backup og meta

ခရမ်းလွန်ရောင်ခြည် ဒဏ်ကနေ ကာကွယ်ကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရမ်းလွန်ရောင်ခြည် ဒဏ်ကနေ ကာကွယ်ကြမယ်။

    နေအလင်းရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ဟာ လူတွေအတွက် အကာအကွယ်လေးတစ်ခုဖြစ်တဲ့ အရေပြားမှာရှိတဲ့ ဆဲလ်လေးတွေကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တစ်မျိုးဖြစ်ပါတယ်။ Ultraviolet Radiation (UV) လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပြင်ထန်တဲ့နေရောင်ခြည် တစ်မျိုးဖြစ်ပြီး ရောင်ခြည်ရဲ့လှိုင်းအကွာအဝေးအပေါ်မူတည်ပြီး UV-A, UV-B နဲ့ UV-C ဆိုပြီး ၃မျိုးရှိပါတယ်။ အဓိကအနေနဲ့ ဒီကမ္ဘာမြေကြီးကို ထိုးဖောက်ဝင်ရောက်နိုင်တာက UV A နဲ့ B ဖြစ်တဲ့ အတွက် အဲဒီ နှစ်မျိုးရန်ကနေ ကာကွယ်ဖို့က အရေးကြီးပါတယ်။

     ခရမ်းလွန်ရောင်ခြည် က ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။

    ခရမ်းလွန်ရောင်ခြည်ဟာ အဓိကအားဖြင့် အရေပြားနဲ့ မျက်လုံးအတွက် ဆိုးကျိုးတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။

    ၁။ အရေပြား

    အရေပြားဆဲလ်လေးတွေကို ပျက်စီးစေပြီး နီရဲ့လာတာ၊ အသားအရောင်ပြောင်းလဲစေတာ၊ တင်းတိပ်၊ မှဲ့ခြောက်နဲ့ အရေးကြောင်းတွေ ဖြစ်စေတာ၊ အခြားအရေပြားရောဂါတွေ အပြင် အရေပြားကင်ဆာအထိပါ ဖြစ်စေနိုင်ပါတယ်။

    ၂။ မျက်လုံး

    ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကိုသာမက မျက်လုံးကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ မျက်ကြည်လွှာရောင်ခြင်း၊ မျက်သားတက်ခြင်း၊ တိမ်ဖြစ်ခြင်း၊ အမြင်ဝါးစေခြင်းတွေ အပြင် မျက်လုံးကင်ဆာကို လည်း ဖြစ်စေနိုင်ပါတယ်။

    ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ။

    ၁။ ဖြစ်နိုင်ရင် နေရိပ်ထဲမှာနေပါ။

    အထူးသဖြင့် နေအပြင်းဆုံး နေ့ခင်းပိုင်းတွေမှာ အပြင်ကို မလိုအပ်ဘဲ မထွက်သင့်ပါဘူး။ မနက် ၁၀ နာရီမှ ညနေ ၃နာရီ၊ ၄နာရီလောက်ထိဟာ တစ်နေ့တာရဲ့ နေအပြင်းဆုံးအချိန်တွေ ဖြစ်တဲ့အတွက် အဲဒီအချိန်အတွင်းမှာ နေပူထဲတိုက်ရိုက်ထွက်တာကို ရှောင်သင့်ပါတယ်။ အထူးသဖြင့် အပူဆုံးနွေရာသီမှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အားကစားလုပ်ခြင်း ၊ ဥပမာ- ကြက်တောင်ရိုက်၊ ဘောလုံးကန် စတဲ့ activity တွေကို လုပ်မယ်ဆိုရင်တော့ မနက်ခင်းပိုင်းနဲ့ နေအေးတဲ့ ညနေခင်းတွေမှာ လုပ်ဖို့ အကြံပေးချင်ပါတယ်။

    ၂။ ကိစ္စတစ်ခုခုကြောင့် ခဏတာ အပြင်ထွက်ရမယ်ဆိုရင်လည်း နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် အကာကွယ်ယူသင့်ပါတယ်။

