brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်

လက်သည်းနီ ဆိုးပြီးရင် အ‌ရောင်မညီတော့လို့၊ အရောင်မကြိုက်တော့လို့ လက်သည်းဖျက်ဆေး နဲ့ ဖျက်ပြီး အသစ်ပြန်ဆိုးကြတယ်ဟုတ်။ အဲ့ဒီအခါ လက်သည်းဖျက်ဆေး သုံးပြီးရင် လက်သည်းတွေက ခြောက်သွားသလိုလို၊ ကြွပ်သွားသလိုလို ခံစားရတယ်ဟုတ်။ လက်သည်းဖျက်ဆေး အနံ့ကလည်း တစ်မျိုးလေးဆိုတော့ ဒါက သုံးလို့ကောင်းပါ့မလား။ ရေရှည်မှာ ဘာဖြစ်နိုင်လဲဆိုပြီး တွေးမိကြရဲ့လား။

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်

လက်သည်းဖျက်ဆေးထဲမှာ ဘာတွေပါတာလဲ။

လက်သည်းဖျက်ဆေးထဲမှာ ပါတဲ့ ဓာတုပစ္စည်းကို Acetoneလို့ ခေါ်ပါတယ်။ လက်သည်းဖျက်ဆေးရဲ့ ခပ်အေးအေးအနံ့ကလည်း အဲ့ဒီ acetone ကြောင့်ပဲ ဖြစ်တာပါ။

Acetone ဆိုတာက ခန္ဓာကိုယ်ထဲမှာလည်း ရှိပါတယ်။ ကီတုန်းဓာတုပစ္စည်းတစ်မျိုးပါ။ လက်သည်းဖျက်ဆေးမှာ ပါတာကတော့ လူလုပ် ဓာတုပစ္စည်းပေါ့။

လက်သည်းဖျက်ဆေး မှာ ပါတဲ့ acetoneက အန္တရာယ်ရှိသလား။

Acetoneက ကင်ဆာဖြစ်စေနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း FDAက ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အဆိပ်သင့်နိုင်ခြေလည်း နည်းပါတယ်။

ရံဖန်ရံခါပဲ အသုံးပြုတာက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတာမျိုး မရှိပါဘူး။ အဓိက သတိထားရမှာက ပါးစပ်ထဲဝင်သွားမှာ၊ စားမိတာတွေပါ။ လက်သည်းဖျက်ဆေးပုလင်းကို ကလေးတွေနားမှာ ထားမိတဲ့အခါ မတော်တဆ ပါးစပ်ထဲ ထည့်လိုက်တာမျိုး ရှိနိုင်ပါတယ်။

လက်သည်းဖျက်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

လက်သည်းဖျက်ဆေးက အသက်အန္တရာယ်ထိခိုက်တာမျိုး မဖြစ်စေပေမယ့် ဘေးထွက်ဆိုးကျိုးအနည်းငယ်တော့ ရှိပါတယ်။ ဒါတွေကတော့

  • လက်သည်းမှာ

လက်သည်းဖျက်ဆေးခဏခဏ သုံးတဲ့အခါ လက်သည်းတွေ ခြောက်သွေ့တာ၊ အက်ကွဲတာ၊ အရောင်ပြောင်းတာတွေ ဖြစ်တတ်ပါတယ်။ လက်သည်းတွေ ကြွပ်ဆတ်တာလည်း ဖြစ်တတ်ပါတယ်။

ရံဖန်ရံခါဆိုရင် ပြဿနာမဟုတ်ပေမယ့် ခဏခဏသုံးရင်တော့ လက်သည်းကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

  • အရေပြားမှာ

လက်သည်းဖျက်ဆေးသုံးတဲ့အခါ လက်ချောင်းက အရေပြားနဲ့ လက်သည်းပန်းကုံးတွေ ခြောက်သွေ့တာ ဖြစ်တတ်ပါတယ်။ တချို့ sensitive skin ရှိသူတွေမှာဆိုရင် အရေပြား ခြောက်ရုံသာမက စပ်ဖျင်းဖျင်းဖြစ်တာ၊ နီရဲတာ၊ အဖက်လန်‌တာတွေပါ ဖြစ်တတ်ပါတယ်။

ဒီအခြေအနေတွေက အရေပြားပိုးဝင်လို့ လွယ်ကူစေပါတယ်။

  • အသက်ရှူလမ်းကြောင်းမှာ

Acetone အနံ့က ခပ်အေးအေးဆိုပေမယ့် တချို့က အနံ့နဲ့ မခံနိုင်တဲ့အခါ မွှန်တာ၊ အသက်ရှူရကျပ်တာ၊ မျက်လုံးတွေရဲလာတာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

အထူးသဖြင့် အချိန်အကြာကြီး သုံးတဲ့သူ၊ အနံ့တွေ အများကြီးရှူမိတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

Acetone လက်သည်းဖျက်ဆေး အစား တခြားနည်းလမ်းနဲ့ လက်သည်းဖျက်လို့ ရသလား။

နည်းလမ်းနှစ်ခုရှိပါတယ်။

  • Acetone free လက်သည်းဖျက်ဆေး

Acetone မပါတဲ့အတွက် လက်သည်းကို ထိခိုက်တာ နည်းပေမယ့် ဖျက်ရတာ အချိန်ပိုကြာပါတယ်။

  • ဖျက်ဆေးမသုံးဘဲ ဖျက်နည်း

ဖျက်ဆေးမသုံးဘဲ လက်သည်းနီကို ဓားနဲ့ ခြစ်တာ၊ ခွာတာ၊ ခပ်ကြမ်းကြမ်း တိုက်ချတာ စတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒါကလည်း Acetone မပါဘူးဆိုပေမယ့် လက်သည်းကို ပွန်းပဲ့စေပါတယ်။

လက်သည်းဖျက်ဆေးကို အန္တရာယ်ကင်း‌အောင် ဘယ်လိုသုံးမလဲ။

အလှအပအတွက် လက်သည်းနီလည်း ဆိုးချင်တယ်။ လက်သည်းဖျက်ဆေးလည်း သုံးရမှာ စိတ်မချဘူးဆိုရင်တော့ ဒီနည်းလမ်းတွေနဲ့ သုံးကြည့်ပါ။

  • ရံဖန်ရံခါပဲ သုံးပါ။
  • လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သုံးပါ။
  • အသုံးပြုပြီးတိုင်း လက်ဆေးပါ။
  • လက်သည်းကို အစိုဓာတ်ထိန်းကရင်မ်လေး ပုံမှန်လိမ်းပေးပါ။
  • ကလေးတွေနဲ့ တိရစ္ဆာန်လေးတွေ မမီနိုင်တဲ့နေရာမှာ ထားပါ။

ဒါဆိုရင် အန္တရာယ်ကင်းကင်း၊ လက်သည်းလည်း မပျက်စီးဘဲ လက်သည်းဖျက်ဆေးကို သုံးလို့ရပါပြီ။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။