backup og meta

Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

    Hidradenitis suppurativa ( HS ) ဆိုတာ အရေပြားအောက်မှာ ပြည်ဖုလိုမျိုး နာတဲ့ အဖုသေးသေးလေးတွေ ထွက်လာတာပါ။ ဝက်ခြံနဲ့တူပေမယ့် ဝက်ခြံတော့ ပိုပြင်းထန်ပါတယ်။ ဒီအဖုလေးတွေက ကြာလာရင် ပွင့်ထွက်တာ ဒါမှမဟုတ် အရေပြားအောက်မှာ သူတို့အချင်းချင်း ဆက်ပြီး ပွင့်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ လူပျို အပျိုဝင်ချိန်မှာ စဖြစ်တတ်ပြီး နှစ်အတော်ကြာ ဒီတိုင်းလေးရှိနေတတ်ပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာတတ်ပါတယ်။ ဒီရောဂါကြောင့် နေ့စဉ်ဘဝမှာ စိတ်ရှုပ်ရတာတွေ၊ နေလို့ထိုင်လို့ မကောင်းတာတွေ ရှိလာနိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။

    HS ရဲ့ လက္ခဏာများ

    အဓိက လက္ခဏာကတော့ အရေပြားမှာ နာတဲ့ အဖုလေးတွေ အများကြီး ထွက်လာတာပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ အရေပြားချင်း ပွတ်တိုက်တဲ့ နေရာတွေ ဖြစ်တဲ့

    • ချိုင်း
    • ပေါင်ခြံ
    • စအို
    • ပေါင်အတွင်းသား
    • ရင်သားအောက်
    • တင်ပါး နှစ်ခုကြား စတာတွေပဲ ဖြစ်ပါတယ်။

    တခြားလက္ခဏာတွေကတော့

    • နီရဲပြီး ဝက်ခြံလို အဖုတွေ ထွက်တာ
    • နာတာ
    • အကြိတ်တွေ၊ အရည်အိတ်တွေ ဖြစ်တာ
    • ပြည်တည်နာ ဖြစ်တာ
    • အကြိတ်ကနေ အရည်တွေ ထွက်လာတာ စတာတွေပဲ ဖြစ်ပါတယ်။

    တကယ်လို့ မကုဘဲ ဒီတိုင်းထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမှာ ဖြစ်ပြီး

    • အဖုလေးတွေက အရေပြားအောက်မှာ ပေါက်ပြီး အချင်းချင်းဆက်သွားတာ
    • ဒီနာတဲ့ အဖုလေးတွေ ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာ လည်နေတာ
    • အဖုတွေ ပေါက်ပြီး အနံ့နံတဲ့ ပြည်တွေ ထွက်လာတာ
    • အမာရွတ်တွေ ထူထူကြီး ထွက်လာတာ
    • အမာရွတ်ပေါ်ကနေ အဖုတွေ ထပ်ပေါက်တာ
    • ပိုးဝင်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

    ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေတဲ့ သူတွေလည်း ရှိသလို အမြဲအဖုတွေ ပေါက်နေတဲ့ သူလည်း ရှိပါတယ်။ အဝလွန်တာ၊ စိတ်ဖိစီးမှုများတာ၊ ဟော်မုန်းအပြောင်းအလဲ၊ ရာသီဥတုပူတာတွေက လက္ခဏာကို ပိုဆိုးစေပါတယ်။ အမျိုးသမီးတွေကတော့ သွေးဆုံးပြီးရင် ပိုပြီး သက်သာလာတာကို တွေ့ရပါတယ်။

    HS ဘာကြောင့်ဖြစ်တာလဲ။

    ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ကြသေးပါဘူး။ အရေပြားမှာ ရှိတဲ့ မွေးညှင်းပေါက်လေးတွေ ပိတ်ရာက စဖြစ်တယ်လို့ ယူဆကြပါတယ်။ ပညာရှင်တွေက ဒီရောဂါဟာ ဟော်မုန်း၊ မျိုးရိုးဗီဇနဲ့ ခုခံအားစနစ်ပေါ် သက်ဆိုင်တယ်လို့ ပြောကြပါတယ်။ ဆေးလိပ်သောက်တာ၊ အဝလွန်တာနဲ့ metabolic syndrome ကလည်း တစ်စိတ်တစ်ဒေသ သက်ဆိုင်နေနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါက ပိုးကြောင့် ဖြစ်တာ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတာကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ သူများကိုလည်း မကူးစက်ပါဘူး။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    • အသက်

    ၁၈နှစ်နဲ့ ၁၉နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်ငယ်ငယ်နဲ့ ဖြစ်လေလေ ရောဂါပိုပျံ့ဖို့ အခွင့်အရေး များလေပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ဖြစ်တတ်ပါတယ်။

    • မိသားစု ရာဇဝင်

    မိသားစုထဲမှာ ရောဂါရာဇဝင်ရှိရင် မျိုးရိုးလိုက်ပြီး ကိုယ့်ဆီမှာ ဖြစ်တတ်ပါတယ်။

    • အဝလွန်ခြင်း

    လေ့လာချက်တွေ များစွာက အဝလွန်တာနဲ့  HS က ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။

  • ဆေးလိပ်သောက်ခြင်း
  • ဆေးလိပ်သောက်တာက HS နဲ့ သက်ဆိုင်မှုရှိတာကို တွေ့ရပါတယ်။

    ကုသနည်း

    ကုသနည်းတွေကတော့ ဆရာဝန်နဲ့ ပြသပြီး ပိုးသတ်ဆေးတွေ လိမ်းတာ၊ သောက်ဆေးတွေ ပေးတာ၊ အနာသက်သာအောင် ဆေးပေးတာတွေပဲ ဖြစ်ပါတယ်။ ဒါနဲ့မှ မသက်သာရင် လိုအပ်သလို အသေးစား ခွဲစိတ်တာ၊ လေဆာပစ်တာ စတာတွေလည်း လုပ်လို့ရပါတယ်။

    အိမ်တွင်းနည်းလမ်းများ

    အိမ်မှာ ဆောင်ရန် ရှောင်ရတ် နည်းလမ်းတွေကတော့

  • အရေပြားကို ပုံမှန်သန့်စင်ပါ။
  • အနာရှိတဲ့နေရာကို Cetaphilလိုမျိုး ဆပ်ပြာပါဝင်မှု နည်းတာနဲ့ သန့်စင်ပါ။ chlorhexidine 4%ပါတဲ့ဟာဆို ပိုးပါသေစေလို့ ပိုကောင်းပါတယ်။ စစချင်းတော့ တစ်ပတ် တစ်ခါလောက်ပဲ သုံးပါ။ နောက်ပိုင်း ခံနိုင်ရည်ရှိလာရင် တစ်နေ့ တစ်ခါလောက် သုံးနိုင်ပါတယ်။

    ရေချိုးရင်လည်း အနာရှိတဲ့ နေရာကို အဝတ်နဲ့တိုက်တာ၊ ရေမြုပ်နဲ့ တိုက်တာမျိုး မလုပ်ပါနဲ့။ ဒါက သင့်အရေပြားကို ပိုပြီး ပျက်စီးစေပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ပိုးသတ်ဆေးကရင်မ် လိမ်းတာမျိုး၊ zinc oxideပါတာ လိမ်းတာမျိုး လုပ်ပေးလို့ရပါတယ်။

    • အနာသက်သာစေမယ့် နည်းလမ်း

    ရေနွေးစိမ်ထားတဲ့ အဝတ်သန့်သန့်ကို ရောင်ပြီး နာနေတဲ့နေရာမှာ ၁၀မိနစ်လောက် ကပ်ထားလို့ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကိုက်အခဲ ပျောက်ဆေးတွေ၊ အနာဆေးထည့်နည်းတွေ မေးလို့ရပါတယ်။

    • အဝတ်ကြပ်ကြပ်တွေ၊ အရေပြား ယားယံစေမယ့် ပစ္စည်းတွေ မသုံးပါနဲ့။

    အရေပြားနဲ့ ပွတ်တိုက်မှုနည်းအောင် အဝတ်ပွပွပဲ ဝတ်ပါ။ ချွေးစုပ်တဲ့ အဝတ်ဆို ပိုကောင်းပါတယ်။ ပေါင်ကြားမှာ ဖြစ်တဲ့ အမျိုးသမီးတွေဆို ရာသီလာတဲ့အချိန် ဒုက္ခရောက်ပါတယ်။ padခံရတဲ့အတွက် ပူတာရော၊ ပွတ်တိုက်မှု ဖြစ်တာရောပါ။ အဲ့ဒီအချိန်မှာ pad ထက် tampons က ပိုပြီး အဆင်ပြေနိုင်ပါတယ်။ နောက်ပြီး ဓာတုပစ္စည်း အပြင်းစား ပါတဲ့ ပစ္စည်းတွေကို ရှောင်တာ ပိုကောင်းပါတယ်။

    • အရေပြားကို ထိခိုက်ဒဏ်ရာ မရပါစေနဲ့။

    အဖုတွေကို ညှစ်တာ၊ ဆိတ်တာမျိုး မလုပ်ပါနဲ့။ အဖုပေါက်တဲ့ နေရာက အမွေးတွေကိုလည်း မရိတ်ပါနဲ့။

    • အဝလွန် မလွန်အောင် ထိန်းပါ။

    သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိပါစေ။ လေ့ကျင့်ခန်း လုပ်ပါ။ ဒါပေမယ့် အရေပြားကို ပွန်းပဲ့ထိခိုက်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးတော့ ရှောင်ပါ။

    • အစားအသောက်ကို သတိထားပါ။

    ရှောင်သင့်တဲ့ အစားအစာတွေကတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အချိုများလွန်းတဲ့ အစားအစာတွေ၊ အနီရောင် အသားတွေ၊ ဘီယာ၊ ဝိုင်နဲ့ ပဲငံပြာရည်တွေပါ။ စားသင့်တာတွေကတော့ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ omega-3 fatty acidsပါတဲ့ အစားအစာတွေနဲ့ ဇင့်ဓာတ်ကြွယ်ဝတာတွေပဲ ဖြစ်ပါတယ်။

    • ဆေးလိပ်လည်း ဖြတ်ပါ။

    HS က နာတာရှည်ရောဂါဖြစ်လို့ အချိန်ယူပြီး ကုသရမှာပါ။ ဒါပေမယ့် စောစောသိပြီး စောစောကုတာက မြန်မြန်သက်သာစေတဲ့အပြင် ခဏခဏ ရောဂါပြန်ကြွတာကိုလည်း သက်သာစေပါတယ်။ သိပ်ဆိုးရင် အမာရွတ်တွေ ကျန်တတ်လို့ ခွဲစိတ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ၃ပုံ ၁ပုံလောက်က ပြန်ဖြစ်တတ်တယ်ဆိုတာကို မျှော်လင့်ထားပါ။

    သာမန်အချိန်တွေမှာ နေလို့ထိုင်လို့ကောင်းအောင် ဆောင်ရန် ရှောင်ရန်တွေကို သေချာ လိုက်နာပါ။ ဆေးကုသတဲ့ ဆရာဝန်နဲ့လည်း ရောဂါရဲ့ သဘောသဘာဝအကြောင်းကို ပွင့်ပွင့်လင်းလင်း မေးမြန်းထားဖို့ လိုပါတယ်။ ဒါမှ ကုသတဲ့နေရာမှာ အဆင်ပြေမှာပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement