brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

သင့်မျက်နှာကို လှပစေမယ့် အက်ဆစ်အမျိုးအစားတွေ

အက်ဆစ်လို့ ကြားတာနဲ့ လုံးဝမထိတွေ့သင့်တဲ့အရာတစ်ခုမို့ ဘုရား ဘုရား တနေချင်စရာပါ။ ဒါပေမယ့် အက်ဆစ်တိုင်းကတော့ လူတွေကို အန္တရာယ်ပေးနိုင်တာမဟုတ်ပါဘူး။ တချို့ အက်ဆစ်တွေဆို အလှအပအတွက်တောင် အထောက်အကူပြုပါသေးတယ်။

သင့်မျက်နှာကို လှပစေမယ့် အက်ဆစ်အမျိုးအစားတွေ

တချို့သော အက်ဆစ်အမျိုးအစားတွေဟာဆိုရင် မျက်နှာပေါ်တောင် တင်လို့ရပါတယ်။ “မျက်နှာလှချင် အက်ဆစ်တင်” လို့ ဆိုရမလို ဝက်ခြံအတွက်လိမ်းရတဲ့ ဆေးတွေ၊ အသားအရည်လှပဖို့ လိမ်းရတဲ့ Skincare တွေထဲမှာ အက်ဆစ်ပျော့လေးလေးတွေ ပါဝင်နေတတ်တယ်လေ။

တစ်ခုတော့ရှိတာပေါ့။ လှစေတာဆိုတာနဲ့ ဒီအတိုင်းပြေးကိုင်လို့တော့ ဘယ်ရမတုန်း။ အကျိုးပြုအက်ဆစ်တွေ ပါဝင်တဲ့ Skincare Series လေးတွေကို ရွေးချယ်ပြီးသုံးစွဲရမှာပါ။

ခုတော့ ဘယ်လို အက်ဆစ်မျိုးတွေက ကိုယ့်ကို အကျိုးပြုမှာလဲဆိုတာကို လေ့လာကြည့်ရအောင်။

Salicylic Acid

အရေပြားမွေးညင်းပေါက်ထဲထိ ရောက်ရှိပြီး အဆီတွေ ၊ အညစ်အကြေးတွေကို သန့်စင်နိုင်စွမ်းရှိတဲ့အက်ဆစ်ပါ။ အဆီထွက်လွန်းတဲ့ အခြေအနေကိုထိန်းချုပ်ဖို့ မျက်နှာသစ်ဆေးတွေထဲမှာ ဒီအက်ဆစ်ကိုသုံးပါတယ်။

သူကရောင်ရမ်းနာကျင်မှုတွေ ၊ မျက်နှာပေါ်ကဆိုးရွားတဲ့ အဖုအပိမ့်တွေ အနာတွေ ၊ တင်းတိပ် နေလောင်ကွက်တွေကိုပါ ကုသနိုင်ပါတယ်။ ဒါပေမဲ့ လွန်လွန်ကျွံကျွံသုံးရင် အရေပြားနဲ့ထိတွေ့ချိန်ကြာရင် အသားလောင်စေတာပဲမို့ ညွှန်ကြားချက်အတိုင်းသာ အသုံးပြုရမှာပါ။

Glycolic Acid

သူကတော့ အမည်းစက် နေလောင်ဒဏ်ရာ၊ မှဲ့ခြောက်၊ ဝက်ခြံ နဲ့ အမာရွတ် တွေကို ကုသဖို့ အတွက်ဖြစ်ပါတယ်။ အရေပြားအတွင်းလွှာရော အပေါ်ယံလွှာကိုပါ ပြုပြင်ပေးနိုင်တာမို့ အလှအပအတွက်အသုံးများပါတယ်။ ဒီအက်ဆစ်ကို Toner ၊ Moisturizer တို့ထုတ်လုပ်ရာမှာ အများဆုံးသုံးပါတယ်။

Citric Acid

လိမ္မော်တို့၊ သံပုရာသီးတို့မှာ ပါတတ်တဲ့ အက်ဆစ်မျိုးပါ။ Antioxidant ပါဝင်တာကြောင့် နေလောင်တာတွေ၊ အသားအရည် သဘာဝအတိုင်းပြန်ဖြစ်တာတွေဖြစ်အောင် ကူညီနိုင်ပါတယ်။

Hyaluronic Acid

ဒီအက်ဆစ်ကတော့ သကြားဂျယ်တစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ရေဓာတ်အားဖြည့်ပေးတယ်လို့ ဆိုထားတဲ့ အလှကုန်အများစုမှာ ဒီအက်ဆစ်ပါဝင်နေလေ့ရှိပါတယ်။ အရေပြားအမျိုးအစားအားလုံးနီးပါးနဲ့ အဆင်ပြေပေမယ့် စပ်ဖျဉ်းဖျဉ်းဝေဒနာတော့ ကြုံရတတ်ပါတယ်။

Lactic Acid

နို့ရည်တွေကနေ တိုက်ရိုက်ရရှိနိုင်ပါတယ်။ အသားအရောင်ညီညာစေဖို့၊ အရေးကြောင်းတွေ ပျောက်ဖို့၊ ဝက်ခြံအနာရွတ်တွေ သက်သာဖို့နဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ အသုံးပြုကြပါတယ်။

Retinoic Acid

ဒီအက်ဆစ်ကတော့ ဗီတာမင် A အမျိုးအစားတစ်မျိုးပါ။ အရေးကြောင်းတွေနဲ့ အမည်းစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားကိုလည်း တင်းတင်းရင်းရင်းဖြစ်စေနိုင်ပါသေးတယ်။ အရေပြားကျန်းမာရေးအတွက် အတော်ကို အရေးပါတဲ့ အက်ဆစ်တစ်မျိုးပါ။

Ferulic Acid

ဒီအမျိုးအစားကတော့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်တဲ့ အက်ဆစ်တစ်မျိုးပါ။ Antioxidant တစ်မျိုးဖြစ်ပြီးတော့ နေရောင်ကြောင့် အရေပြားထိခိုက်ပျက်စီးတာတွေကို သက်သာစေပါတယ်။ ဗီတာမင် C နဲ့ E ကိုလည်း အရေပြားထဲမှာ ထိမ်းသိမ်းပေးနိုင်ပါတယ်။ အိုမင်းရင့်ရော်ခြင်းကို လျော့ချပေးနိုင်တဲ့ အက်ဆစ်အမျိုးအစားအဖြစ် လူသိများပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 15/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။