home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အူအတက်ရောင်တာလား၊ လေနာတာလား

အူအတက်ရောင်တာလား၊ လေနာတာလား

ဗိုက်နာပြီ အထူးသဖြင့် ဝမ်းဗိုက်ညာဘက်အောက်ပိုင်းက နာပြီဆိုရင် အူအတက်ရောင်တာများလားလို့ တွေးတတ်ကြပါတယ်။ ဝမ်းဗိုက်ထဲမှာ ကလီစာ အများကြီး ရှိတဲ့အတွက် ဗိုက်အောင့်တိုင်း အူအတက်ရောင်တာ မဟုတ်ပါဘူး။ မှားတတ်ကြတာတော့ လေနာတာနဲ့ အူအတက်ရောင်တာနဲ့ မှားတတ်ကြပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာက အူအတက်ကြောင့်လား၊ လေနာတာကြောင့်လားဆိုတာ အကြမ်းဖျင်း ခွဲကြည့်ရအောင်။

လက္ခဏာပေါ်မူတည်ပြီး ခွဲတာဖြစ်တတ်တဲ့အတွက် အတိအကျမှန်မှာတော့ မဟုတ်ပါဘူး။ အတိအကျသိချင်ရင် ဆေးစစ်ကြည့်မှပဲ ရမှာပါ။ ဒါပေမယ့် အောက်ကပြောတဲ့အချက်တွေကတော့ အနည်းနဲ့ အများ အထောက်အကူပြုမှာပါ။

အူအတက်ရောင်တဲ့အခါ

အူအတက်က ဗိုက်ရဲ့ ညာဘက် အောက်ပိုင်းမှာ ရှိတယ်ဆိုပေမယ့် နာရင်တော့ ချက်ကနေ စနာတာပါ။ ပြီးတော့မှ တဖြည်းဖြည်း ညာဘက်ကို ရောက်လာတာပါ။

စစချင်းကတော့ ညှစ်ထားသလို အောင့်ပေမယ့် နောက်ပိုင်းကျရင် လှုပ်တာနဲ့ကို နာလာပါတယ်။

ဆေးသောက်လို့လည်း မသက်သာပါဘူး။

အူအတက်ရောင်သူတွေရဲ့ ၈၀ရာခိုင်နှုန်းမှာ ဒီလက္ခဏာ ၃ရပ်ရှိပါတယ်။

  • ဗိုက်နာတာ
  • ဖျားတာ
  • အန်တာ ပါ။

တခြား လက္ခဏာတွေအနေနဲ့ကတော့ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာ၊ အစားအသောက်ပျက်တာတွေ ဖြစ်တတ်ပါတယ်။

ဒီလို လက္ခဏာတွေ မဟုတ်ဘဲ တခြားထူးခြားတဲ့ လက္ခဏာတွေကိုတော့ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ တွေ့ရပါတယ်။

ကလေးအူအတက်ရောင်တဲ့အခါ

ကလေးတွေက နာတာကို သေချာ မပြောတတ်တဲ့အတွက် သူတို့ ပုံစံလေးတွေကို ကြည့်ရတာပါ။ ဗိုက်နာတာအပြင်

  • လမ်းလျှောက်ရင် နာလို့ ကုန်းကုန်းလေး လျှောက်မယ်။
  • ဘေးစောင်းပြီး ဒူးကွေးအိပ်မယ်။
  • ဗိုက်ကို အထိမခံဘူး။
  • ပျို့တာ၊ အန်တာ ဖြစ်မယ် စတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေ အူအတက်ရောင်တဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်မှာ အူအတက်ရောင်တာ ရှားတယ်ဆိုပေမယ့် ဖြစ်တော့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ သားအိမ်က ဗိုက်ထဲကို ကြီးလာတာကြောင့် ကိုယ်တွင်းအင်္ဂါတွေက ရှိရမယ့် နေရာထက် အပေါ်ကို ရောက်နေပါတယ်။ ဒါကြောင့် ညာဘက် အောက်ပိုင်းအစား ညာဘက် အပေါ်ပိုင်း (အသည်းနေရာ) လောက်မှာ နာတတ်ပါတယ်။

အူအတက်ပေါက်ပြီဆိုရင်

အူအတက်ရောင်တာကို မသိလိုက်ဘူးဆိုရင် နောက်ထပ် ၁ရက်ခွဲနဲ့ ၃ရက်လောက်ကြာရင် အူအတက်ပေါက်တတ်ပါတယ်။ အူအတက်ပေါက်ပြီဆိုရင် တင်းထားတာတွေ လျော့သွားတဲ့အတွက် နာတာက ရုတ်တရက် သက်သာသွားပါတယ်။ ဒါက ရောဂါပျောက်သွားတာ မဟုတ်ပါဘူး။ မုန်တိုင်းမလာခင် လေငြိမ်နေတာပါ။ သိပ်မကြာခင်မှာပဲ အူထဲက ဘက်တီးရီးယားတွေ ဝမ်းခေါင်းထဲ ပျံ့သွားတဲ့အတွက် ဝမ်းတွေင်း အမြှေးပါး ရောင်လာပါလိမ့်မယ်။

ဝမ်းတွင်း အမြှေးပါးရောင်လာပြီဆိုရင်

  • ဗိုက်က မာပြီး တင်းနေမယ်။
  • အထိမခံနိုင်အောင် နာမယ်။
  • ချမ်းတုန်ပြီး ဖျားမယ်။
  • အန်မယ် စတာတွေ ဖြစ်လာမှာပါ။

အချိန်မီမကုဘူးဆိုရင် သွေးဆိပ်သင့်ပြီး အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

လေနာတဲ့အခါ

လေနာတဲ့အခါ အူထဲမှာ လေတွေ သွားနေတာကို ခံစားမိပါတယ်။ ဗိုက်က ရစ်ရစ်ပြီး နာတာပါ။ အူအတက်လိုမျိုး ညာဘက်ကပဲ မအောင့်ပါဘူး။ ဗိုက်တစ်ပြင်လုံး အောင့်ပြီး ရင်ခေါင်းထိ တက်အောင့်တတ်ပါတယ်။ ဒါ့ပြင်

  • လေချဉ်တက်တာ
  • ဗိုက်က တင်းနေတာ
  • ဗိုက်ထဲမှာ ခပ်လေးလေး ခံစားနေရတာမျိုး ရှိပါတယ်။

လေနာတာက ကုကု မကုကု မိနစ်ပိုင်းကနေ နာရီပိုင်းအတွင်းမှာ သက်သာသွားပါတယ်။ လေဆေးတွေသောက်၊ လေတွေလည်လိုက်ရင်လည်း သက်သာသွားပါတယ်။

တစ်ရက်ကျော်လို့မှ မသက်သာရင်တော့ လေနာတာထက် တခြားရောဂါတစ်ခုခု ဖြစ်ဖို့များတာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဒါကြောင့် ခြုံပြောရလို့ရှိရင် ရုတ်တရက် ဗိုက်အောင့်လာတယ်ဆိုရင် တခြားဘာလက္ခဏာတွေ ခံစားရသေးလည်း စဉ်းစားပါ။ နာတာက လုံးဝမသက်သာဘူးဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းသွားလိုက်ဖို့ အကြံပြုပါရစေ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အူအတက်ရောင်တာဆိုရင် အချိန်မီ ကုသနိုင်အောင်လို့ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 24/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။