ဆီးသွားရင် နာကျင်ရတာ၊ ဆီးသွားရခက်နေတာမျိုး တစ်ခါတစ်ခါ ခံစားရတတ်ပါတယ်။ ဆီးပုံမှန်မသွားတာ၊ ဆီးသွားတိုင်း နာကျင်တာ၊ ဆီးအရောင် မကောင်းတာ စသည်ဖြင့် ဆီးနဲ့ပတ်သက်တဲ့ ပြဿနာတွေက အဖြစ်များတဲ့အထဲမှာ ပါဝင်ပါတယ်။ ဆီးသွားတိုင်း နာကျင်ရတာ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။
ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ
ဆီးသွားတဲ့အခါ နာကျင်တယ်ဆိုတာ ဆီးပြွန်မှာ ရောဂါပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးသွားလိုက်တဲ့အခါ ပူတဲ့ခံစားချက်ဖြစ်တာ၊ ဆီးက အနံ့တစ်မျိုးဖြစ်နေတာတွေလည်း ရှိနိုင်ပါတယ်။ ဆီးအရောင်က နီကျင်ကျင်၊ အရောင်ရင့်တာတွေအပြင် ဆီးအရောင်နောက်နေတာတွေဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရင်တော့ ပဋိဇီဝဆေးတွေကို လိုအပ်သလို ဆရာဝန်ညွှန်ပါလိမ့်မယ်။
ဆီးလမ်းကြောင်းပိုးဝင်ရာကနေ ကျောက်ကပ်အထိ ရောဂါဝင်လာနိုင်ပြီး ပိုပြင်းထန်လာနိုင်ပါတယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အဖျားတက်လာမယ်၊ မအီမသာဖြစ်လာမယ်၊ ပျို့အန်မယ်၊ ဆီးအရောင်နောက်မယ်၊ ရင့်မယ်၊ သွေးပါလာမယ်၊ အနံ့ဆိုးမယ်။ ဒါမျိုးတွေက ဆရာဝန်ညွှန်တဲ့ ပိုးသတ်ဆေးနဲ့မှ သက်သာနိုင်မှာပါ။ ကာကွယ်ချင်တယ်ဆိုရင်တော့ ရေများများသောက်ပါ။ ဆီးကိုအောင့်မထားပါနဲ့။
- ကျောက်တည်ခြင်း
ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်လိုမျိုး သတ္ထုဓာတ်တွေ များပြားစုပုံလာတဲ့အခါ ကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်ထဲမှာ အရင်စတည်တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ဆီးအိမ် ဒါမှမဟုတ် ဆီးပြွန်ထဲမှာ ဆက်တည်လာနိုင်ပါတယ်။
ဒီကနေနေ ဆီးစွန့်ထုတ်မှုကို ပိတ်ဆို့နိုင်လောက်တဲ့အထိ ဆီးကျောက်တည်လာတဲ့အခါ ဆီးသွားတိုင်း နာကျင်လာနိုင်ပါတယ်။ ဆီးထဲ သွေးပါလာနိုင်ပါတယ်။ ဒီလိုဖြစ်တာကြာလာရင် တင်ပါးဆုံနဲ့ နံရိုးကြားက ခါးအောက်ပိုင်းပါ နာကျင်လာပါလိမ့်မယ်။
Candida လို့ခေါ်တဲ့ မှိုပိုးတွေများလာရင်လည်း ဒီလိုဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေမှာဆိုရင် မိန်းမကိုယ်တဝိုက် ယားယံတာ၊ လောင်တဲ့ခံစားမှုုုတွေ ဖြစ်နိုင်ပါတယ်။ ဆီးသွားတဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါ နာကျင်မယ်၊ ပျစ်ခဲတဲ့ အဖြူတွေဆင်းမယ်။ အမျိုးသားဆိုရင် မှိုပိုးကြောင့် လိင်တံထိပ်ရောင်ရမ်းပြီး နာကျင်တာ၊ ကျိန်းစပ်ခြင်းနဲ့ အကျိအချွဲဆင်းခြင်းတွေခံစားရနိုင်ပါတယ်။
- ကလာမိုင်းဒီးယား
ကလာမိုင်းဒီးယား(Chlamydia) ဆိုတာ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အများစုမှာ လက္ခဏာမပြတတ်ပေမယ့် ဆီးသွားတဲ့အခါ ပူတဲ့၊ လောင်တဲ့ခံစားမှုကို ဖြစ်စေပြီး လိင်အင်္ဂါကနေ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းစေနိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အခါ နာကျင်တာလည်း ရှိနိုင်ပါတယ်။
အမျိုးသားတွေရဲ့ ဆီးပြွန်နားက ဂလင်းငယ်တစ်ခုဖြစ်တဲ့ ဆီးကျိတ်ဂလင်းရောင်ရမ်းလာတဲ့အခါ ဆီးသွားရင် နာကျင်ပြီး ဆီးသွားရခက်လာပါတယ်။ ဆီးသွားတဲ့အခါ၊ သုက်လွှတ်တဲ့အခါ ပေါင်ခြံနဲ့ ဗိုက်အောက်ပိုင်းက အောင့်လာတာ၊ ဆီးသွားရင်း သွေးပါတာ၊ ဆီးအရောင်နောက်တာတွေ ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တတ်ပေမယ့် ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပါတယ်။
- ဆီးပြွန်ကျဉ်းခြင်း
ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ထိခိုက်မှုတွေကြောင့် ဆီးပြွန်မှာ ဒဏ်ဖြစ်တတ်ပါတယ်။ အဲဒီကနေ အမာရွတ်တစ်ရှူးတွေ ဖြစ်စေပြီး ဆီးစွန့်ထုတ်မှုကို အဟန့်အတားဖြစ်စေ၊ နှေးစေနိုင်ပါတယ်။
- အကျိတ်
ဖြစ်ခဲတယ်ဆိုပေမယ့် ဆီးအိမ် သို့မဟုတ် ဆီးပြွန်နားမှာ အကျိတ်ဖြစ်လာရင် ဆီးသွားတဲ့အခါ နာကျင်စေပါတယ်။ ဆီးလည်း မကြာခဏသွားရနိုင်တယ်။ ဆီးမှာ သွေးပါတယ်၊ သိသိသာသာနာကျင်လာတယ်၊ ဗိုက်အောက်နားမှာ အဖုအလုံးတစ်ခုခုတွေ့လာတယ်ဆို ပေါ့ဆမနေဘဲ ဆရာဝန် အမြန်ပြသင့်ပါတယ်။
ဒါတွေကတော့ ဆီးသွားရင် နာကျင်ရတဲ့ အကြောင်းရင်းတွေပါ။ အကြောင်းရင်းတွေပေါ် မူတည်ပြီး ကုသနည်းတွေ အများကြီး ရှိတာကြောင့် မပေါ့ဆဘဲ ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပြီးလို့ အကြောင်းရင်းကို သိရရင် ဒါကို ကုသမှာသာ ပျောက်ကင်းမှာ ဖြစ်ပါတယ်။
[embed-health-tool-bmi]