backup og meta

သွေးဆုံးချိန်မှာ ခံစားရမယ့် အရေပြားပြဿနာတွေကို ရင်ဆိုင်နည်း

သွေးဆုံးချိန်မှာ ခံစားရမယ့် အရေပြားပြဿနာတွေကို ရင်ဆိုင်နည်း

အမျိုးသမီးတိုင်းလိုလိုက သွေးဆုံးတာကို မဖြစ်မနေရင်ဆိုင်ကြရမှာပါ။ သွေးဆုံးတယ်ဆိုတာက ရှုပ်ထွေးတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဒီလိုအချိန်မှာ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်အတွင်းရော အပြင်ဘက်မှာပါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး သေချာဂရုစိုက်ဖို့ လိုမှာလည်းဖြစ်ပါတယ်။ အရေပြားကတော့ အသိသာဆုံးထိခိုက်တဲ့ အစိတ်အပိုင်းပါ။ ဒီဆောင်းပါးလေးထဲမှာ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရေပြားပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာပြောပြပေးပါရစေ။

သွေးဆုံးခြင်းနဲ့ အသားအရေ

သွေးဆုံးတာက အသားအရေကို ပြောင်းလဲမှု တော်တော်လေးဖြစ်စေနိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်တာနဲ့ တစ်ဆက်တည်းမှာပဲ အရေပြားအောက်က အဆီအချို့က လျော့ရဲလာပြီး အရေပြားရဲ့ ကျုံ့ဆန့်အားလည်း ကျဆင်းသွားပါတယ်။

ဟော်မုန်းပြောင်းလဲမှုကြောင့် အရေပြားခြောက်သွေ့မှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။ လည်ပင်း၊ မေးရိုးနဲ့ ပါးတွေမှာ အသားအရေတွဲကျတာတွေ ဖြစ်လာမှာပါ။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ မျက်လုံးထောင့်မှာ အရေပြားတွန့်တာတွေ၊ အပေါ်နှုတ်ခမ်းအထက်ပိုင်းမှာ အရေပြားတွန့်တာတွေ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

သွေးဆုံးချိန်မှာ အရေပြားပြောင်းလဲမှုတွေ ဘယ်လိုဖြစ်လာနိုင်သလဲ

အမျိုးသမီးရဲ့ အရေပြားက အမျိုးသားတွေထက် ၂၅ ရာခိုင်နှုန်းလောက် ပိုပါးလွှာပါတယ်။ သွေးဆုံးချိန်မှာ အရေပြားကပိုပြီး ထိခိုက်လွယ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်လာသလို ခန္ဓာကိုယ်ရဲ့ အခြေခံလုပ်ဆောင်မှုတွေကလည်း ပြောင်းလဲလာပါတယ်။ အသားအရေကျန်းမာစေဖို့အတွက် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိဖို့လိုသလို ခန္ဓာကိုယ်ကို နေရောင်ခြည်ထိတွေ့မှုကနေ ကာကွယ်ပေးဖို့လည်း လိုပါတယ်။ အရေပြားကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးဖို့လိုသလို ရေနဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းပေးဖို့လည်း လိုပါတယ်။

သွေးဆုံးတဲ့အချိန်မှာ အရေပြားမှာ –

  • ခြောက်သွေ့တာ
  • အသားအရေလျော့ရဲတာ
  • အသားအရေကြမ်းတမ်းတာ
  • အရေးအကြောင်းတွေဖြစ်တာ
  • အရေပြားမှာ ရေဓာတ်နည်းပါးလာတာ
  • အက်စထရိုဂျင် ထုတ်လုပ်မှုနည်းလာတာကြောင့် အသားအရေ မွဲခြောက်ခြောက်ဖြစ်တာ
  • အသားအရေမှာ အစက်အပြောက်တွေဖြစ်တာ
  • အရေပြားခြောက်သွေ့ကွဲအက်တာတွေ ဖြစ်လာနိုင်ပါတယ်။

သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနည်း

  • အသားအရေကို သန့်ရှင်းပေးပါ

အသားအရေကို သန့်စင်တာက အသားအရေထိန်းသိမ်းမှုရဲ့ အရေးကြီးဆုံးအဆင့်တစ်ခုပါ။ အသက်အရွယ်ကြီးရင့်လာလေလေ အရေပြားက ခြောက်သွေ့လာလေလေပါ။ ဒါကြောင့် အရေပြားကို အရင်ကထက်ပိုပြီး အစိုဓာတ်ထိန်းပေးဖို့လိုပါမယ်။ မျက်နှာသစ်ဆေးသုံးတဲ့အခါမှာလည်း ရေဓာတ်ဖြည့်ပေးတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်လို့ရပါတယ်။

  • နေလောင်ကာခရင်မ် လူးပေးဖို့လိုပါမယ်

အရေပြားကင်ဆာနဲ့ အရေပြားမှာ အရေးအကြောင်းတွေဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက သက်လတ်ပိုင်းအရွယ်မှာ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာကြောင့်ပါ။ ဒါကြောင့် ဘယ်အသက်အရွယ်ပဲရောက်ရောက် အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးဖို့လိုပါမယ်။ နေ့တိုင်း SPF 30 ဒါမှမဟုတ် SPF 30 ထက် ပိုမိုပါဝင်တဲ့ နေလောင်ကာခရင်မ်ကို လူးပေးဖို့လိုပါမယ်။

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါတဲ့ အစားအသောက်တွေစားပါ

ကော်လာဂျင်က အရေပြားကို နုပျိုစေသလို အသားအရေကို  တင်းရင်းလှပစေတာဖြစ်ပါတယ်။ အက်စထရိုဂျင်ပမာဏ ကျဆင်းသွားတဲ့အခါ အရေပြားကို နုပျိုစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကလည်း ကျဆင်းသွားပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့ အစားအသောက်တွေက အရေပြားကို ကျန်းမာသန်စွမ်းစေပါတယ်။ အရောင်တောက်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးမယ်ဆိုရင် လိုအပ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ရရှိစေမှာဖြစ်ပါတယ်။

အသားအရေကို စိုပြည်စေဖို့ တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာကနေ ၃ လီတာလောက်အထိ သောက်သုံးပေးဖို့ လိုပါမယ်။ ရေသောက်ဖို့ ပျင်းတယ်ဆိုရင်တော့ သဘာဝ သစ်သီးဖျော်ရည်တွေနဲ့ ဆေးဖက်ဝင် လက်ဖက်ရည်တွေ သောက်သုံးပေးလို့ရပါတယ်။ အချိုရည်နဲ့ အရက်တို့ကို မသောက်သင့်ပါဘူး။နောက်ထပ်လုပ်လို့ရတာတစ်ခုကတော့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်းခရင်မ်တွေ လူးပေးဖို့ပါပဲ။

  • ဆဲလ်သေတွေကို ဖယ်ရှားပေးပါ

အရေပြားသန့်စင်စေဖို့နဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့အတွက် တစ်ပတ်တစ်ကြိမ်လောက် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ သကြားနဲ့ပျားရည်ကို အသုံးပြုပြီးတော့လည်း အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားလို့ရပါတယ်။

  • လေ့ကျင့်ခန်းလုပ်ပေးပါ

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အသက်အရွယ်တိုင်းအတွက် အသားအရေကောင်းမွန်စေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေအနေနဲ့ အသားအရေကောင်းမွန်စေဖို့ ယောဂ ကစားတာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးတာက ခန္ဓာကိုယ်မွေးညှင်းပေါက်တွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက အသားအရေကိုလည်း တင်းရင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့ကျင့်ခန်းလုပ်တာက အရိုးပွတာကို ကာကွယ်ပေးနိုင်သလို နှလုံးကျန်းမာစေပြီး စိတ်ဖိစီးမှုကိုလည်းလျော့ကျစေနိုင်ပါသေးတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://steptohealth.com/improve-skin-menopause/

https://www.webmd.com/menopause/ss/slideshow-better-skin-after-menopause

http://www.menopauserx.com/health_center/sym_skin_changes.htm

ယခုပုံစံ

25/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား

“သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ”


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement