
ရုံးပိတ်ရက်တွေမှာတောင်တက်ခရီးစဉ် ဒါမှမဟုတ် ကမ်းခြေခရီးထွက်ဖို့ စိတ်ကူးထားကြလား။
အခုဆို tour tripsတွေကပြည်တွင်းတင်မကပြည်ပအထိပါ စားရိတ်ငြိမ်း အပြီးအစီးတွေစီစဉ်ပေးလာပြီဆိုတော့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊၊ ချစ်သူ ဒါမှမဟုတ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်ဖြစ် မကြာခဏ အပန်းဖြေခရီးထွက်လာကြပြီလေ။ ခရီးသွားရတာကိုပျော်တဲ့သူတွေရှိသလို အလုပ်ကိစ္စကြောင့် မဖြစ်မနေ ခရီးမကြာခဏသွားရသူတွေရှိပါတယ်။
ဒါပေမယ့် နွေ၊မိုး၊ဆောင်းဘယ်ရာသီမှာပဲဖြစ်ဖြစ် ခရီးသွားတဲ့အခါ မိန်းကလေးတွေက ကိုယ့်ခန္ဓါကိုယ်ကျန်းမာရေးနဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှပျော်စရာကောင်းမှာပါ။ ကျန်းမာရေးနဲ့ညီအောင်နေထိုင်၊ ထိန်းသိမ်းမှ ဓါတ်ပုံလှလှလေးတွေလည်း အမှတ်တရ ရနိုင်မှာပေါ့နော်။
ခရီးသွားနေတဲ့အချိန်မှာ လူက နွမ်းလျနေမယ်၊ အမှုမဲ့အမှတ်မဲ့နေမယ်၊ စားသောက်ချိန်မမှန်ဘူး၊ အလောတကြီးအစီအစဉ်တွေဆွဲမယ် ဆိုတာတွေ ရှိပါတယ်။ ဒါတွေအပြင် နေရာဒေသအပြောင်းအလဲ၊ရာသီဥတုအပြောင်းအလဲတွေကြောင့်လည်း အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို အဝေးကြီးဖြတ်သန်းသွားလာနေမှတော့ အပူချိန်အပြောင်းအလဲတွေကြောင့် ခရီးသွားတိုင်း အသားအရေကို ထိခိုက်တာများပါတယ်(အနည်းဆုံးတော့ အသားမည်းသွားတာမျိုး)။
ဒါ့ကြောင့်ခရီးသွားနေတဲ့အချိန်မှာရောပြန်ရောက်လာတဲ့အချိန်မှာရော အသားအရေကိုထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ခရီးမသွားခင်ပြင်ဆင်ရမယ့်အရာတွေထဲမှာ အသားအရေထိန်းသိမ်းရေးနဲ့အလှကုန်ပစ္စည်းတွေက မပါမဖြစ်အရေးပါပါတယ်။ လုပ်ဆောင်သင့်တဲ့ အချက်တွေကိုမလုပ်ရင်ပြန်လာတဲ့အခါ အသားအရေပျက်စီးပြီးပြန်ကောင်းနိုင်ဖို့ အချိန်အတော်ယူရပါလိမ့်မယ်။ ခရီးသွားတော့မယ့်လေဒီလေးတွေ ကိုယ့်အသားအရေကို ထိန်းသိမ်းနိုင်ဖို့ ဒီအချက်တွေကို သတိထားလိုက်နာသင့်ပါတယ်။
အထုပ်အပိုးပြင်တဲ့အခါ
ခရီးတစ်ခုမသွားခင်မှာ အလှကုန်ပစ္စည်းအိတ်ကိုသေချာပြင်ဆင်ပါ။ ခရီးသွားတဲ့အခါသုံးဖို့ ကိုယ်ပုံမှန်နေ့စဉ်သုံးနေကျ အခြေခံ skin care ပစ္စည်းတွေကို မမေ့မလျော့ထည့်သွားပါ။ များနေမှာစိုးရင် အမျိုးအစားတူတဲ့ beauty-kitလေးတွေဝယ်တာ ဒါမှမဟုတ် ခရီးသွားမယ့်ရက်ကိုတွက်ပြီးဘူးအသေးလေးတွေနဲ့ ခွဲထည့်သွားတာမျိုး လုပ်နိုင်ပါတယ်။
မျက်နှာသစ်ဆေးက မပါမဖြစ်
ခရီးစဉ်တလျှောက် သင့်အသားအရေမှာ ဖုန်မှုန့်တွေ၊အမှုန်တွေကပ်ငြိနေမှာပါ။ မျက်နှာသစ်ဆေးနဲ့မှ အသားအရေကို သန့်စင်စေပြီးနေထိုင်ရလန်းဆန်းစေမှာဖြစ်ပါတယ်။ skin care ပစ္စည်းတွေဆိုတာ နည်းနည်းလေးပြောင်းလဲလိုက်တာနဲ့ အရေပြားမှာ ချက်ချင်းသက်ရောက်မှုရှိစေတတ်လို့ သုံးနေကျမျက်နှာသစ်ဆေးကိုမပါမဖြစ်ယူရပါမယ်။
အစိုဓါတ်ထိန်းခရင်မ်နဲ့နေလောင်ခံခရင်မ်
ခရီးစဉ်မှာmoisturizer ကိုနည်းနည်းပိုသုံးဖို့လိုမယ်ဆိုပေမယ့်sunscreen ကိုလည်း ချန်မထားသင့်ပါဘူး။ ခရီးထွက်မှတော့ လူကအမြဲ အပြင်ရောက်နေမှာဖြစ်လို့ ဒီရက်တွေအတွင်း အသားအရေကိုနေမလောင်စေဖို့ ကာကွယ်ရပါမယ်။ ပတ်ဝန်းကျင်အသစ်ကိုရောက်တဲ့အခါ အသားအရေကပိုခြောက်သွေ့လွယ်တာကြောင့် အရင်ကသုံးလေ့မရှိရင်တောင်moisturizer နဲ့sunscreen ကို ယူဖြစ်အောင်ယူပါ။
လေယာဉ်မစီးခင်နဲ့လေယာဉ်စီးပြီးအချိန်Moisturizer သုံးပါ
အမြင့်ပေများစွာကနေ ပျံသန်းတဲ့အခါ အသားအရေကခြောက်သွေ့ပြီး ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့်လေယာဉ်ပေါ်မတက်ခင်နဲ့ပြန်ဆင်းသက်ပြီးနောက်ပိုင်း အသားအရေကိုပြန်ထိန်းသိမ်းပါ။
အသားအရေထိန်းသိမ်းမှုကို ပုံမှန်အတိုင်းလုပ်ပါ
ခရီးသွားပြီဆိုရင် အိမ်မှာနဲ့မတူတာရယ်၊ သွားရလာရအာရုံများနေတာရယ်၊ ပင်ပန်းပြီးနားချင်နေတာရယ်ကြောင့် လုပ်နေကျအရာတွေကို ပစ်ထားလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတူညီတဲ့လေထုအရည်အသွေး၊မတူညီတဲ့စားသောက်ပုံအာဟာရ၊ မတူညီတဲ့စိတ်ဖိစီးမှု စတဲ့ အသစ် အသစ်တွေ အများကြီးကြုံလာရတာဖြစ်လို့ အရေပြားကိုထိခိုက်မှုရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်သုံးနေကျ skin care ထိန်းသိမ်းမှုနဲ့ အသားအရေကို အတတ်နိုင်ဆုံးစောင့်ရှောက်ပေးပါ။
သက်တောင့် သက်သာဖြစ်မယ့် အဝတ်ကို ဦးစားပေး ရွေးပါ
အပြင်ကိုသွားတဲ့အခါခြေလျင်တောင်တက်တာ၊ဂိမ်းကစားတာ၊လျှောက်လည်ပတ်တာ၊ စူးစမ်းလေ့လာတာလို လှုပ်ရှားသွားလာမှုတွေမှာ ပါဝင်မိမှာပါ။ လှပဖို့အဓိကဖြစ်တဲ့ ကျပ်နေတဲ့၊သက်တောင့်သက်သာမရှိတဲ့အဝတ်အစားတွေဝတ်လာရင်ချွေးတွေနဲ့ ယားယံတာ။ အနီကွက်ထွက်တာတွေဖြစ်လာမှာကို မကြောက်ရအောင် ချည်သားပါတဲ့ သက်တောင့်သက်သာအဝတ်အစားကိုရွေးဝတ်ပါ။
ခရီးတလျှောက်မှာရေများများသောက်ပါ
ရေဓါတ်ခမ်းခြောက်ခြင်းက အသားအရေအတွက် တကယ်အရေးကြီးတဲ့အရာပါ။ အသားလှချင်ရင်ရေပုံမှန်သောက်တဲ့အကျင့်ကို လုပ်ပါ။ ခရီးသွားရင်ရေဘူးအမြဲဆောင် ထားပါ။
မိတ်ကပ်ထူထူမလိမ်းပါနဲ့
မိတ်ကပ်တွေကချွေးပေါက်ကိုပိတ်စေပြီး အရေပြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ခရီးသွားချိန်အတွင်း အသားအရေက sensitive ပိုဖြစ်လာတယ်ဆိုရင် လမ်းမှာအရေပြားပြဿနာတွေထပ်မဖြစ်စေဖို့ မိတ်ကပ်ကိုပုံမှန်ထက်လျှော့လိမ်းပါ။
အိပ်ရေးဝအောင်အိပ်ပါ
အိပ်ရေးပျက်ခြင်းက အသားအရေအတွက်မကောင်းပါဘူး။ ခရီးသွားလို့၊ အိပ်ရာပြောင်းလို့ ညမအိပ်ရင် အသားအရေမှာပြဿနာတွေဖြစ်လာနိုင်ပါတယ်။
မျက်လုံးကိုရေခဲကပ်ပါ
မျက်ကွင်းညိုတာ၊မျက်တွင်းကျတာတွေက မကြာခဏခရီးသွားတတ်သူတွေမှာအဖြစ်များပါတယ်။ မျက်လုံးကိုရေခဲအိတ်လေးကပ်ပေးထားရင်နေလို့ကောင်းပြီး စိတ်ဖိစီးမှုကိုလည်းသက်သာလျောပါးစေနိုင်ပါတယ်။
ခရီးဆောင်အိတ်မှာ မပါမဖြစ်ထည့်သွားသင့်တဲ့ အလှကုန်နဲ့အသားအရေထိန်းသိမ်းရေးပစ္စည်းတွေထဲမှာ နှုတ်ခမ်းသားအစိုဓါတ်ထိန်းပေးမယ့်နှုတ်ခမ်းနီ၊နေလောင်ကာခရင်မ်၊ မျက်နှာသစ်ဆေး၊ မျက်ခုံးဆွဲတံ၊moisturizer တို့ပါဝင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



