backup og meta

အမျိုးသားတွေပါ ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေပါ ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းခြင်း

    အသားအရေထိန်းသိမ်းတယ်ဆိုတာ မိန်းကလေးတွေအတွက်ပဲ လိုအပ်တဲ့အရာလို့ သင်ယူဆထားပါသလား။ အသားအရေထိန်းသိမ်းတာဟာ အလှပြင်နည်းတစ်မျိုးပဲလား။ သင်ဟာ အမျိုးသားဖြစ်တဲ့အတွက် ရုပ်ရည်သွင်ပြင်ကို အရမ်းကြီးဂရုစိုက်စရာမလိုဘူးလို့ ထင်ပါသလား။ သင်ထင်တာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းရုပ်ရည်ချောမောကြည့်ကောင်းချင်တာအမှန်ပါ။ ဒီခေတ်ကြီးထဲမှာ သင့်အနေနဲ့ ရုပ်ရည်အလှအပ၊ ခန္ဓာကိုယ်အလှအပကို မထိန်းသိမ်းဘူးဆိုရင်ဆိုးကျိုးတွေအများကြီးကို ခံစားသွားရနိုင်ပြီးအရာရာမှာနောက်ကျကျန်နေမှာပဲ ဖြစ်ပါတယ် (အလုပ်မှာပဲ ဖြစ်ဖြစ်၊ကောင်မလေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့)။ အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေသာလုပ်ဆောင်သင့်တဲ့အရာမဟုတ်ပါဘူး။

    ဆရာဝန်တွေ၊ အလှအပရေးရာဆေးခန်းတွေဆီသွားပြီး နုပျိုအောင်ကြိုးစားနေတဲ့ ဒါမှမဟုတ် အရေပြားပေါ်ကအမာရွတ်တွေကိုဖယ်ရှားပစ်ဖို့အကြံဉာဏ်တောင်းခံနေတဲ့ အမျိုးသားတွေ တဖြည်းဖြည်းနဲ့များလာပြီဖြစ်ပါတယ်။ ရုပ်ရည်ကြည့်ကောင်းချောမောချင်တာဟာ လူ့သဘာဝဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းတာဟာ ရုပ်ရည်ကြည့်ကောင်းဖို့အတွက်သာမကဘဲ သင့်ကျန်းမာရေးကို အနှောင့်အယှက်ပေးနိုင်တဲ့ အရေပြားရောဂါတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာရှိတဲ့ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေဟာ အရေပြားအတွက် လိုအပ်တဲ့အရာတွေကို ထောက်ပံ့ပေးပါတယ်။ သင့်မှာအမျိုးသမီးတွေထက် collagen ဓာတ်ပိုများများရှိတဲ့အတွက် အရေပြားကိုပိုမိုကျန်းမာသန်စွမ်းစေပြီး အရေတွန့်မှုတွေကနေလည်း ကာကွယ်ပေးထားပါသေးတယ်။ ဒါပေမယ့်ဒီလိုအမွှေးအမျှင်တွေပိုများတဲ့အတွက် သင့်မျက်နှာမှာရှိတဲ့ မွေးညှင်းပေါက်တွေကနေ ထုတ်လုပ်တဲ့ အဆီပမာဏကတော့ အမျိုးသမီးတွေထက် ပိုများတာမို့ဝက်ခြံဖြစ်ဖို့ပိုနီးစပ်ပါတယ်။ သင်အသက်ကြီးလာတာနဲ့အမျှ သင့်အသားအရေဟာလည်း အိုမင်းရင့်ရော်စပြုလာပါလိမ့်မယ်။ အမျိုးသမီးတွေနည်းတူ အမျိုးသားတွေဟာလည်း အရေပြားကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ ဒါကြောင့်သင့်အသားအရေကို ဒီနေ့ပဲစတင်ထိန်းသိမ်းလိုက်ရအောင်။

    အသားအရေထိန်းသိမ်းဖို့အတွက်ရိုးရှင်းတဲ့နည်းလမ်းလေးတွေ

    မျက်နှာသစ်ဆေး

    မျက်နှာသစ်ဆပ်ပြာနဲ့ သန့်စင်တဲ့ရေတို့ကို အသုံးပြုပြီးမျက်နှာသစ်ပေးခြင်းအားဖြင့် မွေးညင်းပေါက်တွေကို ပိတ်ဆို့ပြီးဝက်ခြံဖြစ်စေနိုင်တဲ့အဆီဓာတ်တွေ၊အညစ်အကြေးတွေနဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    အရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ပစ္စည်းတွေ (Moisturizers)

    အရေပြားခြောက်သွေ့ခြင်းဟာ နှင်းခူ ဒါမှမဟုတ် ဘက်တီးရီးယားပိုးဝင်တာ အစရှိတဲ့အရေပြားရောဂါတွေကို ဖြစ်စေတာကြောင့် သင့်အရေပြားကို အစိုဓာတ်ထိန်းပေးထားဖို့ကလည်း အရေးပါတဲ့အချက်ဖြစ်ပါတယ်။

    မုတ်ဆိတ်ရိတ်ခြင်း

    ရေနွေးနဲ့ မုတ်ဆိတ်ရိတ်တဲ့ခရင်မ် ဒါမှမဟုတ် ဂျဲလ်တို့ကို အသုံးပြုပြီး မုတ်ဆိတ်ရိတ်သင့်ပါတယ်။ ဓားသွားများများပါတဲ့ မုတ်ဆိတ်ရိတ်ဓားကို ရွေးချယ်တာဟာလူအများစုအတွက် အကောင်းဆုံးဖြစ်ပေမယ့် မုတ်ဆိတ် ၊နှုတ်ခမ်းမွှေးအမျိုးအစားပေါ်မူတည်ပြီး သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် မုတ်ဆိတ်ရိတ်ဓားကိုရွေးချယ်နိုင်ပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ ပုံမှန်အားဖြင့်အနာတွေ၊ အမာရွတ်တွေ ကျန်ခဲ့လေ့မရှိပါဘူး။ ရိတ်ပြီးတဲ့အခါ aftershave လို့ခေါ်တဲ့ မုတ်ဆိတ်ရိတ်ပြီးလိမ်းရတဲ့ ခရင်မ်လေးတွေနဲ့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ Moisturizers လေးတွေအသုံးပြုပေးမယ်ဆိုရင် ဆားဝက်ခြံတွေနဲ့ ingrown hair လို့ခေါ်တဲ့အမွှေးကအပြင်မထွက်ဘဲအထဲမှာ မြုံနေတာမျိုးတွေကိုကာကွယ်ပေးနိုင်ပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (Anti-oxidants)

    Anti-oxidants ဓါတ်တွေဟာအိုမင်းရင့်ရော်မှုကနေကာကွယ်ပေးတဲ့အတွက် သင့်ကိုနုပျိုစေပါတယ်။ ထင်ရှားတဲ့ Anti-oxidants တွေဖြစ်တဲ့ ဗီတာမင်C၊ဗီတာမင် E ဒါမှမဟုတ် လက်ဖက်စိမ်းပါဝင်တဲ့ အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ အလှကုန်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

    နေလောင်ခံခရင်မ် အသုံးပြုခြင်း

    အရေပြားကင်ဆာ ဒါမှမဟုတ် အရေပြားထိခိုက်ခြင်းကို ဖြစ်စေတဲ့ခရမ်းလွန်ရောင်ခြည် A နဲ့ B တို့ကိုနေလောင်ခံခရင်မ်တွေက ကာကွယ်ပေးနိုင်ပါတယ်။ နေပူထဲထွက်တဲ့အခါ နေလောင်ခံဂျဲလ် ဒါမှမဟုတ် ဖြန်းဆေးစပရေးသုံးတာမျိုး ဒါမှမဟုတ်အင်္ကျီလက်ရှည်ဝတ်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

    အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေအတွက်ရော အမျိုးသားတွေအတွက်ပါ အင်မတန်အရေးကြီးပါတယ်။ အသားအရေထိန်းသိမ်းခြင်းဟာ သင့်ကိုနုပျိုစေရုံသာမက နေလောင်ဒဏ်၊ အရေပြားကင်ဆာအစရှိတဲ့ ပြင်းထန်ဆိုးရွားပြီးအသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အရေပြားရောဂါတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ချင့်ချင့်ချိန်ချိန်သုခမိန်ဆိုတဲ့စကားအတိုင်းအသားအရေထိန်းသိမ်းဖို့အလှကုန်တွေရွေးချယ်ဝယ်ယူ အသုံးပြုရာမှာတော့မိမိအသားအရေနဲ့လိုက်ဖက်တဲ့ပစ္စည်းကိုမှန်မှန်ကန်ကန်ရွေးချယ်အသုံးပြုဖို့တော့အရေးကြီးပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 02/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement