backup og meta

အားကစားသမားတွေမှာ အရေပြားရောဂါ ဘယ်လိုကာကွယ်နိုင်မလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားကစားသမားတွေမှာ အရေပြားရောဂါ ဘယ်လိုကာကွယ်နိုင်မလဲ

    အားကစားသမားတွေကို အရေပြားရောဂါတွေက ဘယ်လိုထိခိုက်နိုင်သလဲ။

    အရေပြားရောဂါတွေဟာ အားကစားသမားတွေကို ကစားရကနေ ထွက်စေပြီး ဘေးမှာ နေစေခိုင်းနိုင်ပါတယ်။ နပန်းသတ်သမား၊ rugby ကစားသမားနဲ့ အခြားလူနဲ့ အရေပြားချင်းထိတွေ့ရတဲ့ ကစားနည်းတွေဟာ အရေပြားရောဂါကူးစက်စေနိုင်ပါတယ်။ ဒါ့ပြင် အားကစားသမား၊ နည်းပြ၊ ကျောင်း အားကစား ပရိုဂရမ်နဲ့ အားကစားကလပ်တွေမှာအရေပြား ရောဂါ ကာကွယ်ခြင်းကို ပြုလုပ်သင့်ပါတယ်။

    အရေပြားရောဂါ ကူးစက်မှုကို ကာကွယ်ဖို့ အရေးအကြီးဆုံး နည်းလမ်းက ဘာလဲ။

    လက်ဆေးခြင်းဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အရေပြားရောဂါ ကူးစက်ဖို့ကာကွယ်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။

    လက်ဆေးဖို့အတွက်

    • ရေကို စွတ်ပြီး ဆပ်ပြာနဲ့ ဆေးကြောပါ။ ဖြစ်နိုင်ရင် ရေနွေးနဲ့ ဆေးပါ။

    • လက်တွေကို ဆပ်ပြာမြှုပ်ထအောင် ပွတ်တိုင်ပါ။

    • စက္ကန့် ၂၀ လောက်အထိ ဆက်တိုက် ပွတ်တိုက်ပါ။

    • သန့်စင်တဲ့ရေနဲ့ ရေဆေးချပါ။

    • လက်တွေကို စက္ကူအခြောက် (သို့) လေမှုတ်စက် သုံးပြီး အခြောက်ခံပါ။

    • ဖြစ်နိုင်မယ်ဆိုရင် ရေဘုံဘိုင်ကို ပြန်ပိတ်ဖို့ စက္ကူကို အသုံးပြုပါ။

    တကယ်လို့ ဆပ်ပြာနဲ့ရေကို မရခဲ့ဘူးဆိုရင် (သို့) လက်တွေဟာ မြင်သာအောင် မညစ်ပတ်ဘူးဆိုရင် အရက်ပြန်ကို အခြေခံတဲ့ လက်သန့်စင်ဆေးတွေကို ကျောင်း (သို့) အားကစား ကလပ်က ခွင့်ပြုရှ်ုသုံးသင့်ပါတယ်။ ဒီအရက်ပြန် ပါဝင်တဲ့ လက်သန့်စင်ဆေးတွေကို ခွင့်မပြုရင် (သို့) ဝယ်လို့မရခဲ့ရင် အရက်ပြန် မပါဝင်တဲ့ လက်သန့်စင်ဆေးတွေကို အသုံးပြုနိုင်ပါတယ်။

    အရက်ပြန်ကို အခြေခံတဲ့ လက်သန့်စင်ဆေးရည်ကို အသုံးပြုဖို့အတွက်

    • လက်ဖဝါး တစ်ဖက်ပေါ်မှာ ဆေးကိုထည့်ပါ။

    • လက်ဖဝါးနှစ်ဖက်ကို ပွတ်ပါ။

    • လက်နဲ့ လက်ချောင်းတွေ ရဲ့ မျက်နှာပြင်အကုန်ကို လက်ခြောက်သွားတဲ့အထိ ပွတ်တိုက်နေသင့်ပါတယ်။

    အားကစားသမား တစ်ယောက်အနေနဲ့ အရေပြားရောဂါ ရရှိခြင်း (သို့) ပြန့်ပွားခြင်းကနေ ဘယ်လိုကာကွယ်ရပါမလဲ။

    • အရေပြား အနာ တစ်ခုခုတွေ့ပြီဆိုတာနဲ့ နည်းပြ (သို့) ဝန်ထမ်းတစ်ယောက်ယောက်ကို အကြောင်းကြားပါ။ (တကယ်လို့ အသက် ၁၈ နှစ်အောက်ဆိုရင်တော့ မိဘ (သို့) အုပ်ထိန်းသူကို အကြောင်းကြားသင့်ပါတယ်။)

    • လေ့ကျင့်မှု (သို့) ယှဉ်ပြိုင်မှု မလုပ်ခင် အနီကွက်တွေ၊ အနာတွေ ရှိသလားဆိုတာ ကျန်းမာရေး စောင့်ရှောက်သူကို စစ်ဆေးစေပါ။

    • လက်ကို ဆေးဖို့ ဆပ်ပြာနဲ့ ရေမရခဲ့ဘူးဆိုရင် အရက်ပြန်ကို အခြေခံတဲ့ လက်သန့်စင်ဆေးရည်တွေကို အသုံးပြုပါ။

    • မျှဝေသုံးရတဲ့ ပစ္စည်းတွေကို အသုံးမပြုခင် လက်ကို စင်အောင် ဆေးပါ။

    • သန့်စင်တဲ့ တဘက်ကို အရေပြားနဲ့ မျှဝေသုံးစွဲရတဲ့ ပစ္စည်းတွေကြား အခုအခံအဖြစ် အသုံးပြုပါ။

    • အခြား အနာတွေ (သို့) ညစ်ညမ်းနိုင်တဲ့ အရာတွေကို ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။

    • အခြားသူတွေရဲ့ ရောဂါကူးစက်နိုင်တဲ့ အနာတွေ၊ အရေပြားတွေနဲ့ ပတ်တီးတွေကို ထိတွေ့ပြီးရင် လက်ဆေးပါ။

    • အားကစားပြိုင်ပွဲ (သို့) လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ သင့်ကိုယ်ပိုင် ဆပ်ပြာရည် (သူများနဲ့ မျှမသုံးပါနဲ့) နဲ့ ရေချိုးသင့်ပါတယ်။

    • မျက်လုံး၊ နှာခေါင်း၊ ပါးစပ်အစရှိသည်ကို လက်နဲ့ ထိတွေ့ခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။

    • အရေပြားအနာတွေကို ရောဂါကူးစက်မှု ပိုဆိုးပြီး အခြားသူတွေကို ပြန့်ပွားနိုင်တာကြောင့် သွားမညှစ်သင့်ပါဘူး။

    • ကူးမစက်တတ်တဲ့ အရေပြားရောဂါတွေကို အားကစားမလုပ်ခင် သေချာစွာ အုပ်ထားပါ။

    • တဘက်၊ အဝတ်အစား၊ ဆပ်ပြာ၊ ဘရိတ်ထား၊ သွားတိုက်တံနဲ့ အခြား ချွေးနံ့ပျောက်ဆေး၊ လိုးရှင်း၊ လိမ်းဆေး၊ ဂျယ်နဲ့ ခရင်မ်တို့ကို မျှဝေ မသုံးသင့်ပါဘူး။

    • တဘက်တွေကိုတစ်ခါ အသုံးပြုပြီးတိုင်း ရေပူနဲ့ ဆပ်ပြာအသုံးပြုကာ လျှော်သင့်ပါတယ်။ ပြီးရင်တော့ အပူချိန်အမြင့်ထားပြီး အခြောက်ခံသင့်ပါတယ်။

    • မျှဝေသုံးစွဲထားတဲ့ အားကစားပစ္စည်းတွေကို သေချာလျှော်ပြီ ပိုးသတ်သင့်ပါတယ်။

    • အားကစား ဝတ်စုံတွေနဲ့ အခြားအဝတ်အစားတွေကို တစ်ခါ ဝတ်ပြီးတိုင်း လျှော်သင့်ပါတယ်။

    • ဆပ်ပြာကို အသုံးပြုပြီး ရေချိုးသင့်ပါတယ်။

    • တကယ်လို့ အရေပြားမှာ အနာရှိတယ်ဆိုရင် ရေကူးကန်နဲ့ ရေစိမ်ကန်တွေကို အသုံးမပြုသင့်ပါဘူး။

    • လက်ကိုင်ဖုန်းတွေ၊ ရေဘူး၊ အချိုရည်ဘူး၊ စီးကရက်နဲ့ အခြား နှုတ်ခမ်းနဲ့ ထိတွေ့နိုင်တဲ့၊ ပါးစပ်ထဲဝင်နိုင်တဲ့၊ အရေပြားအနာရှိတဲ့နေရာနဲ့ ထိထားတဲ့ ပစ္စည်းတွေကို မျှဝေခြင်း မပြုသင့်ပါဘူး။

    အားကစားသမားတွေမှာ အရေပြားရောဂါ ပြန့်ပွားမှုကို ကာကွယ်ဖို့ နည်းပြတွေ၊ တာဝန်ရှိသူတွေက ဘာတွေ လုပ်သင့်ပါသလဲ။

    • ကျန်းမာရေး စောင့်ရှောက်သူက ရောဂါပိုးကူးစက်မှု မရှိနိုင်တော့ဘူးလို့ မသတ်မှတ်မချင်း ရောဂါပိုးရှိတဲ့ အားကစားသမားတွေကို လေ့ကျင့်ခြင်း (သို့) ပြိုင်ပွဲကနေ ထုတ်ထားသင့်ပါတယ်။

    • ခရိုင် အားကစား ကလပ်ရဲ့ စံနှုန်းအတိုင်း အားကစားသမားတစ်ယောက်ကို ပြန်ကစားစေခြင်းမှာ လိုက်နာသင့်ပါတယ်။

    • လက်ဆေးခြင်းကို သေချာသိသင့်ပြီး အားကစားသမားတွေကိုလည်း လက်ကို ဆပ်ပြာနဲ့ရေနဲ့ (သို့) အရက်ပြန်ကိုအခြေခံတဲ့ လက်ဆေးရည်ကို အသုံးပြုသင့်တယ်ဆိုတာ ပြောပြသင့်ပါတယ်။

    • အရက်ပြန်အခြေခံတဲ့ လက်ဆေးရည်နဲ့ ပတ်သက်လို့ ကျောင်းက (သို့) ကလပ်က ခွင့်ပြုလားဆိုတာကို အရင်သိအောင် လုပ်ပါ။ သုံးခွင့်ပေးရင် သင့်တော်တဲ့ ကျောင်းသားတွေကို ကြည့်ရှုပေးပြီး အသုံးပြုသင့်ပါတယ်။ လက်ဆေးတဲ့ နေရာ အကန့်အသတ် ရှိခဲ့ရင် အားကစားသမားတစ်ယောက်ချင်းစီကို အရက်ပြန် အခြေခံတဲ့ လက်ဆေးရည်ကို ပေးထားသင့်ပါတယ်။

    • ပတ်တီးစည်းပြီး (သို့) အနာကို စောင့်ရှောက်ပေးအပြီးမှာ လက်ကို စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။ အနာဆေးထည့်ပေးရတဲ့ တာဝန်ှရှိသူတွေဟာ တစ်ခါသုံးလက်အိတ်တွေကို ဝတ်ဆင်သင့်ပြီး လက်အိတ်ချွတ်ပြီးတာနဲ့ လက်နဲ့ လက်ဖျံကို သေချာစွာ ဆေးကြောသင့်ပါတယ်။

    • အားကစားသမားတွေကို အရေပြားနဲ့ မျှသုံးရတဲ့ မျက်နှာပြင်တွေကြားမှာ သန့်ှရှင်းတဲ့ တဘက်တစ်ထည်ကို ကိုင်တွယ်အသုံးပြုဖို့ သတိပေးသင့်ပါတယ်။

    • အရေပြားအနာရှိတဲ့ အားကစားသမားအတွက်

    • ကူးစက်နိုင်ခြင်းမရှိတဲ့ အနာတွေကို အားကစားမပြုလုပ်ခင် သေချာစွာ ကာကွယ်ထားသင့်ပါတယ်။

    • အနာအကုန်လုံးကို မကျက်မချင်း ပတ်တီးစည်းထားသင့်ပါတယ်။ (အထူးသဖြင့် မျှဝေသုံးစွဲရတဲ့ ပစ္စည်တွေနဲ့ ထိတွေ့ရနိုင်လို့ ဖြစ်ပါတယ်။)

    • အရည်ကျနေတဲ့ အနာတွေရှိတဲ့ အားကစားသမားတွေကို ရေကူးခြင်း၊ ရေစိမ်ခြင်းတွေ မပြုလုပ်စေသင့်ပါဘူး။

    • မျှဝေသုံးစွဲစရာမလိုအောင် တဘက်အလုံအလောက် ထားရှိသင့်ပါတယ်။

    ကျောင်းတွေနဲ့ ကလပ်တွေမှာ အရေပြားရောဂါ ပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့ ဘာလုပ်ရမလဲ။

    • အားကစားလုပ်တဲ့ နေရာတွေမှာ မျက်နှာပြင်တွေ အကုန်လုံးကို သန့်ှရှင်းအောင် ထားပြီး ပိုးသတ်သင့်ပါတယ်။ မျှဝေသုံးစွဲရတဲ့ အရာတွေဖြစ်တဲ့ နပန်းသတ် mats နဲ့ အလေးတွေကို ပုံမှန် သန့်စင်ပေးတဲ့ အစီအစဉ် ပြုလုပ်သင့်ပါတယ်။

    • အားကစားကိရိယာတွေ အကုန်လုံးကို လေ့ကျင့်ခန်း မပြုလုပ်ခင်နဲ့ ပြိုင်ပွဲတွေရှိရင်အကြိမ်ကြိမ် ပိုးသတ်သင့်ပါတယ်။

    • အလေးမတဲ့အရာတွေကို အနည်းဆုံး တစ်နေ့တစ်ကြိမ် ပိုးသတ်သင့်ပါတယ်။

    • ပိုးသတ်ဆေး (သို့) EPA က အသိအမှတ်ပြုထားတဲ့ ပိုးသတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။

    • သန့်စင်ပေးတဲ့ ဆေးရည်တွေမှာ ရေးထားတဲ့ အညွှန်းအတိုင်းလိုက်နာ သင့်ပါတယ်။ ဒီအရာတွေနဲ့ ထိတွေ့မှုကိုလည်း သတိထားသင့်ပါတယ်။

    • သေချာသန့်စင်ခြင်းမလုပ်နိုင်တဲ ပျက်စီးနေတဲ့ ကိရိယာတွေကိုလည်း ပြုပြင်ခြင်း၊ လွှင့်ပစ်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။

    • ဆေးကုသတဲ့ စားပွဲတွေကို ကာထားသင့်ပါတယ်။ တစ်ခါ အသုံးပြုပြီးရင် အပေါ်က အကာကို လွှင့်ပစ်သင့်ပါတယ်။

    • ကျောင်းမှာ စားပွဲခင်းနဲ့ အဝတ်အစားတွေကို လျှော်မယ်ဆိုရင် ရေပူထဲမှာ ပုံမှန် ဆပ်ပြာမှုန့်ထည့်ပြီး လျှော်ကာ အဝတ်ခြောက်စက်ထဲမှာ အခြောက်ခံသင့်ပါတယ်။ ညစ်ပတ်တဲ့ အဝတ်တွေကို မကိုင်တွယ်ခင်မှာ လက်အိတ်အသုံးပြုသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement