brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တာ အတွက် စစ်ဆေးနည်းအချို့

ဆီးလမ်းကြောင်း ပိုးဝင်တာ က ကျား၊ မ မရွေး ဖြစ်ပွားတတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေကို စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းဖို့ လွယ်ကူတဲ့ရောဂါတွေထဲမှာ ပါဝင်ပါတယ်။

မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တာ အတွက် စစ်ဆေးနည်းအချို့

ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ လူအများစုမှာ အလွန်အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုပြီး တိုတဲ့အတွက် ရောဂါပိုးဝင်နိုင်ခြေ ပိုများပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာက ဘက်တီးရီးယားတွေက ကျောက်ကပ်တွေ၊ ဆီးစွန့်ပြွန်၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းတွေဆီကို ဝင်ရောက်သွားတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီ ဆီလမ်းကြောင်း ပိုးဝင်တာက ကလေးတွေကစလို့ လူကြီးတွေအထိ အားလုံးမှာ ခံစားရနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ ဒီလိုမှ ကုသမှု မခံယူဘူးဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တာကို ခဏခဏ ခံစားရနိုင်ပါတယ်။

မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တယ် ဆိုတာ

ဆီးလမ်းကြောင်း ခဏခဏ ပိုးဝင်တယ်ဆိုတာ ဆီးလမ်းကြောင်းပိုးဝင်တာကို အကြိမ်ကြိမ်ခံစားရတဲ့ အခြေအနေပါ။ ဒီလို အခြေအနေမှာ သေချာကုသမှု မရှိဘူးဆိုရင် ကျောက်ကပ်ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ အသက်အန္တရာယ် ဖြစ်စေနိုင်တာပါ။

ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ဆီးလမ်းကြောင်း ပိုးဝင်တာက တစ်ခါတလေမှာ လက္ခဏာ မပြတာမျိုး ရှိနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

  • ဆီးသွားတဲ့အခါ နာကျင်တာ
  • ဆီးမကြာခဏ သွားချင်နေတာ
  • ဆီးသွားနည်းနေတာ
  • ဆီးကျန်သလို ခံစားရတာ
  • ဆီးမထိန်းနိုင်တာ
  • ဆီးထဲသွေးပါတယ်
  • ဆီးအရောင်က ရင့်နေတာ
  • ဆီးက အရောင်ပုံမှန် မဟုတ်တာ
  • ဆီးနံ့ ပြင်းတာ
  • အမျိုးသမီးတွေမှာ တင်ပါးဆုံထဲက နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

တကယ်လို့ ဆီးလမ်းကြောင်းပိုးဝင်တာက အရမ်းပြင်းထန်မယ်၊ ဆီးပို့ပြွန် အတွင်းမှာ ဖြစ်မယ်ဆိုရင်

  • ခါး အောက်ပိုင်းက နာကျင်မယ်
  • ချမ်းတုန်မယ်
  • အဖျား တက်မယ်
  • မအီမသာဖြစ်မယ်
  • အတူနေစဉ်မှာ နာကျင်မယ်
  • မူးဝေမယ် စတာတွေ ခံစားရနိုင်ပါတယ်။

မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် စစ်ဆေးနည်းအချို့

မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တာ အတွက် စစ်ဆေးနည်းအချို့

မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက်

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ antibiotics(ပိုးသတ်ဆေး)တွေ သောက်သုံးတာမျိုး ရှိသလို လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ခံယူရတာမျိုးလည်း ရှိပါတယ်။
ဒီတစ်ခေါက်တော့ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ခံယူရတဲ့ စမ်းသပ်စစ်ဆေးမှုတွေထဲက အသုံးများတဲ့ စမ်းသပ်စစ်ဆေးမှုတွေ ဖြစ်တဲ့
  • ဆီးဓာတ်ခွဲစစ်ခြင်း (Urinalysis) နဲ့
  • ဆီးပိုးမွေးခြင်း (Urine Culture) တို့အကြောင်းလေး ပြောပြပေးချင်ပါတယ်။
  • ဆီးဓာတ်ခွဲစစ်ခြင်း (Urinalysis)

ဆီးဓာတ်ခွဲစစ်ခြင်း (Urinalysis) ကို ဆီးစစ်တယ်လို့လည်း ခေါ်ကြပါတယ်။ ဒီဆီးစစ်မှုကနေတဆင့် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ကျောက်ကပ်ရောဂါ နဲ့ ဆီးချိုလိုမျိုး ဆီးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားနေရလားဆိုတာကို သိရှိနိုင်ပါတယ်။

ဒီလို ဆီးစစ်တဲ့အခါ ဆီးရဲ့ အရောင်၊ ပါဝင်နေတဲ့ ဓာတ်တွေ၊ ဆဲလ်တွေ စတာတွေကို စစ်ဆေးတာပါ။ ဥပမာ ဆီးလမ်းကြောင်း ပိုးဝင်နေမယ်ဆိုရင် ဆီးကကြည်မနေဘဲ နောက်နေပါမယ်။ ကျောက်ကပ်ရောဂါ ရှိနေမယ်ဆိုရင်တော့ ဆီးထဲမှာ ပရိုတင်းတွေ များနေတာမျိုး ရှိနိုင်ပါတယ်။

ဒီလို ဆီးစစ်ပြီးတဲ့ ရလဒ်ကဖော်ပြတဲ့ ကျန်းမာရေးအခြေအနေရဲ့ အကြောင်းရင်းခံကို သိရှိနိုင်ဖို့အတွက် နောက်ထပ် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တာမျိုးတော့ ရှိနိုင်ပါတယ်။

  • ဆီးပိုးမွေးခြင်း (Urine Culture)

ဆီးလမ်းကြောင်း ခဏခဏ ပိုးဝင်တာကို တိတိကျကျ အဖြေထုတ်နိုင်ဖို့ နောက်ထပ် စစ်ဆေးနည်း တစ်ရပ်ရှိပါသေးတယ်။ ဒါကတော့ ဆီးပိုးမွေးတာပါ။ ဆီးလမ်းကြောင်း ပိုးဝင်တာက ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို မှိုပိုးနဲ့ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီအဖြေကို သေသေချာချာ သိရှိဖို့ဆိုရင် ဆီးပိုးမွေးဖို့ လိုပါမယ်။ ဆီးအိမ်ထဲမှာ ၂ နာရီ ၃ နာရီကြာစုထားတဲ့ ဆီးကို ခွက်သန့်သန့်ထဲမှာထည့်ပြီး ဓာတ်ခွဲခန်းထဲမှာ ပိုးမွေးစစ်ဆေးတာပါ။

ဒီစစ်ဆေးမှုတွေ လုပ်ဖို့အတွက် သတိထားရမယ့် အချက်တစ်ခုက ဆီးနမူနာ ယူတဲ့အခါ ဆီးစစသွားချင်း ဆီး မဟုတ်ဘဲ အလယ်ပိုင်းလောက်မှာ သွားတဲ့ ဆီးကို ရယူရမှာ ဖြစ်ပါတယ်။

  • တခြားစစ်ဆေးမှုများ

ခဏခဏ ဆီးပိုးဝင်တယ်ဆိုရင်တော့ အပေါ်က ၂ခုအပြင် ခဏခဏ ဝင်ရတဲ့ အကြောင်းရင်းကို သိဖို့ အောက်ပါစစ်ဆေးမှုတွေကိုပါ လုပ်ရနိုင်ပါတယ်။

အယ်ထွာဆောင်း- အယ်ထွာဆောင်းက ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ်မှာရှိနေတဲ့ ပြဿနာတွေကို ရှာဖွေပေးနိုင်ပါတယ်။

Renal scan- သွေးကြောထဲကနေ Radioactive ဆေးတစ်မျိုးထိုးပြီး ဆေးသွားရာ လမ်းကြောင်းကနေ ကျောက်ကပ်ရဲ့ ပုံစံ၊ ပျက်စီးနေတဲ့နေရာတွေ ရှိမရှိ၊ စွမ်းဆောင်ရည်ကောင်းမကောင်းကို ကြည့်တာ ဖြစ်ပါတယ်။

Voiding Cystourethrogram- ဆီးပိုက်ထည့်ပြီး ဆီးလမ်းကြောင်းထဲကနေတဆင့် ဆီးအိမ်ထဲကို အရည်တစ်မျိုး ဖြည့်လိုက်ပါတယ်။ ပြီးမှ ဓာတ်မှန်ရိုက်ပြီး ဆီးအိမ်နဲ့ ဆီးပြွန်မှာ ရောဂါရှိမရှိ ရှာဖွေတာ ဖြစ်ပါတယ်။

Contrast enhanced voiding ultrasonography (CeVUS)- အပေါ်က နည်းနဲ့ အတူတူပဲဖြစ်ပြီး ဓာတ်မှန်အစား အယ်ထွာဆောင်းရိုက်တာ ဖြစ်ပါတယ်။ ဒီတော့ ထည့်ရတဲ့ အရည်လည်း ကွာသွားပါတယ်။

ဆီးအိမ်မှန်ပြောင်း- ဆီးပြွန်ကနေတဆင့် မှန်ပြောင်းထည့်ပြီး ဆီးအိမ်မှာ ရောဂါရှိမရှိ စစ်ဆေးတာ ဖြစ်ပါတယ်။

Magnetic resonance urography (MR-U)- သံလိုက်ဓာတ်မှန်ရိုက်ပြီး ဆီးလမ်းကြောင်းကို စစ်ဆေးတာ ဖြစ်ပါတယ်။

Intravenous pyelogram- သွေးကြောကနေ အရည်တစ်မျိုးသွင်းပြီး ဒီအရည်သွားတဲ့လမ်းကြောင်းကို ဓာတ်မှန်ရိုက် စစ်ဆေးတာ ဖြစ်ပါတယ်။ Renal scanတွေ၊ သံလိုက်ဓာတ်မှန်တွေ မရှိတဲ့အခါ ဒီနည်းလမ်းကို သုံးကြပါတယ်။

ဒီစစ်ဆေးမှုတွေက အကုန်လုံးလုပ်စရာ မလိုပါဘူး။ လူနာခံစားရတဲ့အပေါ် မူတည်ပြီး စစ်ဆေးရတဲ့ နည်းလမ်းတွေ ကွာသွားနိုင်ပါတယ်။

ဒီလို စစ်ဆေးမှုတွေကနေ ရရှိတဲ့ ရလဒ်တွေပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မယ့် ကုထုံးကို ခံယူမယ်ဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တာကို ခဏခဏ ခံစားရနိုင်ခြေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာ ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/08/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။