backup og meta

သတိထားရမယ့် ခရမ်းလွန်ရောင်ခြည် (UV Rays) အန္တရာယ်

နေသာတယ်ဆိုရင် ရာသီဥတုသာယာတယ်လို့ ပြောကြပါတယ်။ နေရောင်ခြည်က ကျန်းမာရေးအတွက် အကျိုးပြုပြီး လူလည်းနေလို့ကောင်းစေတယ်ဆိုပေမယ့် သူ့မှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည် က ခန္ဓါကိုယ်အတွက် ဆိုးကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဒါ့ကြောင့်နေရောင်ခြည်ထိတွေ့မှုများရင် မျက်နှာမှာ အရေးအကြောင်းတွေနဲ့အစက်အပြောက်တွေဖြစ်လာစေတတ်ပါတယ်။ ကြာလာတဲ့အခါ elastinလို့ခေါ်တဲ့ အရေပြားထဲက ကျုံ့ဆန့်နိုင်တဲ့ပရိုတင်းကို ထိခိုက်စေပါတယ်။ elastinတွေပျက်စီးတဲ့အခါ အသားအရေက တင်းတင်းရင်းရင်းမရှိတော့ဘဲလျော့ရဲလာကာ အရေးအကြောင်းတွေကိုဖြစ်စေပါတယ်။ အရေပြားမှာ ပွန်းပဲ့အနာတွေဖြစ်လွယ်ပြီးပြန်ကျက်ဖို့ ပိုကြာလာစေပါတယ်။

နေရောင်ခြည်ကရတဲ့ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာဖြစ်စေတဲ့ နံပါတ်တစ်အကြောင်းရင်းဖြစ်ပါတယ်။ ဒါပေမယ့်နေရောင်ခံစက် (tanning beds)တွေကနေထွက်တဲ့ခရမ်းလွန်ရောင်ခြည်ကလည်း အလားတူပါပဲ။ နေ့အလင်းရောင်မှာ ခရမ်းလွန်ရောင်ခြည်ပါရှိတာကြောင့် ဆောင်းတွင်း နေကလည်းနွေရာသီလိုပဲ အန္တရာယ်ရှိနိုင်တာပဲဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်က ပိုးမွှားတွေကိုသေစေနိုင်တယ်၊ အရေပြားပြဿနာတချို့ကိုကုသနိုင်တယ်၊ ဗီတာမင် ဒီကိုရရှိစေတယ်ဆိုပေမယ့် ထိတွေ့မှုများရင် ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် (UV Rays) ရဲ့ ကျန်းမာရေးအန္တရာယ်များ

အသားအရေပျက်စီးခြင်း

နေလောင်ခြင်းကတော့ ခရမ်းလွန်ရောင်ခြည်ကြောင့်ထိခိုက်မှုရဲ့သက်သေပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများရင် အရွယ်မတိုင်မီ အသားအရေရင့်ရော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

  • အရေးအကြောင်းတွေနဲ့ အသားအရေကြမ်းတမ်းလာခြင်း
  • တင်းတိပ်ဖြစ်ခြင်း
  • အသားအရေတင်းရင်းမှုမရှိတော့ခြင်း
  • အစက်အပြောက်များ
  • ကင်ဆာဖြစ်ခါနီး အသားအရေပြောင်းလဲခြင်း(actinic keratoses)

ခရမ်းလွန်နဲ့နေ့စဉ်ထိတွေ့နေရတဲ့အခါ အရေပြားဆဲလ်တွေထဲက ဒီအင်န်အေတွေကို ထိခိုက်စေပါတယ်။ ထိခိုက်တဲ့ဆဲလ်တွေကသေဆုံးတာတွေရှိသလို အလိုလိုပြန်ပြုပြင်တာလည်းရှိပါတယ်။ ဒါပေမယ့်ပြုပြင်လို့မရလောက်အောင်ပြင်းထန်လာရင်တော့ အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။

