backup og meta

ညဘက်မှ ဆီးခဏခဏ ထသွားရလို့ စိတ်ညစ်နေပြီလား

ညဘက်မှ ဆီးခဏခဏ ထသွားရလို့ စိတ်ညစ်နေပြီလား

ဘယ်သူမဆို တစ်နေ့လုံး ပင်ပန်းလာပြီးမှ ညအိပ်ချိန်ကိုတော့ ပြည့်ပြည့်၀၀လေး အိပ်ချင်ကြမှာပါပဲ။ ဆီးသွားတာဟာ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးတဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်မို့ ပြဿနာမရှိပေမဲ့ ညအိပ်နေတဲ့အချိန်မှ ထပြီး ဆီးသွားနေရရင်တော့ ကိုယ့်ရဲ့ အိပ်ချိန်နဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာမှာပေါ့။

လူတစ်ယောက်ရဲ့ တစ်နေ့အိပ်ချိန်ဟာ အနည်းဆုံး ၇နာရီခန့် ရှိဖို့လိုအပ်ပါတယ်။ ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်အနားယူမှ မနက်နိုးလာတာနဲ့ အားအင်တွေ ပြည့်ဝနေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေတော့မှာပေါ့။ ဒါကြောင့် ညဘက်မှ ဆီးခဏခဏ သွားနေရတဲ့ ပြဿနာကို ဖြေရှင်းလို့ ရမယ့် နည်းလမ်းတွေကို ပြောပြပေးမယ်နော်။

၁။ ညအိပ်ခါနီး ရေမသောက်ပါနဲ့။

ခန္ဓါကိုယ်အတွက် ရေဓါတ်ပြည့်ဝနေမှုဟာ အရေးပါပေမယ့် အိပ်ခါနီးမှ ရေတွေ အများကြီးသောက်လိုက်မယ်ဆိုရင်တော့ ညဘက်တွေမှာ သေချာပေါက် ဆီးထသွားနေရမှာပါ။ ဒါကြောင့် အိပ်ချိန်နဲ့ ၂နာရီလောက် ခွာထားပြီး ရေဝအောင် သောက်ပေးထားပါ။

၂။ ကဖင်းဓါတ် ပါတဲ့ အရည်တွေ မသောက်ပါနဲ့။

ကော်ဖီ၊ လက်ဖက်ရည်တွေမှာ ကဖင်းဓါတ်ပါဝင်လို့ ညဘက်မှာ ကောင်းစွာ အိပ်စက်နိုင်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ဆီးသွားချင်စိတ်ကိုလည်း ဖြစ်စေပါတယ်။ ကဖင်းဓါတ်ပါတဲ့ အရည်တွေကို ညအိပ်ချိန်နဲ့ ခွာပြီး မနက်ပိုင်း သို့မဟုတ် နေ့လည်ပိုင်းမှာ သောက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

၃။ အရက်တွေကို တတ်နိုင်သလောက် ရှောင်ပါ။

ကျန်းမာရေးနဲ့ ကိုယ်ခန္ဓါအတွက် ဘယ်လိုမှ ကောင်းကျိုးမပေးနိုင်တဲ့အပြင် အရက်ကြောင့် ညဘက်တွေမှာ ထပြီး ဆီးသွားရနိုင်ပါတယ်။ ဒါ့အပြင် အရက်ဟာ ခန္ဓါကိုယ်တွင်းမှာ ရှိတဲ့ ရေဓါတ်ကို ခမ်းခြောက်စေလို့ မနက်နိုးလာတဲ့အခါ ခေါင်းမူးခေါင်းကိုက်တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ ပျို့အန်ချင်တာ၊ အစာစားချင်စိတ် မရှိတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အရက်သောက်မယ်ဆိုရင်လည်း နည်းနိုင်သမျှ နည်းအောင် သောက်ပေးပါ။

၄။ အိပ်ခါနီး ဆီးသွားဖို့ မမေ့ပါနဲ့။

ဒါကတော့ လူတော်တော်များများ မေ့တတ်ကြတဲ့ အချက်ပါ။ ကိုယ်က မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်ရှင်းပြီးတာနဲ့ ဆီးသွားဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေ၊ ဆီးမထိန်းနိုင်တဲ့ သူတွေဆိုရင် ညအိပ်ခါနီး ရေလျှော့သောက်ပေးဖို့နဲ့ ကြိုပြီး ဆီးသွားလိုက်မယ်ဆိုရင် အိပ်ရေးအပျက်ခံစရာ မလိုတော့ဘူးပေါ့။

၅။ ညအိပ်ခါနီး အစာစားတဲ့ အကျင့်ကို ဖျောက်ပါ။

ညဘက်ရောက်ပြီဆိုတာနဲ့ လူလည်း ပင်ပန်းပြီး အိပ်ချင်နေမှာပေါ့။ ဒီလို အိပ်စက်အနားယူရမယ့် အချိန်မှာမှ အစာစားလိုက်တဲ့အခါ ကိုယ်တွင်းအင်္ဂါတွေကလည်း အစာခြေဖို့အတွက် အလုပ်လုပ်နေရတယ်။ ကြာလာရင် ကိုယ်အလေးချိန်တက်ပြီး ကျန်းမာရေးပြဿနာတွေ ကြုံလာမှာပါ။ ဒါ့အပြင် အချဉ်ဓါတ်များတဲ့ အသီးအနှံတွေ၊ ဖျော်ရည်တွေ၊ ပူလွန်းစပ်လွန်းတဲ့ အစားအစာတွေ၊ ခရမ်းချဉ်သီးလို အက်ဆစ်ဓါတ်များတဲ့ အစားအစာတွေဟာ ညဘက်မှာ ဆီးသွားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်နဲ့ အနည်းဆုံး ၂နာရီခွာပြီး အစာစားပေးရပါမယ်။

ဘယ်လိုအခြေအနေတွေမှာရော ဆီးမကြာခဏ သွားချင်စိတ် ဖြစ်စေနိုင်လဲ။

ညဘက်မှာ ကောင်းစွာ အိပ်မပျော်တဲ့သူတွေ၊ ညနောက်ကျမှ အိပ်ရာဝင်တဲ့သူတွေမှာလည်း အိပ်နေရင်း ထပြီး ဆီးသွားရတဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ စောစောအိပ်ပေးပါ။ ကိုယ့်မှာ အိပ်မပျော်တဲ့ ရောဂါတွေ၊ စိတ်ဖိစီးမှုတွေ ရှိနေရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ညဘက်မှ ဆီးထသွားရတယ်ဆိုတာ စိုးရိမ်စရာ ပြဿနာတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေပုံထိုင်ပုံကိုသာ ပြင်ဆင်လိုက်မယ်ဆိုရင် ညဘက်မှာ ကောင်းကောင်း အိပ်စက်အနားယူနိုင်ပြီး ဆီးသွားရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Urinary Incontinence –https://www.webmd.com/urinary-incontinence-oab/features/putting-an-overactive-bladder-to-bed#1 (March 7, 2019)

How To Stop Full Bladder From Good Night Sleep –https://health.clevelandclinic.org/stop-full-bladder-killing-sleep/ (March 7, 2019)

 

ယခုပုံစံ

26/04/2022

Ye Myo Myat မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးသွားနည်းခြင်းသည် ကျန်းမာရေးအတွက်မကောင်းပါ

အိပ်ပျော်စဉ် ဆီးသွားခြင်းဆိုတာဘာလဲ



Ye Myo Myat မှ ရေးသားသည်။ · 26/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement