backup og meta

အမျိုးသား အသားအရေ ထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီး သင်မသိသေးသော (၁၁)ချက်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသား အသားအရေ ထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီး သင်မသိသေးသော (၁၁)ချက်

    အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသားတွေမှာလည်း အရေးကြီးပါတယ်။ သင်ဟာ အမျိုးသားတစ်ဦးဖြစ်တဲ့အတွက် အသားအရေထိန်းသိမ်းခြင်းဟာ သင်နဲ့ မဆိုင်ဖူးလို့ ထင်နေပါသလား။ အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေအတွက်ပဲလို့ ယူဆထားပါသလား။ သင့်အနေနဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် အားကစားလုပ်တာမှာသာ စိတ်နှစ်ထားပါသလား။ ဒါပေမယ့် သင့်အနေနဲ့ ရုပ်ရည် ကြည့်ကောင်းချင်တယ် ဒါမှမဟုတ် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အသားအရေထိန်းသိမ်းတာကို အခုပဲ စလုပ်သင့်ပါပြီ။

    ၁။ အမျိုးသားတွေအနေနဲ့ moisturizer (အစိုဓါတ်ထိန်းပေးတဲ့ ပစ္စည်းတွေ) သုံးစရာ မလိုဘူး။

    သင့်အနေနဲ့ moisturizer သုံးစရာမလိုဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် moisturizer မသုံးလည်း အဆင်ပြေနိုင်ပေမယ့် အသားအရေခြောက်သွေ့တတ်သူဆိုရင်တော့ moisturizer အသုံးပြုခြင်းဟာ သင့်အသားအရေအတွက် ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အသားအရေ ခြောက်သွေ့ခြင်းဟာ နှင်းခူဖြစ်ဖို့ အခွင့်အလမ်း ပိုများစေတဲ့အပြင် အသားရောင်ကိုလည်း မူမမှန် ဖြစ်စေလို့ပါ။ ဒါကြောင့် သင့်အနေနဲ့ ဆပ်ပြာ ဒါမှမဟုတ် မျက်နှာသစ်ဆေးဝယ်ယူတဲ့အခါသင့်အသားအရေကို အစိုဓါတ်ထိန်းပေးနိုင်မယ့် ပစ္စည်းမျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

    ၂။ အမျိုးသားတွေဟာ အမျိုးသမီးသုံး moisturizer တွေကို မသုံးသင့်ဘူး။

    လူတွေရဲ့ အသားအရေဟာ တစ်ဦးနဲ့တစ်ဦး မတူတဲ့အတွက် ဒီအချက်ဟာ မှန်ပါတယ်။ အမျိုးသမီးသုံး moisturizer ဟာ အမျိုးသမီးတွေအတွက်သာ စီမံထုတ်လုပ်ထားတာဖြစ်ပြီး အမျိုးသမီးတွေရဲ့ အသားအရေဟာ အမျိုးသားတွေနဲ့ မတူတဲ့အတွက် အမျိုးသားတွေအနေနဲ့ သူတို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အစိုဓါတ်ထိန်းပစ္စည်း (moisturizer)ကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

    ၃။ အမျိုးသားတွေအတွက်လည်း နေလောင်ခံခရင်မ် လိုအပ်တယ်။

    အမျိုးသမီးတွေနည်းတူ အမျိုးသားတွေရဲ့ အရေပြားဟာလည်း နေလောင်ဒါဏ်ကြောင့် ပျက်စီးနိုင်ပါတယ်။ နေလောင်ခြင်းဟာ အရေပြားကင်ဆာဖြစ်နိုင်ချေကို ပိုလာစေသလို အသားအရေပျက်စီးတာ ဒါမှမဟုတ် အလျင်အမြန် အိုမင်းရင့်ရော်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့နေရောင်ခြည်နဲ့ ထိတွေ့ရတော့မယ်ဆိုရင် အင်္ကျီလက်ရှည်တွေ ဝတ်တာ၊နေလောင်ခံ ခရင်မ်လိမ်းတာမျိုးကို ပြုလုပ်ပြီး ကြိုတင်ကာကွယ်နိုင်သလို မနက်ဆယ်နာရီနဲ့ နေ့လည်နှစ်နာရီကြားမှာလည်း အပြင်မထွက်သင့်ပါဘူး။

    ဘယ်လိုပဲ ဖြစ်ဖြစ် သင့်အနေနဲ့ တစ်ချိန်လုံး အိမ်တွင်းပုန်းနေဖို့ မဖြစ်နိုင်တဲ့အတွက် နေရောင်နဲ့တော့ ထိတွေ့နေရဦးမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ပြတင်းဘေးမှာ နေမယ် ဒါမှမဟုတ် ဝရန်တာမှာ နေမယ်ဆိုရင်လည်း နေရောင်နဲ့ ထိတွေ့နေနိုင်သေးတဲ့အတွက် နေလောင်ခံခရင်မ်ကို နေ့စဉ်လိမ်းထားသင့်ပါတယ်။

    ၄။ အမျိုးသားတွေမှာ ဆားဝက်ခြံပိုဖြစ်တတ်တယ်။

    အမျိုးသမီးတွေမှာ ဆားဝက်ခြံတွေ မထွက်အောင် ကာကွယ်ပေးနိုင်တဲ့ estrogen လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးရှိတဲ့အတွက် သူတို့တွေနဲ့စာရင် အမျိုးသားတွေမှာ ဆားဝက်ခြံတွေ ပိုထွက်တတ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေအနေနဲ့ သူတို့နှာခေါင်းမှာ ဆားဝက်ခြံတွေ တွေ့မယ်ဆိုရင် ပျောက်ကင်းသွားအောင် အားကြိုးမာန်တက် ဖယ်ရှားလေ့ရှိပေမယ့် ယောက်ျားတွေကတော့ ဒီလိုမျိုးမဟုတ်ပါဘူး။ အမျိုးသားတွေအနေနဲ့ ဆားဝက်ခြံတွေကို ကာကွယ်ဖို့အတွက် သူတို့မျက်နှာမှာရှိတဲ့ ချွေးထွက်ပေါက်တွေ ပိတ်ဆို့နေတာကို ဖယ်ရှားပစ်ဖို့ လိုပါလိမ့်မယ်။ ဆားဝက်ခြံတွေကို မညှစ်ပစ်ဘဲ မျက်နှာသန့်စင်ဆေး ဒါမှမဟုတ် မျက်နှာဖုံးကို အသုံးပြုပြီး အဆီတွေနဲ့ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ချွေးပေါက်တွေအတွက် ပိုပြီး အကျိုးရှိအောင် လိုးရှင်းလေးတွေကို ထပ်မံလိမ်းပေးရမှာပါ။

    ၅။ အမျိုးသားတွေမှာ ဝက်ခြံနဲ့အစက်အပြောက်တွေ ပိုထွက်တယ်။

    အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ချွေးပိုထွက်လေ့ရှိပြီး ချွေးထွက်တာဟာ ဝက်ခြံနဲ့ အစက်အပြောက်တွေကို ပိုဆိုးစေပါတယ်။ အစက်အပြောက်တွေဟာ မျက်နှာ၊ကျောဖက်၊လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ထွက်တတ်ပါတယ်။ မျက်နှာသစ်ဆေးတွေအသုံးပြုတာ ဒါမှမဟုတ် ရေချိုးတဲ့အခါ သေချာဂျီးတွန်းပေးတာတွေလုပ်မယ်ဆိုရင် ဝက်ခြံကို ကုသနိုင်မှာ ဖြစ်ပေမယ့် အရမ်းပူလွန်းတဲ့ ရေနဲ့ ချိုးတာ၊ကြမ်းကြမ်းတမ်းတမ်း ဂျီးတွန်းတာတွေဟာ အရေပြားကို ပျက်စီးထိခိုက်စေနိုင်တာမို့ ရှောင်ကြဉ်ရပါမယ်။

    ၆။ တံတောင်ဆစ် ဒါမှမဟုတ် ဒူးဆစ်တွေမှာ အရေပြားတွန့်တာဟာ ပုံမှန်ဖြစ်တယ်လို့ သိထားကြတယ်။

    ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသားရော၊အမျိုးသမီးတွေမှာပါ ဒီလိုအနေအထားမျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ နှင်းခူဖြစ်ခြင်းဟာ တံတောင်ဆစ်နဲ့ ဒူးဆစ်တို့ကို ခြောက်သွေ့ တွန့်ခေါက်ကြမ်းတမ်းစေနိုင်ပါတယ်။ ဒါကြောင့် သင့်တံတောင်နဲ့ ဒူးတို့မှာ အဆိုပါ အခြေအနေတွေ ဖြစ်ပေါ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပြီး တကယ်လို့ အစိုဓါတ်ထိန်းပစ္စည်း (moisturizer)နဲ့လည်း မသက်သာဘူးဆိုရင် အောက်ပါနည်းလေးတွေကို သုံးကြည့်နိုင်ပါတယ်။

    • ကြက်သီးနွေးရေနဲ့ ရေချိုးခြင်း။

    • ၅မိနစ်ကနေ ၁၀မိနစ်လောက် ရေချိုးခြင်း။

    • ကြမ်းတမ်းတဲ့ ဆပ်ပြာတွေကို ရှောင်ရှားခြင်း။

    • နူးညံ့ပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ၇။ အမွှေးရိတ်တာဟာ အမျိုးသားတွေရဲ့ အသားအရေအတွက် ကောင်းတယ်။

    အမွှေးရိတ်တာဟာ သင့်မျက်နှာမှာရှိတဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် သင့်အတွက် အကျိုးရှိစေပါတယ်။ အရေပြားဆဲလ်သေတွေဟာ ချွေးပေါက်တွေကို ပိတ်ဆို့ပစ်နိုင်တဲ့အတွက် ဝက်ခြံတွေကို ပိုဖြစ်စေတဲ့အပြင် သင့်အရေပြားကို မည်းစေသလို ပိုပြီးတော့လည်း အိုမင်းရင့်ရော်စေပါတယ်။

    ၈။ အမျိုးသားတွေအနေနဲ့ မုတ်ဆိတ်ရိတ်ပြီးရင် ဘာမှမလုပ်သင့်ဘူး။

    မှားပါတယ်။ အမျိုးသားတွေအနေနဲ့ မုတ်ဆိတ်ရိတ်ပြီးရင် အစိုဓါတ်ထိန်းပေးထားဖို့ လိုပါတယ်။ သင့်အနေနဲ့ မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ မျက်နှာအရေပြားပေါ်က အညစ်အကြေးတွေ၊ပိုးမွှားတွေနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် aftershave လို့ခေါ်တဲ့ မုတ်ဆိတ်ရိတ်အပြီးမှာသုံးရတဲ့ ခရင်မ်လေးတွေကို အသုံးပြုကောင်းပြုပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါ aftershave တွေဟာ အရက်ပျံပါဝင်တာမို့ သင့်အရေပြားကို ပိုမိုခြောက်သွေ့စေပြီး အလွယ်တကူ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ သင့်အရေပြားကို အစိုဓါတ်ထိန်းပေးထားနိုင်ဖို့အတွက် moisturizer အပျော့စားလေးတွေကို အသုံးပြုရပါမယ်။

    ၉။ မျက်နှာအသားအရေ ထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေဟာ ဆံပင်ကို ပျော့စေတယ်။

    ဒီပစ္စည်းတွေဟာ သူတို့ရဲ့ နာမည်အတိုင်းပါပဲ၊ အရေပြားအတွက်ပဲ အာနိသင်ရှိတာ ဖြစ်ပြီး သင့်ဆံပင်နဲ့ မုတ်ဆိတ်ရဲ့ အမာအပျော့ကို ပြောင်းလဲမပေးနိုင်ပါဘူး။

    ၁၀။ ရေနွေးအသုံးပြုပြီးမုတ်ဆိတ်ရိတ်ရင် ဒါမှမဟုတ် ဓါးနှစ်ချောင်း၊သုံးချောင်းပါတဲ့ မုတ်ဆိတ်ရိတ်တံကို အသုံးပြုပြီး မုတ်ဆိတ်ရိတ်ရင် ဓါးမရှနိုင်ဘူး။

    ရေနွေးဟာ သင့်အမွှေးအမျှင်တွေကို နူးညံ့စေတဲ့အတွက် ရိတ်ရတာ ပိုလွယ်စေပြီး ဓါးတစ်ချောင်းထက်ပိုပါတဲ့ မုတ်ဆိတ်ရိတ်တံဟာ သင့်မျက်နှာနဲ့ လည်ပင်းရဲ့ အနိမ့်အမြင့်၊အကွေးအကောက်တွေနဲ့ နေသားတကျဖြစ်စေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မုတ်ဆိတ်ရိတ်ရင် အသုံးပြုတဲ့ဂျဲလ် ဒါမှမဟုတ် ဆပ်ပြာမြှုပ်ကို အသုံးပြုမယ်ဆိုရင် မုတ်ဆိတ်ရိတ်ရတာ ပိုလို့တောင် လွယ်ကူအဆင်ပြေပါဦးမယ်။

    ၁၁။ ဆေးလိပ်သောက်ခြင်းဟာ အမျိုးသားတွေရဲ့ အသားအရေကို ထိခိုက်စေပါတယ်။။

    ဆေးလိပ်သောက်တာဟာ အချိန်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။ ဆေးလိပ်ဟာ သင့်အရေပြားမှာ ရှိတဲ့ အသားအရေတင်းရင်းစေသော ကော်လဂျင် (collagen) ဓါတ်ကို လျော့နည်းစေတဲ့အပြင် ထုတ်လုပ်မှုကိုပါ လျော့ကျစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အရေပြားဆီကို သွေးအရောက်နည်းစေတဲ့အတွက် သင့်အရေပြားအနေနဲ့ သွေးကသယ်ဆောင်လာမယ့် အောက်ဆီဂျင်ဓါတ်နဲ့ အာဟာရဓါတ်တွေကိုပါ လျော့နည်းရရှိစေတာကြောင့် ဆေးလိပ်သောက်ခြင်းဟာ သင့်အရေပြားကို အလွန်အမင်းထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ချက်ချင်း ဖြတ်သင့်ပါတယ်။

    အသားအရေ ထိန်းသိမ်းတာဟာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တာလို့ သင့်အနေနဲ့ တခါတရံ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွေးအခေါ်တွေကို ပြောင်းလဲလိုက်ပါတော့။ ဘာလို့လဲဆိုတော့ အမျိုးသမီးရော၊အမျိုးသားပါ အသားအရေထိန်းသိမ်းဖို့ တကယ်ပဲ လိုအပ်လို့ဖြစ်ပါတယ်။ သင့်အနေနဲ့ အသားအရေထိန်းသိမ်းရေး စတင်ပြုလုပ်ဖို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ အရင် သေချာစွာ လေ့လာရပါဦးမယ်။ ပြီးမှ မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး အသားအရေထိန်းသိမ်းရမှာပဲ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement