brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပေါင်ခြံမှာ မှိုစွဲတဲ့ရောဂါ (ပေါင်ခြံပွေး)

Jock itch ဆိုတာဟာ တကယ်တော့ ပေါင်ခြံမှာ မှိုစွဲတဲ့ ရောဂါဖြစ်ပါတယ်။ သူက ပွေးပုံစံတစ်မျိုးပါ။ ဒီမှိုက အရေပြားကို နီရဲကာ အရေပြားစတွေလန်နေတတ်တဲ့ ဒါမှမဟုတ် အနားသတ်မှာ အဖုသေးသေးလေးတွေရှိနေတဲ့ ယားယံတဲ့အကွက်တွေ ဖြစ်လာစေပါတယ်။ သူ့ကို ပေါင်ခြံပွေး လို့လည်း ခေါ််ပါတယ်။

ပေါင်ခြံမှာ မှိုစွဲတဲ့ရောဂါ (ပေါင်ခြံပွေး)

ပေါင်ခြံပွေးက အဖြစ်များသလား

ကမ္ဘာအနှံ့မှာ ဖြစ်လေ့ဖြစ်ထ အရမ်းများတဲ့ အခြေအနေပါ။ တခါတလေ ပူနွေးစိုစွတ်ပြီး သန့်ရှင်းမှုညံ့ဖျင်းတတ်တဲ့ ပတ်ဝန်းကျင်နဲ့ လူပေါင်းစုံအသုံးပြုတတ်တဲ့ အများသုံးရေချိုးခန်း၊ အများသုံးအဝတ်လဲခန်းလို နေရာမျိုးတွေမှာ ကူးစက်ရောဂါတစ်မျိုးလိုတောင် ဖြစ်နေတတ်ပါတယ်။

ပေါင်ခြံမှာ မှိုစွဲတဲ့ရောဂါ ရဲ့ လက္ခဏာများ

ပေါင်အတွင်းဘက်လိုမျိုး စိုစွတ်တတ်တဲ့နေရာတွေမှာ ယားယံတဲ့ အနီရောင်အကွက်တွေဖြစ်လာတတ်ပြီး တင်ပါးနဲ့ စအိုဝတဝိုက်ကို ပြန့်သွားနိုင်ပါတယ်။

ပေါင်ခြံ၊ ကပ္ပာယ်အိတ်တို့လိုမျိုး အရေပြားခေါက်နေတဲ့နေရာတွေမှာလည်း စဖြစ်တတ်ပါတယ်။ ချွေးတွေစိုပြီး သန့်ရှင်းမှုမရှိတဲ့ လေ့ကျင့်ခန်း ဝတ်စုံတွေ၊ မသန့်ရှင်းတဲ့ အတွင်းခံတွေကြောင့် ရနိုင်ပါတယ်။ ဒါပေမယ့် ယောက်ျား မိန်းမလိင်အင်္ဂါတဝိုက်နဲ့ စအိုဝတဝိုက်မှာ တွေ့ခဲပါတယ်။

တချို့တလေမှာ ယားယံတဲ့အကွက်တစ်ကွက်ပဲရှိတတ်ပြီး တချို့ကတော့ အစွန်းတွေ စုပေါင်းသွားကာ ကြီးမားတဲ့အကွက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ီအကွက်တွေရဲ့ လက္ခဏာပုံစံတွေကတော့-

  • ပွေးကွက်တွေနဲ့ ပုံစံဆင်တူပါတယ်
  • နီရဲနေပြီး အလွန်ယားယံတဲ့အကွက်တွေ ဖြစ်ပါတယ်
  • အနားသတ်တွေက ထင်ရှားပါတယ်
  • အကွက်အလယ်မှာ နီညိုရောင်ဖြစ်ပြီး
  • အစွန်းတွေမှာမှာ အရည်ကြည်ဖုလို အဖုသေးသေးလေးတွေရှိပါတယ်။

ပေါင်ခြံမှာ မှိုစွဲတဲ့ရောဂါ ဘာကြောင့် ဖြစ်ရတာလဲ။

အဓိကကတော့ ပွေးဖြစ်စေတဲ့ မှိုကပေါင်ခြံတစ်ဝိုက်ကို ကူးစက်တာကြောင့်ပါ။ ကူးစက်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတေ့

  • တင်းကျပ်ပြီး ပွတ်တိုက်စေတတ်တဲ့ အတွင်းခံတွေ ဝတ်တာ
  • ပေါင်ခြံတစ်ဝိုက်မှာ အမြဲစွတ်စိုနေပြီး ချွေးထွက်တာ
  • အဝလွန်တာကြောင့် အသားချင်းပွတ်တိုက်မိတာ
  • ဓာတ်မတည့်ခြင်းပြဿနာရှိတာ
  • ရောဂါပိုးရှိနေတဲ့တဘတ်၊ ပုဝါကို သုံးမိတာ
  • ရောဂါပိုးရှိသူနဲ့ ပူးကပ်စွာဆက်ဆံမိတာမျိုးကလည်း မှိုတွေကို ကူးစက်စေပါတယ်။

