ရာသီသွေး မဆင်းရင် မကောင်းသလို အများကြီး ဆင်းတာကလည်း ကောင်းတဲ့ လက္ခဏာတော့မဟုတ်ပါဘူး။ ရာသီသွေးဆင်းတဲ့နေရာမှာ ၃ ရက် ကနေ ၇ ရက် ထက်မကျော်တဲ့ ကာလအတွင်းကိုမှ ကျန်းမာတဲ့ ရာသီသွေးပေါ်မှုလို့ ခေါ်ဆိုနိုင်မှာပါ။ ရာသီသွေး ရက်ကြာလို့ စိတ်ညစ်ရတာနဲ့ အခြား ကျန်းမာရေး ပြဿနာတွေ မဖြစ်ရလေအောင် ရာသီသွေးရက် ကြာတာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးရမလဲဆိုတာ မျှဝေပေးပါမယ်။
ဘာတွေကများ ရာသီသွေးဆင်းရက်ကို ကြာစေတာလဲ။
ရာသီသွေးဆင်းရက် ကြာစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။
- ဟော်မုန်း မမျှတတာ
- သားအိမ်ထဲမှာ ကင်ဆာ မဟုတ်တဲ့ အကျိတ်၊ ရေအိတ် တစ်ခုခု ဖြစ်နေတာ
- မျိုးဆက်ပွားစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုခုမှာ ကင်ဆာ ဖြစ်ပွားနေတာ
- ပိုးဝင် ကူးစက်တာ
- ကိုယ်ဝန် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားနေရတာ
- အသည်းရောဂါ ရှိနေတာ
- ကျောက်ကပ်မှာ ကျန်းမာရေး ပြဿနာ ရှိနေတာ
- တင်ပဆုံပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ခုခု ခံစားနေရတာ စတာတွေက ရာသီသွေးဆင်းရက် ကြာစေနိုင်ပါတယ်။
ရာသီသွေးဆင်းတာ များနေတာလား။
ဒီလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် ရာသီသွေးဆင်းတာ များနေတာပါ။
- ရာသီဆင်းတဲ့ရက်က ၇ ရက်ထက် ပိုများနေမယ်
- သွေးခဲတွေ ဆင်းမယ်။ ဆင်းတဲ့ သွေးခဲတွေက အကြွေစေ့ဝိုင်းထက် ကြီးနေမယ်
- သွေးအရောင်က အနီရောင်၊ ပန်းရောင်၊ အညိုရောင် ဖြစ်နေမယ်
- ၂ နာရီခြား တစ်ခါလောက်ကို လစဉ်သုံး လဲနေရမယ်
- ရာသီသွေးဆင်းချိန်မှာ သွေးပမာဏက ပုံမှန် 35-40 ml အစား 80 ml လောက် ကုန်ဆုံးနေမယ်
- ပင်ပန်းနေတာ၊ ခြေကုန်လက်ပမ်းကျနေတာ၊ အသက်ရှူမဝတာလိုမျိုး သွေးအားနည်း လက္ခဏာတွေ ခံစားရမယ်
- ရာသီစက်ဝန်း ၂ ခုကြားမှာ သွေးဆင်းတာမျိုး ဖြစ်မယ်ဆိုရင်တော့ ရာသီသွေးဆင်းတာ များနေတယ်နေလို့ ဆိုရပါမယ်။
ရာသီသွေးရက် ကြာတာကို သက်သာစေဖို့
ရာသီသွေးရက် ကြာတာကို သက်သာစေဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာက စားသောက်မှုပုံစံပါ။ ဒါကြောင့် ရာသီသွေးဆင်းရက် ကြာတာကို သက်သာစေဖို့ အခုပြောပြတာလေးတွေကို လုပ်ဆောင်ပေးဖို့ အကြံပြုပါရစေ။
- နှမ်းကြတ်စေ့ စားပါ
ရာသီသွေးဆင်းရက် ကြာတာကို သက်သာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုထဲမှာ နှမ်းကြတ်စေ့ ပါဝင်အောင် စားသုံးပေးလို့ ရပါတယ်။ ဒီလို စားသုံးပေးတာက ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် မဟုတ်တဲ့ ရာသီသွေးဆင်းရက် ကြာနေတာကို သက်သာစေနိုင်ပါတယ်။
- ရေသောက်ပါ
ရေသောက်တာက ရာသီသွေးဆင်းရက် ကြာတာကိုရော သွေးဆင်းများတာကိုပါ သက်သာစေနိုင်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးခြင်းက ကျန်းမာစေဖို့ ထောက်ကူပေးသလို ကိုယ်တွင်း သွေးပမာဏကို ဖြည့်တင်းနိုင်ဖို့လည်း လုပ်ဆောင်ပေးပါသေးတယ်။
- မန်ကျည်းသီး စားပါ
မန်ကျည်းသီးက သွေးစီးဆင်းလည်ပတ်မှုကို ထောက်ကူပေးတာကြောင့် ရာသီသွေးဆင်းရက် ကြာနေတာကို သက်သာစေနိုင်ပါတယ်။ မန်းကျည်းသီးကို ရေသန့်သန့်နဲ့ စိမ်ပြီး ပျားရည်လေး နည်းနည်းရောလို့ တစ်နေ့တစ်ခွက် သောက်ပေးရုံပါ။
- လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို သွေးပူစေပါတယ်။ ကြွက်သားတွေ သွေးပူသွားတဲ့အခါ ကြွက်သားတွေ ပြေလျော့တာပြီး ညှစ်အားကျဆင်းသွားပါတယ်။ ဒီလိုမျိုး ညှစ်အားကျဆင်းသွားတာက သားအိမ်ကို ညှစ်ထားတာကို ပြေလျော့စေတာကြောင့် သွေးဆင်းတာကို လျော့ကျသွားစေမှာပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။
- လတိုင်းလိုလို သွေးဆင်းတာ ရက်ကြာနေရင်
- သွေးဆင်းရက်ကြာတာနဲ့အတူ သွေးဆင်းများတာ၊ ဗိုက်ထဲက မခံနိုင်အောင် အောင့်တာ၊ ကိုက်ခဲတာတွေ ဖြစ်နေရင်
- သွေးဆင်းရက်ကြာတာကြောင့် သွေးအားနည်းတဲ့ ဝေဒနာ ခံစားရရင်
- သွေးဆင်းရက်ကြာတာကြောင့် နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသပြီး စနစ်တကျ ကုသသင့်ပါတယ်။
[embed-health-tool-ovulation]