မျက်စိထိခိုက်ခြင်း

ခရမ်းလွန်ရောင်ခြည် နဲ့ထိတွေ့မှုများလွန်းရင်photokeratitis နဲ့photoconjunctivitis လို့ခေါ်တဲ့ မျက်စိယာယီထိခိုက်မှုတွေ ခံစားရနိုင်ပါတယ်။ရေပြင်၊ သဲသောင်ပြင်၊ရေခဲပြင်၊ကွန်ကရစ်နဲ့ဖန်သားပြင်တို့ဆီက အလင်းပြန်ခြင်းကြောင့် မျက်ကြည်လွှာနဲ့ မျက်စိအမြှေးပါးတွေကို မိနစ်ပိုင်းအတွင်းနေလောင်သွားစေပါတယ်။ မျက်လုံးကိုဖုံးအုပ်ထားတဲ့တစ်ရှူးလွှာနဲ့ မျက်ခွံအစပ်မှာ ပူလောင် စပ်ဖျဉ်းတဲ့ ခံစားချက်မျိုးဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်ကိုအားနည်းစေပြီး ရောဂါဝင်လွယ်ခြင်း

နေရောင်အောက်မှာထိတွေ့မှုများလွန်းရင် ကိုယ်ခံအားစနစ်အားနည်းလာနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ခန္ဓါကိုယ်ရဲ့ဘက်တီးရီးယားခုခံနိုင်စွမ်းကို ကျဆင်းစေပြီးရောဂါကူးစက်ခံရလွယ်ပါတယ်။

အရွယ်မတိုင်မီအသားအရေရင့်ရော်လာခြင်း

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများလွန်းရင်ရေရှည်ဖြစ်လာနိုင်တဲ့ပြဿနာတွေထဲမှာ အရွယ်မတိုင်မီအသားအရေရင့်ရော်ခြင်းလည်းပါဝင်ပါတယ်။ အသားအရေခြောက်သွေ့ခြင်း၊အရေးအကြောင်းဖြစ်ခြင်း၊လျော့တွဲခြင်း၊အရေပြားကျုံ့ဆန့်နိုင်အားမကောင်းတော့ခြင်း၊တို့ဖြစ်လာနိုင်ပြီး ဒါတွေဟာelastin နဲ့collagen တို့မှာ ယိုယွင်းမှုအပြောင်းအလဲဖြစ်လာတဲ့ရလဒ်တွေဖြစ်ပါတယ်။

အရေပြားကင်ဆာ

အရေပြားကင်ဆာဟာ ကမ္ဘာမှာအဖြစ်များဆုံးကင်ဆာရောဂါတွေထဲပါဝင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုဟာ ဒီအင်န်အေထိခိုက်မှုကိုဖြစ်စေတာကြောင့် အရေပြားကင်ဆာတွေနဲ့ပတ်သက်တဲ့အဓိကအချက်ဖြစ်ပါတယ်။

နေရောင်ခြည်ကာကွယ်နိုင်မယ့်နည်းလမ်းများ

နေရောင်ခြည် လုံးဝမထိအောင်တော့ ကာကွယ်နိုင်မယ့်နည်းလမ်းမရှိပါဘူး။အောက်ပါနည်းလမ်းတွေကိုလိုက်နာရင်တော့ အန္တရာယ်မဖြစ်အောင် ကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။

  • လုံလုံခြုံခြုံဝတ်ပါ – အရောင်ဖျော့တဲ့ အင်္ကျီ်လက်ရှည်၊ဘောင်းဘီရှည်၊လေဝင်လေထွက်ကောင်းတဲ့ဦးထုပ်ကြီးကြီးတွေ ဝတ်ဆင်နိုင်ပါတယ်။နေကာမျက်မှန်တပ်တဲ့အခါ UVA နဲ့ UVB နှစ်မျိုးလုံးကာကွယ်ပေးတဲ့အမျိုးအစားကိုရွေးပါ။
  • နေရောင်အောက်မှာသိပ်မနေပါနဲ့-နေ့လည် ၁၁ နာရီနဲ့ ညနေ ၄ နာရီကြားအချိန်နေရောင်ခြည်ကိုတတ်နိင်သလောက်ရှောင်ပါ။ အဲဒီအချိန်အပြင်ရောက်နေခဲ့ရင် သစ်ပင်ကြီးတွေ၊ ဆိုင်အမိုးတွေလိုမျိုး အရိပ်ရှိရာခဏလောက်ဝင်ဝင်နားပေးပါ။ ထီးအမြဲယူသွားပါ။
  • မိုးလေဝသမှာကြေညာတဲ့ ခရမ်းလွန်ညွှန်းကိန်းတွေကို နားထောင်ပါ -ရေဒီယိုနဲ့တီဗီမှာ ထုတ်လွှင့်တဲ့ ခန့်မှန်းချက်တွေကို အမြဲနားထောင်ပါ။ UV ညွှန်းကိန်းက ၃ ထက်ကျော်နေရင် သတိပြုနေထိုင်ဖို့လိုပါတယ်။
  • ရေများများသောက်ပါ –နေပူတဲ့အခါရေဓါတ်မဆုံးရှုံးရအောင်ရေများများသောက်ပါ။ရေဓါတ်ခန်းခြောက်တဲ့အခါ အန္တရာယ်ရှိနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်သင့်နိုင်ခြေ ပိုများစေတဲ့အချက်များ

လူတိုင်းမှာတော့ ခရမ်းလွန် အန္တရာယ် စိုးရိမ်ရတာချည်းပါပဲ။ ဒါပေမယ့် တချို့လူတွေမှာ ပိုထိခိုက်စေနိုင်ပါတယ်။

  • အသားဖြူသူ
  • ဆံပင်အရောင်ဖျော့သူ
  • မှဲ့များသူ
  • တင်းတိပ်ရှိသူ၊နေလောင်လွယ်တဲ့အသားအရေရှိသူ
  • ငယ်ငယ်ကနေလောင်မှုပြင်းပြင်းထန်ထန်ခံစားခဲ့ရဖူးသူ
  • အရေပြားကင်ဆာမျိုးရိုးရှိသူ

သင်က –

  • အပြင်မှာအနေများသူဖြစ်ရင် (ဥပမာ -လယ်စိုက်သူ၊ ဥယျာဉ်မှူး၊ သက်တော်စောင့်၊ဆောက်လုပ်ရေးလုပ်သား စတဲ့အလုပ်လုပ်သူ)
  • နေလောင်ခံရတာများနိုင်တဲ့နေရာမျိုးမှာနေထိုင်သူ ဒါမှမဟုတ် ခရီးထွက်လာချိန်ဖြစ်ရင် (ကမ်းခြေ ၊တောင်ပေါ် သို့မဟုတ် အပူပိုင်းဒေသ)
  • ကိုယ်တွင်းအင်္ဂါအစားထိုးကုသထားသူ၊ ကိုယ်ခံအားနည်းစေတဲ့ဆေးဝါးတွေသောက်သုံးနေရသူဖြစ်ရင်
  • ခရမ်းလွန်ရောင်ခြည်နဲ့မတည့်တဲ့ဆေးဝါးတွေသောက်သုံးနေရသူဖြစ်ရင် (ဥပမာ- သန္ဓေတားဆေး၊ ပဋိဇီဝဆေးဝါး၊ အရောင်ကျဆေး၊ စိတ်ငြိမ်ဆေး၊ နှလုံးဆေး စသည်)
  • ကျောက်မီးသွေး၊ကတ္တရာ၊ရေနံဆီ၊ဓါတ်ဆီ၊ အာဆင်းနစ် စတဲ့ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့နေရသူဖြစ်ရင် ပိုသတိထားသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref: Cosmetic Procedures: Sun Exposure and Skin Cancer

http://www.webmd.com/beauty/sun-exposure-skin-cancer#1

Harmful Effects of Ultraviolet Radiation

http://enhs.umn.edu/current/5103/uv/harmful.html

Health effects of ultraviolet radiation

https://www.canada.ca/en/health-canada/services/sun-safety/health-effects-ultraviolet-radiation.html

Dangers of the Sun

https://www.nature.com/scitable/blog/green-science/dangers_of_the_sun

 

ယခုပုံစံ

17/02/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူရှပ်ခြင်းကို ဘယ်လို ကုသမလဲ။

ကလေးတွေကိုနွေရာသီနေလောင်ဒဏ်မှကာကွယ်မယ်-နေလောင်ခံခရင်မ်, အဝတ်အထည်, ဦးထုပ်နှင့်အခြားအရာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။