brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Break out ဖြစ်နေချိန်မှာ လုပ်မိတတ်တဲ့ အမှားများ

ဒီနေရာမှာ အရင်ဆုံး ပြောချင်တာက Break out ဆိုတာက ဝက်ခြံတွေ အစုလိုက်အပြုံလိုက် အဆက်မပြတ် ထွက်နေတာကို ဆိုလိုချင်တာပါ။ ဝက်ခြံက ၁ လုံးစ၊ ၂ လုံးစ ထွက်တာမျိုး ရှိသလို ဝက်ခြံတွေက အဆက်မပြတ် မျက်နှာမှာ အစုလိုက် အပြုံလိုက် ထွက်တာမျိုးလည်း ရှိပါတယ်။ ဒီလို ထွက်လာချိန်မှာ သက်သာစေဖို့ နည်းအမျိုးမျိုးနဲ့ လုပ်မိတတ်ကြတယ် မဟုတ်လား။ ဒီတစ်ခေါက်တော့ ဝက်ခြံထွက်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေ အနေနဲ့ Break out ဖြစ်နေချိန်မှာ လုပ်မိတတ်တဲ့ အမှားများ အကြောင်း သတိထားနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။ 

Break out ဖြစ်နေချိန်မှာ လုပ်မိတတ်တဲ့ အမှားများ

Break out ဖြစ်တယ်ဆိုတာ ဘယ်လို မျိုးလဲ!

အရေပြားမှာ Breakout ဖြစ်နေတာဆိုရင်တော့ ထွက်နေကျ မဟုတ်တဲ့ နေရာမှာ ဝက်ခြံ အဖု အကြီးကြီးတွေ ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီဝက်ခြံတွေက နီမြန်းမယ်။ ရောင်ရမ်းမယ်။ နာကျင်မယ် စတာတွေကို ခံစားရနိုင်ပါတယ်။

ဒီ အနေအထားမှာ သည်းမခံနိုင်လို့ ကုတ်ခြစ်မိမယ် ဆိုရင် ပိုးဝင်ပြီး အရေပြားမှာ အမာရွတ်တွေဖြစ်တာ အပါအဝင် အခြားသော အသားအရေ ထိခိုက်ပျက်စီးမှုတွေကို ခံစားရနိုင်ပါတယ်။

ဒီအနေအထားကို သက်သာစေဖို့ဆိုရင်တော့ လက်ရှိ သုံးနေတဲ့ အသားအရေထိန်း ပစ္စည်းတွေကို ရပ်ပစ်လိုက်ပါ။ ဆရာဝန်နဲ့ ပြဖြစ်အောင်ပြပါ။ ဒီလိုမျိုး ရုတ်တရက် အစုလိုက်အပြုံလိုက် ထွက်ရတဲ့ အကြောင်းရင်းကို ရှာပါ။ 

Break out ဖြစ်နေချိန်မှာ လုပ်မိတတ်တဲ့ အမှားများ

ဝက်ခြံက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာကြောင့် break out ဖြစ်နေချိန်မှာလည်း အမှားတွေ လုပ်မိပြီး ဝက်ခြံကို ပိုဆိုးစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ သတိထားနိုင်စေဖို့ Break out ဖြစ်နေချိန်မှာ လုပ်မိတတ်တဲ့ အမှားများ အကြောင်း ပြောပြပေးချင်ပါတယ်။ 

  • ဝက်ခြံကို ညှစ်ပစ်တာ

ဝက်ခြံ အသစ် တစ်လုံးထွက်လာပြီဆိုရင် အရင်ဆုံး လုပ်မိတတ်တဲ့ အလုပ် တစ်ခုကတော့ ဝက်ခြံကို ညှစ်တာပါ။ ဝက်ခြံကို ညှစ်လိုက်တဲ့အခါ သက်သာသွားတာမျိုး မရှိဘဲ ရောင်ရမ်းမှုကို ပိုဆိုးစေသလို ပိုးဝင်ကူးစက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေက ဝက်ခြံကို ညှစ်လိုက်တဲ့အခါ အရေပြားက နီမြန်းတာမျိုး ဖြစ်နိုင်သလို အရေပြား ပိုးဝင်ပြီး အမာရွတ် ဖြစ်ကျန်တာမျိုးကိုလည်း ခံစားရစေနိုင်ပါတယ်။

ဘာလုပ်ရမလဲ – ဝက်ခြံကို ညှစ်ပစ်မယ့်အစား ဝက်ခြံပေါ်မှာ ဝက်ခြံကပ် ပလာစတာလေး ကပ်ထားပါ။ နောက်ပြီး လက်ချောင်းတွေမှာ ဘက်တီးရီးယားတွေ အများကြီး ရှိနေတာကြောင့် ဝက်ခြံတွေကို ပိုမို ရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

