံစံ

07/03/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/03/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement