brand logo
Discover
Health Tools
Communities

Share

Night Cream လိမ်းဖို့ မမေ့သင့်တဲ့အကြောင်းအရင်း

တော်တော်များများက အသားအရေထိန်းသိမ်းမှုလုပ်ကြတယ်ဆိုပေမယ့်နေရောင်ထဲထွက်တဲ့အခါမျိုး၊နေ့အချိန်တွေမှာပဲအသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုလိမ်းသင့်တယ်လို့ မှားယွင်းနားလည်နေကြပါတယ်။ တကယ့်အမှန်ကတော့နေ့အခါမျိုးမှာပဲ အသားအရေကိုနေလောင်ကာခရင်မ်တွေလူးတာ၊ Day Creamတွေ၊Serum တွေ လူးဖို့လိုအပ်တာမဟုတ်ပါဘူး။ ညအိပ်ရာဝင်တဲ့အချိန်မှာလည်း အိပ်ရာမဝင်ခင် မျက်နှာပေါ်က မိတ်ကပ်တွေ၊နှုတ်ခမ်းနီတွေ၊ မျက်လုံး နဲ့ မျက်ခုံးမှာအသုံးပြုထားတဲ့ အရာတွေကို သန့်စင်ဖို့ မိတ်ကပ်ဖျက်ဆေးတွေကို အသုံးပြုပြီး အရင်ဖျက်တာမျိုးက အသားအရေထိန်းသိမ်းဖို့အတွက် မဖြစ်မနေလုပ်သင့်တဲ့ အဆင့်တစ်ရပ်ပါ။ပြီးတဲ့နောက်မှာ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ ညင်ညင်သာသာလေး မျက်နှာသစ်ပေးရမှာပါ။ မိတ်ကပ်လူးတဲ့သူတွေပဲ အခုလိုမျိုး အိပ်ရာမဝင်ခင် မျက်နှာသန့်စင်ဖို့လိုတာမဟုတ်ပါဘူး။ သနပ်ခါးကြိုက်တဲ့ ပျိုမေတွေလည်း ညအိပ်ရာမဝင်ခင်မှာ မနက်ခင်းကလူးထားတဲ့ သနပ်ခါးတွေကို အရေပြားပေါ်ကနေသန့်စင်ဖို့လိုပါလိမ့်မယ်။ တစ်နေ့တာလုံးလူးထားတဲ့ မျက်နှာပေါ်က ဘယ်အလှပြင်ပစ္စည်းကိုမဆို ဖယ်ရှားရမှာပါ။ မျက်နှာကို မနက်တစ်ကြိမ် ညနေတစ်ကြိမ်သစ်ပေးတာက အသားအရေထိန်းသိမ်းမှုရဲ့ အခြေခံကျတဲ့စည်းကမ်းတစ်ချက်ပါ။

Night Cream လိမ်းဖို့ မမေ့သင့်တဲ့အကြောင်းအရင်း

တိုးတက်ခေတ်မီလာတာနဲ့အတူနေ့စဉ်ထိတွေ့နေရတဲ့မြို့ပြလေထုတွေနဲ့ရေထုတွေမှာ အသားအရေကိုထိခိုက်စေနိုင်တဲ့ အရာတွေပါဝင်မှုက တော်တော်လေးများလာပါတယ်။ အသားအရေဟာ တစ်နေကုန်အောင်နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် နဲ့ အရေပြားကိုထိခိုက်ပျက်စီးစေတဲ့ free radicalsတွေနဲ့ ထိတွေ့နေရပါတယ်။ ဒီအချက်တွေကြောင့် အသားအရေမပျက်စီးစေဖို့ အရေပြားကိုထိန်းသိမ်းတာ၊ အစားအသောက်တွေကို သင့်တင့်မျှတအောင်ရွေးချယ်စားသုံးတာ၊ကောင်းကောင်းမွန်မွန်အိပ်စက်အနားယူတာ၊ ရေပြည့်ပြည့်ဝဝသောက်တာမျိုးတွေကိုလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ တစ်နေ့တာလုံးနေရောင်နဲ့လေထုတွေမှာပါတဲ့ free radicalsတွေနဲ့ထိတွေ့နေရတာကြောင့် အသားအရေက ပင်ပန်းနွမ်းနယ်တဲ့အပြင်၊ တုံ့ပြန်မှုလွယ်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ အသားအရေထိခိုက်ပျက်စီးတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အသားအရေက လိုအပ်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်မှုက ညအချိန်မှာပိုပြီးအားကောင်းတယ်ဆိုတာကို သိသူနည်းပါးပါတယ်။ အိပ်စက်အနားယူနေချိန်မျာ အသားအရေက ဆဲလ်အဟောင်းတွေအစားဆဲလ်အသစ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်စက်နေချိန်မှာလည်း အသားအရေကို ပြန်လည်ပြုပြင်ကုစား ဖို့ကလိုအပ်ပါတယ်။

အသားအရေကို ထိန်းသိမ်းတယ်ဆိုရာမှာ မနက်ခင်းပိုင်းမှာ အသုံးပြုသလိုမျိုး Serum၊ Toner၊ Moisturize၊ နေလောင်ကာခရင်မ် နဲ့ Day Cream လိုမျိုးအသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကို အဆင့်ဆင့်သုံးဖို့မလိုပါဘူး။ ညအိပ်ချိန်မှာ အသားအရေထိန်းသိမ်းဖို့ဆိုပြီး Day Cream ကိုလိမ်းအိပ်တာမျိုးကလည်း မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ညအိပ်စက်ချိန်မှာအသားအရေအတွက် လိုအပ်တဲ့အာဟာရဓါတ်နဲ့ ရေဓါတ်ကိုဖြည့်တင်းဖို့ဆိုရင် ညဘက်လိမ်းဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Night Cream မျိုးကိုလူးပေးရမှာဖြစ်ပါတယ်။ ညလိမ်းခရင်မ်လိမ်းတာက အသားအရေထိန်းသိမ်းမှုမှာ မပါမဖြစ်လို့တောင်ပြောလို့ရတဲ့ နည်းလမ်းတစ်ခုပါ။ Night Cream အသုံးပြုတဲ့အခါမှာလည်း အသားအရေရဲ့ကော်လာဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ceramides နဲ့ အရေပြားရဲ့ လုပ်ငန်းစဉ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ဖို့အတွက် အထောက်အကူပြုပေးနိုင်တဲ့ ဗီတာမင် A၊ C၊ E နဲ့ B5 လိုမျိုး ဗီတာမင်တွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ Night Cream မျိုးကိုရွေးချယ်သင့်ပါတယ်။

ညလိမ်းခရင်မ်လူးပေးတာကဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မှာလဲ

ညလိမ်းခရင်မ်လူးပေးတာကအောက်ပါအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

  • ညလိမ်းခရင် မျက်နှာအရေပြားပေါ်ကခြောက်သွေ့တဲ့နေရာတွေကို အစိုဓါတ်ရရှိစေပါတယ်။ မျက်နှာကိုရေဓါတ်ပြည့်ဝနေအောင်လုပ်ပေးပါတယ်။
  • မျက်နှာအသားအရေကိုချောမွေ့တောက်ပစေနိုင်ပါတယ်။
  • မျက်နှာအသားအရေကို ညီညာစေနိုင်ပါတယ်။
  • အရေပြားရဲ့ကော်လာဂျင်ထုတ်လုပ်မှုကို တိုးတက်စေနိုင်တယ်။
  • မျက်နှာအသားအရေရဲ့သွေးလှည့်ပတ်မှုကိုကောင်းမွန်စေနိုင်တယ်။
  • မျက်နှာနဲ့လည်ပင်းအရေပြားတွေမှာ အရေးအကြောင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။
  • အသားအရေကို တင်းရင်းအောင်ထောက်ပံ့ပေးပါတယ်။
  • အသားအရေကို နူးညံ့စေပြီး လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝစေပါတယ်။
  • အရွယ်တင်စေနိုင်ပါတယ်။
  • ဆဲလ်အသစ်တွေဖြစ်ပေါ်စေပြီး အရေပြားကို အာဟာရပြည့်ဝစေပါတယ်။
  • မျက်နှာပေါ်က အစက်အပြောက်တွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလျော့ပါးသက်သာစေတယ်။

Night Cream ဘယ်လိုရွေးချယ်မလဲ။

မိမိအသားအရေအမျိုးအစားနဲ့လိုက်ဖက်မယ့် Night Cream ကိုရွေးချယ်ဝယ်ယူဖို့ကအရေးကြီးပါတယ်။Night Cream ဝယ်တဲ့အခါ အရမ်းစေးကပ်တာမျိုးမဝယ်ယူသင့်ပါဘူး။Night Cream ကိုအထူကြီးလိမ်းတာမျိုးလည်းမလုပ်သင့်ပါဘူး။Night Cream ကိုအထူကြီးလူးတာက အရေပြားအတွက် အကျိုးမထူးတဲ့အပြင် မျက်နှာပေါ်ကချွေးပေါက်တွေကို ပိတ်ဆို့တာမျိုးဖြစ်စေနိုင်ပြီး အရေပြားအတွက် လိုအပ်တဲ့လေကိုရရှိဖို့အခက်တွေ့စေပါလိမ့်မယ်။ အနံ့စူးတဲ့Night Creamတွေကိုရှောင်ကြဉ်ပြီး hypoallergenic ပါဝင်တဲ့ Night Cream မျိုးကိုရွေးချယ်ပေးပါ။ တော်တော်များများက Night Cream ဆိုတာ သိပ်တော့မလိုအပ်ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ လိုအပ်တယ်လို့ပဲပြောပါရစေ။ အစောပိုင်းကပြောခဲ့ဖူးသလိုပဲ အရေပြားက ညအချိန်မှာနေ့ဘက်ထက် အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်တာဖြစ်တဲ့အပြင် ဆဲလ်အသစ်တွေလည်းဖြစ်ပေါ်နေတာဖြစ်တဲ့အတွက် ညလိမ်းခရင်မ်လူးပေးတာက အသားအရေကို အာဟာရဖြည့်တဲ့နေရာမှာတော်တော်လေးထိရောက်တယ်ဆိုရပါမယ်။ ပျက်စီးနေတဲ့ဆဲလ်တွေကိုပြုပြင်ပေးတဲ့ အလုပ်ကိုလည်း Night Cream ကလုပ်ဆောင်ပေးပါသေးတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်စေပြီး တစ်ရှုးတွေမပျက်စီးအောင်လည်း ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ဒီအချက်တွေအရ Night Cream ကအမျိုးသမီးတွေအတွက်သင့်တော် မတော်ကိုတော့လေဒီကိုယ်တိုင်သာဆုံးဖြတ်လိုက်ပါ။

ဒီနေရာမှာ Night Cream ကိုဘယ်လိုသုံးရမလဲဆိုတာကို နည်းနည်းလောက်ပြောပြချင်ပါတယ်။ အရင်ဆုံးအနေနဲ့ကတော့ မျက်နှာကို မိတ်ကပ်ဖျက်ဆေးသုံးပြီး မိတ်ကပ်တွေကို ဖျက်ပေးရပါမယ်။ အဲ့သည့်နောက် မျက်နှာသစ်ဆေးသုံးပြီးသန့်စင်ရမှာပါ။ပြီးနောက် Night Cream ကိုသင့်တင့်တဲ့ပမာဏယူပြီး မျက်နှာအနှံ့ကိုဖြည်းညင်းစွာလိမ်းပေးပါ။ မျက်နှာအသားအရေသွေးလှည့်ပတ်မှုကောင်းစေဖို့စက်ဝိုင်းသဏ္ဍန်နှိပ်နယ်ပေးလည်းရပါတယ်။ မျက်ခွံပေါ်မှာ Night Cream မသုံးမိဖို့တော့ သတိထားပါ။ Night Cream အသုံးပြုပေးတာက မျက်နှာကို ဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေအပြင် အခြားသောအရေပြားပြဿနာတွေကိုလျော့ပါးသက်သာစေနိုင်သလို မျက်နှာအသားအရေကို ညီညွတ်ချောမွေ့စေမှာဖြစ်ပါတယ်။ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှုတစ်ရပ်ဖြစ်ဖို့ဆိုရင်တော့ မျက်နှာအသားအရေကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်တဲ့ Night Cream အသုံးပြုမှုကိုလည်းမေ့ထားလို့မရပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Aye Thi Mon · Updated 12/05/2020

Was this article helpful?