  • ဆဲလ်သေဖယ်ရှားပေးတဲ့ အရာတွေကို အလွန်အကျွံ သုံးတာ

ဝက်ခြံက ကြီးကြီးမားမား ထွက်လာပြီဆိုရင်ဖြစ်ဖြစ် break out ဖြစ်နေရင် ဖြစ်ဖြစ် လုပ်မိတတ်တာ တစ်ခုက ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားတာပါ။ ဆဲလ်သေတွေကို ဖယ်ရှားတဲ့အခါ ဝက်ခြံကိုပါ သက်သာစေနိုင်တဲ့ အရာတွေ ဖြစ်တဲ့ salicylic acid နဲ့ benzoyl peroxide ပါတာတွေကို အသုံးပြုပေးကြပါတယ်။ ဒါတွေကို အလွန်အကျွံသုံးမယ်ဆိုရင် အရေပြားခြောက်သွေ့လွန်းတာကြောင့် အဆီတွေ ပိုပြန်လာတာ၊ ပိုမို ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။

ဘာလုပ်ရမလဲ – ဝက်ခြံထွက်နေချိန်မှာ ဆဲလ်သေဖယ်ရှားလို့ ရပါတယ်။ ဒါပေမဲ့ အရေပြားကို ပွန်းပဲ့ပြီး ရောင်ရမ်းစေနိုင်တာတွေကို ‌ရှောင်ပါ။ ဝက်ခြံအတွက် ထုတ်ထားတာတွေကိုပဲ သုံးပါ။ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်ပဲ ဆဲလ်သေ ဖယ်ရှားသင့်ပါတယ်။ 

  • မျက်နှာကို ခဏခဏ သစ်တာမျိုး မလုပ်ပါနဲ့

မျက်နှာကို ခဏခဏ သစ်တာ၊ အလွန်အကျွံသစ်တာက ဝက်ခြံကို မသက်သာစေပါဘူး။ မျက်နှာ ခဏခဏ သစ်တာက အသားအရေ ခြောက်သွေ့တာကို ဖြစ်စေနိုင်သလို ဝက်ခြံတွေ ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံ ထွက်နေချိန်မှာ သက်သာချင်ဇောနဲ့ ခဏခဏ မျက်နှာသစ်တာမျိုး မလုပ်ပါနဲ့။ 

ဘာလုပ်ရမလဲ – ဝက်ခြံ ထွက်နေတာကို သက်သာစေဖို့ဆိုရင် တစ်နေ့ကို မနက် ၁ ကြိမ် ညဘက်မှာ တစ်ကြိမ် ၂ ကြိမ်ပဲ မျက်နှာသစ်ပေးပါ။ လေ့ကျင့်ခန်း လုပ်ပြီးလို့ ချွေးထွက်လာချိန်မှာလည်း မျက်နှာသစ်လို့ ရပါတယ်။ 

  • အစိုဓာတ်ထိန်းခရင်မ် မသုံးတာမျိုး မလုပ်ပါနဲ့ 

အဆီပြန်တတ်တဲ့ သူတွေက မျက်နှာ အဆီပြန်တာကို ပိုဆိုးမှာ စိုးတယ်ဆိုပြီး အစိုဓာတ်ထိန်းခရင်မ်ကို မလိမ်းဘဲ ဒီအဆင့်ကို ကျော်သွားတတ်ပါတယ်။ ဒီအခြေအနေကပဲ ဝက်ခြံတွေကို ပိုဆိုးစေနိုင်တာပါ။ အမှန်တကယ်မှာတော့ အရေပြားမှာ အစိုဓာတ် မရှိတာက ခန္ဓာကိုယ်ကို အဆီ များများ ထွက်စေပြီး ဝက်ခြံ ဖြစ်စေဖို့ အားပေးသလို ဖြစ်နေပါတယ်။ 

ဘာလုပ်ရမလဲ – အဆီပြန်တတ်တယ်ဆိုရင် ခပ်ပျစ်ပျစ် အစိုဓာတ်ထိန်းကရင်မ်ကို ရှောင်ပါ။ အဆီမပါဘဲ ရေကို အခြေခံ ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးလို့ ရပါတယ်။ 

အရေပြားမှာ break out ကြောင့် ထိခိုက်မှု ကင်းစေဖို့ဆိုရင် အခုပြောခဲ့တဲ့ အချက်လေးတွေကို သတိထားဖို့ လိုပါမယ်။ 

# အမှာစကား

Break out ဖြစ်နေချိန်မှာ သေချာ မကုသမိတဲ့အခါ ဝက်ခြံ နဲ့ အရေပြား ပိုးဝင်တာမျိုး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာပြီး အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါ​ကြောင့် အသားအရေလေး ကျန်းမာစေဖို့ဆိုရင် အရေပြားကို ပုံမှန် သန့်စင်ပါ။ ဆိတ်ဆွတာ၊ ကုတ်ဖဲ့တာတွေ မလုပ်ပါနဲ့၊ အသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်း ပစ္စည်းမျိုးကို ရွေးပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/06/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။