brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။ မနက်ကပဲ မိတ်ကပ် လေး မှုန်မှုန်ညက်ညက်လိမ်းလာတယ်။ နေ့ခင်းကျတော့ မျက်နှာကြီးက အဆီပြန်ပြီး ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ မနက်ကလိမ်းလာတဲ့ မိတ်ကပ်တွေ ဘယ်ရောက်သွားမှန်းမသိ၊ ရုပ်လည်းဆိုးသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို အဆီပြန်တဲ့သူတိုင်း သိကြမှာပါ။

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။

မျက်နှာက အဆီပြန်လွန်းလို့ မိတ်ကပ်လိမ်းရမှာ စိတ်ညစ်နေပြီလား။

သူများတွေမိတ်ကပ်လေးတွေနဲ့ လှသလို ကိုယ်လည်း လှချင်တာပေါ့။ ခက်တာက အဆီပြန်နေတဲ့ကိုယ့်မျက်နှာအသားအရေကြီးက ခံနေတော့ မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း ခဏလောက်ပဲ ခံပြီး တော်ကြာ အဆီပြန်ပြီး ကွက်လာလို့ စိတ်ညစ်နေတဲ့သူတိုင်း ခုပြောပြမယ့် နည်းလေးတွေ လိုက်လုပ်ကြည့်လို့ရပါတယ်။

အဆီပြန်တဲ့ သူတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းနည်း။

မိတ်ကပ်မလိမ်းခင် အရင်ဆုံး လုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကတော့

  • အောက်ခံအသားအရေကောင်းမှ အပေါ်က တင်လိုက်တဲ့မိတ်ကပ်က လှမှာဆိုတော့ ကိုယ့်မျက်နှာပေါ်က ဆဲလ်သေတွေကို တစ်ပတ်တစ်ခါ scrub သုံးပြီး ဖယ်ရှားပေးပါ။ ဒါမှ အဆီပိုတွေကြောင့် ဖြစ်တဲ့ ချွေးပေါက်ပိတ်တာတွေ၊ ဝက်ခြံဖြစ်တာတွေ လုံးဝ မရှိတော့မှာနော်။
  • ကိုယ်သုံးတဲ့ မျက်နှာသစ်ဆေးကလည်း မျက်နှာပေါ်က ပိုနေတဲ့အဆီတွေကို အနက်ရှိုင်းဆုံး သန့်စင်ပေးနိုင်တာ ဖြစ်ဖို့လိုပါသေးတယ်။
  • Toner သုံးပါ။ Toner သုံးလိုက်တာကြောင့် အဆီပြန်တာတွေကို သက်သာစေမှာပါ။
  • မိတ်ကပ်မလိမ်းခင် အရင်ဆုံး moisturizer သုံးပါ။ Moisturizer သုံးထားတော့ မျက်နှာမှာ ရေဓာတ် ရှိနေရင် အဆီတွေ တော်ရုံ ထွက်မလာတော့လို့ အဆီဂလင်းတွေ သိပ်အလုပ် မလုပ်ရတော့ပါဘူး။ ဒါ့ကြောင့် မျက်နှာ အဆီပြန် နေပေမယ့် moisturizer သုံးပေးဖို့ လိုပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါ ရွေးချယ်သင့်တာတွေက

  • Foundation မလိမ်းခင် အရင်ဆုံး Primer လိမ်းပါ။ Primer ဆိုတာ လိမ်းလိုက်တဲ့ မိတ်ကပ်သားကို ညီပြီးမွတ်နေအောင် စွမ်းဆောင်ပေးတဲ့အောက်ခံ မိတ်ကပ်တစ်မျိုးဖြစ်ပြီး မိတ်ကပ်မကွက်အောင် ကူညီပေးနိုင်ပါတယ်။ အဆီပြန်တဲ့သူတွေက အဆီမပါ ပြောင်ပြောင်လေး မဖြစ်စေမယ့် Matte primer အမျိုးအစားကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Primer လိမ်းတဲ့အခါ မျက်ခွံလေးကိုပါ ပါးပါးလေးလိမ်းပေးဖို့ မမေ့ပါနဲ့။
  • Concealer ကွန်စီလာသုံးပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တော်တော်များများဟာ ဝက်ခြံပြဿနာနဲ့ မျက်နှာနီမြန်းတဲ့ ပြဿနာတွေရှိတဲ့အတွက်ကြောင့် ကွန်စီလားသုံးပြီး ဖုံးပေးဖို့လိုပါတယ်။ ဒါပေမယ့် ဒီ ကွန်စီလာတွေကြောင့် ဝက်ခြံပိုပေါက်တာ မဖြစ်စေဖို့အတွက် ပါးပါးလေးလိမ်းပြီး အဆီမပါ အရည် ကွန်စီလာ အမျိုးအစား သုံးပေးဖို့လိုပါတယ်။
  • အောက်ခံမိတ်ကပ် Foundation သုံးတဲ့အခါမှာလည်း အဆီပြန်တဲ့ အသားအရေအတွက်ထုတ်ထားတဲ့ အမျိုးအစားတွေကို ရွေးချယ်ပါ။ Liquid အရည်ပုံစံဖြစ်ရင် ပိုကောင်းပါတယ်။ ဘူးတွေနောက်မှာ oily free, liquid type, mattifying, non-comedogenic ဆိုတဲ့ စာသားလေးတွေ ရှာကြည့်ဖို့တော့ လိုပါလိမ့်မယ်။
  • နောက်ဆုံး အဆင့်အနေနဲ့တော့ မှုန်ညက်တဲ့ မျက်နှာလေးတစ်ခု ပိုင်ဆိုင်ဖို့အတွက် ပေါင်ဒါလေးနဲ့ အဆုံးသတ်ပါ။ ပေါင်ဒါသုံးရင်လည်း 2 way ပေါင်ဒါတွေအစား loose powder အမှုန့် အမျိုးအစားကို ရွေးချယ်ပါ။

အဆုံးသတ်မှာတော့ အဆီပြန်တာကြောင့် မိတ်ကပ်မကွက်စေဖို့ ပေါင်ဒါဆောင်ထားပါ။ အဆီပြန်လာတိုင်း အဆီစုပ်စက္ကူနဲ့ ဖိသုတ်ပြီး ပေါင်ဒါပြန်ထပ်ပါ။ ဒါဆိုရင် အဆီပြန်လည်း မိတ်ကပ်လေး လိမ်းပြီး လှလို့ရပြီပေါ့။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2024 ဖြစ်ပါသည်။