brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသားအရေ အသစ်တဖန် ပြောင်းလဲကောင်းမွန်လာစေအောင် ပြုပြင်ခြင်း နှင့် အကျိုးတရားများ

နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းနှင့် ဝက်ခြံထွက်ခြင်းတို့ကြောင့် သင့်အရေပြားပေါ်မှာ အမာရွတ်နှင့် အမည်းစက်များ ကျန်ရစ်တတ်ပါတယ်။ ဒါတွေကို ပျောက်ကင်းစေဖို့အတွက် ဆေးဝါးများအပြင် သေချာတဲ့နည်းလမ်းတစ်ခုကတော့ Skin resurfacing (အသားအရေအသစ်တဖန် ပြောင်းလဲကောင်းမွန်စေ အောင် ပြုပြင်ခြင်း) ပဲဖြစ်ပါတယ်။Skin resurfacing လုပ်ခြင်းကြောင့် ရရှိလာမယ့်အကျိုးတရားတွေကို ဆွေးနွေးဖော်ပြပေးမှာဖြစ်ပါတယ်။

အသားအရေ အသစ်တဖန် ပြောင်းလဲကောင်းမွန်လာစေအောင် ပြုပြင်ခြင်း နှင့် အကျိုးတရားများ

Skin resurfacing နည်းနှင့် ဘယ်လို အသားအရေပျက်စီးမှုကို ကုသနိုင်မလဲ

Skin resurfacing နည်းဟာ အပေါ်ယံပျက်စီးယိုယွင်းနေတဲ့ အရေပြားအလွှာကို ပျော်ကျစေပြီး အောက်ဖက်မှချောမွေ့၍ ယိုယွင်းပျက်စီးမှုနည်းပါးတဲ့ အရေပြားအလွှာပေါ်ပေါက်လာအောင် ပြုလုပ်ပေးတဲ့ကုသနည်းဖြစ်ပါတယ်။ ဒီနည်းဟာ အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပြီး ကျန်းမာကြံ့ခိုင်ပြည့်ဖောင်းတဲ့အသားအရေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ

• အိုမင်းရင့်ရော်ခြင်း (သို့) မျက်နှာအမူအရာများ ထပ်ခါထပ်ခါပြုလုပ်ခြင်း (ဥပမာ-ရယ်မောခြင်း) တို့ကြောင့် ဖြစ်ပေါ်လာတဲ့ မျက်လုံးနှင့်ခံတွင်း အနီးတစ်ဝိုက်ရှိ အရေးအကြောင်းများ

• နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်း၊ အညိုရောင်အစက်များ (သို့) အသားအရေ အရောင်မညီမညာဖြစ်ခြင်း။

• အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ချေရှိတဲ့ အရေပြားအဖုအထစ်များ

• ဝက်ခြံထွက်ခြင်း၊ ကျောက်ကြီးပေါက်ခြင်းနှင့် ယခင်ထိခိုက်ဒဏ်ရာရဖူးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမာရွတ်များ အစရှိသည်တို့မှာ အသုံးပြုလေ့ရှိပါတယ်။

Skin resurfacing နည်းကို မရွေးချယ်ခင် ၎င်းရဲ့ထိရောက်မှုစွမ်းရည်ကို သင့်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပါ။ လူတိုင်းဟာ Skin resurfacing နည်းနှင့် မသင့်တော်ပါ။ အချို့သော အသားအရေအမျိုးအစား၊ အသားအရေပျက်စီးမှုပမာဏနှင့် ရောဂါအခြေအနေများပေါ် မူတည်ပြီးSkin resurfacing နည်းဟာ သင့်အသားအရေကို ပိုမိုပျက်စီးသွားစေနိုင်ပါတယ်။ ဒီနည်းလမ်းမှာ အပေါ်ယံပါးလွှာတဲ့ အရေပြားအလွှာကို ခွာချမှာဖြစ်တဲ့အတွက် ကျုံ့ဆန့်နိုင်ပြီး အဆီမပြန်သောအသားအရေ၊ ရောဂါပိုးကူးစက်ခြင်း နှင့် အမာရွတ် ဖြစ်မလွယ်သော အသားအရေကိုပိုင်ဆိုင်သူမှာသာ အသုံးပြုနိုင်ပါတယ်။ အလုံးစုံပြီးပြည့်စုံတဲ့အသားအရေရရှိဖို့အတွက် အထူးသဖြင့် နာလန်ထချိန် ပြန်ကောင်းမွန်လာချိန်ကို နှေးကွေးစေနိုင်တဲ့ ရောဂါအခြေအနေများနှင့် ဆေးများသုံးစွဲခြင်းကင်းဝေးဖို့လိုအပ်ပါတယ်။

အကယ်၍သင်ဟာSkin resurfacing နည်းကိုအသုံးပြုနိုင်သူဖြစ်ရင် သင့်ဆရာဝန်က သင့်အတွက်သင့်တော်တဲ့Skin resurfacing အမျိုးအစားကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။ အသားအရေအလုံးစုံကြည်လင် ကောင်းမွန်စေဖို့ ကုသမှုအကြိမ်များစွာလိုကောင်းလိုနိုင်တဲ့အတွက် ဒီလိုအခြေအနေတွေအတွက် မျှော်လင့် ပြင်ဆင်ထားဖို့လိုပါတယ်။

Skin resurfacing ပြုလုပ်နိုင်သောနည်းလမ်းများ

Skin resurfacing ပြုလုပ်နိုင်တဲ့ နည်းလမ်း (၃)သွယ်ရှိပါတယ်။ ဒီနည်းလမ်း (၃)ခုလုံးဟာ လုပ်ငန်းဆောင်တာ အတူတူပဲဖြစ်ပါတယ်။ အရေပြားကို ကွာကျစေပြီး အသားပြန်တက်လာတဲ့အချိန်မှာ ကျန်းမာကြံ့ခိုင်တဲ့အသားအရေကို ပိုင်ဆိုင်စေပါတယ်။ ဒီလိုကွာကျစေရာမှာ ဓါတုဆေးနှင့် ချေးချွတ်ခြင်း၊ စက်ကိရိယာသုံးပြီး အပေါ်ယံအရေပြားဆဲလ်သေများ ဖယ်ရှားခြင်း၊ လေဆာသုံးခြင်းဆိုပြီး (၃)မျိုးရှိပါတယ်။ ဒီအထဲမှာ လေဆာဖြင့် skin resurfacing လုပ်တဲ့နည်းဟာ လူကြိုက်အများဆုံးနည်းဖြစ်ပါတယ်။

ဓါတုချေးချွတ်ခြင်းမှာဆိုရင်အရေပြားကို ဓါတုဒြပ်ပေါင်းများနှင့် ကုသတာဖြစ်ပါတယ်။ အသုံးပြုတဲ့ ဓါတုဒြပ်ပေါင်းများကတော့ ပုံမှန်အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းများမှာပါဝင်တဲ့ Glycolic acid (သို့) ပိုမိုပြင်းအားကောင်းတဲ့ Phenol တို့ဖြစ်ပါတယ်။ ဒီဓါတုပစ္စည်းတွေက သင့်မျက်နှာအသားအရေ အစိတ်အပိုင်းလိုအပ်ရင် မျက်နှာတစ်ခုလုံးမှာအသုံးပြုရပါတယ်။

စက်ကိရိယာသုံး အပေါ်ယံဆဲလ်သေအလွှာ ဖယ်ရှားခြင်း (Dermabrasion)မှာဆိုရင် သေးငယ်တဲ့ စက်ကိရိယာတစ်ခုဖြစ်သောSpinning wheel နှင့် သင့်မျက်နှာအသားအရေမျက်နှာပြင်ကို ချောမွတ်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ သင့်ဒူးဖြူလာစေရန်အသုံးပြုသောနည်းလမ်းနှင့် ပြုလုပ်ပုံချင်းဆင်တူပါတယ်။

တတိယမြောက်နည်းလမ်းကတော့ လေဆာနှင့်Skin resurfacing လုပ်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းဟာလူကြိုက်အများဆုံးနည်းဖြစ်ပါတယ်။ လေဆာသုံးပြီး ပြုလုပ်နည်းမှာနှစ်မျိုး နှစ်စားရှိပါတယ်။ ပထမတစ်မျိုးကတော့သင့်အသားအရေပေါ်မှာ တပြေးညီသက်ရောက်မှုရှိပြီး နောက်တစ်မျိုးကတော့ သင့်အသားအရေပေါ်မှာ အလွန်သေးငယ်လှသော အပေါက်ကလေးများဖြစ်ပေါ်စေပါတယ်။

အရေပြားကွာကျစေရမယ့် အတိမ်အနက်ပေါ်မူတည်ပြီး Skin resurfacing ကုသမှု တော်တော်များများမှာ ထုံဆေးကို အသုံးပြုပါတယ်။ ကုသမှုခံယူပြီးချိန်မှာ သင့်ဆရာဝန်က လိုက်နာဆောင်ရွက်ရမယ့် အသားအရေထိန်းသိမ်းမှုနည်းလမ်းများနှင့် လိုအပ်ပါက သောက်ဆေးများကို ပေးမှာဖြစ်ပါတယ်။ ကုသမှုခံယူပြီးချိန်မှာ ကူးစက်ရောဂါများ ဝင်ရောက်နိုင်ချေရှိတဲ့အတွက် သင့်အသားအရေကို ယခင်ကထက်ပိုမိုဂရုစိုက် ပေးရမှာဖြစ်ပါတယ်။ ကုသမှုပြီးချိန် ဆက်လက်အသားအရေစောင့်ရှောက်ရာမှာ အသား ကောင်းကောင်းမွန်မွန် ပြန်တက်လာစေရန်နှင့် ယခင်ကထက် ကျန်းမာကြံ့ခိုင်သောအသားအရေကို ပိုင်ဆိုင်ရန် ဗီတာမင်များ၊ သက်စောင့်ဓါတ်များ၊ ကော်လာဂျင်ဓါတ်နှင့်Peptide (အသားဓါတ်များ)မှီဝဲရမှာဖြစ်ပါတယ်။

အသားအရေ မညီမညာဖြစ်ခြင်းအတွက် Skin resurfacing နည်းဟာ ထိရောက်မှုအရှိဆုံးနှင့် လူကြိုက်အများဆုံးနည်းလမ်းဖြစ်ပါတယ်။ အကောင်းဆုံးကို ရွေးချယ်ဖို့အတွက်ကုသမှုရဲ့ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2022 ဖြစ်ပါသည်။