ပဋိဇီဝဆေးတချို့သောက်နေရသူတွေ၊ ကိုယ်ခံအားစနစ်အားနည်းသူတွေ၊ ဆီးချိုသွေးချိုရှိသူတွေမှာလည်း ဖြစ်နိုင်ချေများပါတယ်။

ဖြစ်နိုင်ခြေများစေတဲ့ အချက်များ

တစ်ခါတလေမှာ ကိုယ်သတိမထားမိလိုက်တဲ့ အချက်တွေကလည်း မှိုစွဲဖို့ အားပေးနေသလို ဖြစ်နေတတ်ပါတယ်။ ဥပမာ

  • စိုထိုင်းတဲ့ ပုဝါ၊ ဖိနပ်တွေကို အသုံးပြုတာ
  • ညစ်ပစ်ပြီး မလျှော်ထားတဲ့အဝတ်တွေကို ပြန်ပြန်ဝတ်တာ
  • စိုထိုင်းတဲ့ ကြမ်းပြင်မှာ လျှောက်သွားတာ
  • ခန္ဓာကိုယ်တခြားနေရာမှာ မှိုစွဲနေတဲ့အခါ (အထူးသဖြင့် ပွေးပေါက်နေတဲ့အခါ)

Jock itch ကို ကျန်းမာနေတဲ့လူတွေမှာလည်း တွေ့ရတတ်ပေမယ့် ဆီးချိုသွေးချိုရှိသူတွေ၊ အဝလွန်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

ပေါင်ခြံမှာ မှိုစွဲတဲ့ရောဂါ ရောဂါရှာဖွေခြင်း၊ ကုသခြင်း

အရေပြားမှာ အကွက်တွေပေါ််တဲ့နေရာကို ကြည့်လိုက်တာနဲ့ ပေါင်ခြံပွေး ဟုတ်မဟုတ်ဆိုတာကို အလွယ်သိနိုင်ပါတယ်။ ရောဂါအမည်တပ်ရခက်တဲ့ အခြေအနေမှာတော့ အရေပြားဆဲလ်များကို ခြစ်ယူစစ်ဆေးပြီး ရောဂါခွဲဖို့ လိုပါတယ်။

ပေါင်ခြံပွေးကို ဘယ်လိုကုသမလဲ

Jock itch ကို ပုံမှန်အားဖြင့် မှိုသတ်ဆေးလိမ်းဆေးဖြင့် ကုသတာများပါတယ်။ တခါတရံ ယားယံခြင်းမြန်မြန်သက်သာဖို့ hydrocortisone ပါအသုံးပြုတာလည်းရှိပါတယ်။ Steroid လိမ်းဆေးကို မိမိသဘောနဲ့ ထည့်သွင်းလိမ်းခြင်းများ မလုပ်သင့်ပါဘူး။ လိမ်းဆေးကို တစ်ရက် တစ်ကြိမ်မှနှစ်ကြိမ်ထိ သုံး၊ လေးပတ်ထိ စွဲလိမ်းပေးရပါမယ်။ တကယ်လို့ မထိရောက်ပါက မှိုသတ်ဆေးသောက်ဆေးတွေ အသုံးပြုဖို့ လိုပါမယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ

Jock itch ဟာ အရှင်းပျောက်ကင်းပြီးမှ ပြန်ဖြစ်လာတာမျိုး ရှိနိုင်ပါတယ်။ ပြန်ဖြစ်တာကို လျှော့ချဖို့အတွက် အောက်ဖော်ပြပါ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုသမှုပုံစံများကို အသုံးပြုကြည့်နိုင်ပါတယ်။

  • ခန္ဓာကိုယ်နဲ့ ခြေထောက်မှာမှိုစွဲခြင်းများရှိပါက ချက်ခြင်းကုသပါ
  • ရေချိုးပြီးတဲ့အခါ ပေါင်ကြားတွေကို ပုဝါနောက်တစ်ထည်နဲ့ သေချာခြောက်အောင်သုတ်ပါ။
  • ပုဝါ၊ တဘတ်၊ ကိုယ်ပိုင်အဝတ်အစားများကို ဝေမျှမသုံးပါနဲ့။
  • တင်းကျပ်လွန်းသော အဝတ်အစားများမဝတ်ပါနဲ့။
  • အဝလွန်နေပါက အသားချင်းပွတ်မိ၊ ပွန်းမိခြင်း၊ ချွေးထွက်ခြင်းများ လျော့စေဖို့ ဝိတ်ချဖို့ကြိုးစားပါ။

အခြားသိလိုသည်များရှိပါက မိမိအတွက်အကောင်းဆုံးဖြစ်မည့် အကြံများအတွက် ဆရာဝန်နဲ့သေချာမေးမြန်းဆွေးနွေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/06/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။