  • နေလောင်ကာဆေး (sunscreen) လိမ်းပါ။ နေလောင်ကာကွယ်ဆေးကို ရွေးချယ်တဲ့အခါမှာ UV-A ကိုသာမက UV- B ကိုပါ ကာကွယ်ပေးနိုင်တဲ့ sunscreen မျိုးနဲ့ sun protection factor လို့ခေါ်တဲ့ နေဒဏ်ကာကွယ်နိုင်တဲ့ ပမာဏ အနည်းဆုံး ၁၅ နဲ့ အထက်ရှိတဲ့ဟာမျိုးကို ရွေးချယ် အသုံးပြုပေးသင့်ပါတယ်။ နေလောင်ကာဆေးကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နိုင်မယ့် နေရာတွေ အားလုံးကို အပြင်မထွက်ခင် ၁၅မိနစ် (သို့) နာရီဝက်လောက် ကြိုတင်ပြီး သေသေချာချာ လိမ်းပေးဖို့လိုအပ်ပါတယ်။
  • နေကာမျက်မှန်တပ်ပါ။ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကို ပျက်စီးစေနိုင်ရုံတင်မကဘဲ မျက်လုံးကိုလည်း ထိခိုက်စေနိုင်တဲ့ အတွက် နေရောင်အောက်ကို မထွက်ခင် မျက်လုံးကိုလည်း ကာကွယ်ပေးဖို့ မမေ့လျော့သင့်ပါဘူး။ မျက်လုံးကို ကာကွယ်ဖို့အတွက် နေကာမျက်မှန်တပ်ဖို့၊ မျက်လုံးအကာအကွယ်တွေ သုံးကြဖို့ အကြံပေးချင်ပါတယ်။
  • ဦးထုပ်ဆောင်းပါ။ ဖြစ်နိုင်ရင် မျက်နှာ၊ ဦးခေါင်း၊ နားရွက်တွေ နဲ့ လည်ပင်းအထိပါ အရိပ်ရစေနိုင်တဲ့ ဦးထုပ်မျိုးကို ရွေးချယ်သင့်ပါတယ်။
  • တစ်ကိုယ်လုံးကို တတ်နိုင်သမျှ ဖုံးကာထားပါ။ ဖြစ်နိုင်ရင် အသားအေးတဲ့ ခပ်ပွပွ အင်္ကျီ လက်ရှည်၊ ဘောင်းဘီရှည်မျိုးကို ဝတ်ဆင်သင့်ပါတယ်။ အရမ်းတင်းကျပ်ပြီး လေဝင်လေထွက်မရှိတဲ့ အဝတ်အစားတွေကို ရှောင်ကြဉ်သင့်ပါတယ်။
  • ကလေးတွေကို ဂရုစိုက်ပါ။ အထူးသဖြင့် ကလေးဘဝမှာ ပြင်းထန်တဲ့နေနဲ့ အကာကွယ်မပါဘဲ ထိတွေ့မိတဲ့အခါ သူတို့ အသက်ကြီးလာတဲ့အခါမှာ အရေပြားကင်ဆာ ဖြစ်နိုင်ချေ ပိုများတဲ့အတွက် နေရောင်အောက်ကို ထွက်မယ်ဆိုရင် မိမိတို့ရဲ့ ကလေးလေးတွေကို လုံခြုံအောင် အရှေ့မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ သေသေချာချာ ဂရုစိုက်ပေးသင့်ပါတယ်။
  • နေရောင်အောက်မှာ နေ့စဉ်နဲ့ အမျှ အလုပ်လုပ်နေရတဲ့ သူတွေဆိုရင် အခြားသူတွေထက်ပိုပြီး နေရောင်ကြောင့်ဖြစ်တတ်တဲ့ အရေပြားနဲ့ မျက်လုံးပြသနာတွေ၊ ရောဂါတွေ ပိုပြီး ဖြစ်နိုင်ချေများတဲ့အတွက် အကာအကွယ် ပိုလိုအပ်ပါတယ်။ လုပ်ငန်းသုံး မျက်နှာအကာ၊ မျက်လုံးအကာ၊ ဦးထုပ်နဲ့ နေရောင်ကို အကာအကွယ်ဖြစ်စေမယ့် အဝတ်အစားတွေ အသုံးပြုဖို့က အင်မတန်မှ အရေးကြီးပါတယ်။ အပူလျှပ်ခြင်း၊ အပူကြောင့် သတိမေ့မျောခြင်းတွေ မဖြစ်အောင် နေပြင်းတဲ့အချိန် အလုပ်လုပ်ရတဲ့အခါမှာ မကြာခဏ လေကောင်းလေသန့် နဲ့ အရိပ်ရတဲ့နေရာမှာ အနားယူဖို့လည်း လိုအပ်ပါတယ်။

    ဒီဆောင်းပါးလေးဖတ်ပြီး ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ကာကွယ်လျှော့ချ နိုင်ကြပါစေ။

    ရေးသားသူ- Phoo Ngon

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement