သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆံပင်ကျွတ်ခြင်းနှင့် မီဆိုကုထုံး

ဆံပင်ကျွတ်ခြင်းနှင့် မီဆိုကုထုံး

ဆံပင်ဖီးလိုက်တိုင်း ဆံပင်တွေကျွတ်နေပါသလား။ ဆံစပ်လေးနောက်ဆုတ်ဆုတ်သွားလို့ ဘာလုပ်ရမယ်မသိဖြစ်နေပြီလား။ ကြိုးစားကြည့်နိုင်တဲ့ သဘာဝဆေးနည်းတွေ၊ ဆေးခေါင်းလျှော်ရည်တွေ အများကြီးရှိပါတယ်။ Mesotherapy လို့ခေါ်တဲ့ အလှအပရေးရာကုသမှုတစ်မျိုးကိုလည်း ထည့်စဉ်းစားကြည့်နိုင်ပါတယ်။

Mesotherapy ကဘယ်လိုတွေလုပ်ပေးနိုင်လဲ ကြည့်လိုက်ရအောင်။

Mesotherapy ဆိုတာဘာလဲ

Mesotherapy ဆိုတာ mesoderm လို့ခေါ်တဲ့ အရေပြားအလယ်လွှာဆီ လိုအပ်တဲ့ အာဟာရနဲ့ပစ္စည်းတွေကို မခွဲမစိတ်ဘဲ ထုံဆေးသုံးပြီး ပေးပို့တဲ့နည်းတစ်နည်းဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းနည်း၊ အန္တရာယ်နည်းနည်းနဲ့ လိုအပ်တဲ့နေရာကို လုံလောက်တဲ့ထိရောက်မှုရအောင် အတိအကျဦးတည်ကုသနိုင်သောနည်းဖြစ်တယ်။

Mesotherapy မှာ သင့်အခြေအနေ၊ ဒီမှာဆိုရင် ဆံပင်ကျွတ်တာကုဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ၊ အာဟာရတွေပို့ဖို့ ဆေးထိုးအပ်သေးသေးလေးတွေသုံးပါလိမ့်မယ်။ အပ်တွေအစား အလင်းတန်းတွေသုံးတဲ့ needle-free mesotherapy လို့ခေါ်တဲ့ နည်းအသစ်လည်းပေါ်လာပါပြီ။

Mesotherapy ကဆံပင်ပေါက်ခြင်းကိုဘယ်လိုကောင်းစေနိုင်မလဲ

Mesotherapy က ရုပ်ပိုင်းဆိုင်ရာရော၊ ဓါတ်ပိုင်းဆိုင်ရာနဲ့ပါ လှုံဆော်ပါတယ်။ အပ်လေးတွေကြောင့် အပေါက်ငယ်လေးတွေဖြစ်သွားတဲ့အခါ ပြန်လည်ကုဖို့အတွက် collagen နဲ့ elastin တွေထွက်လာပါတယ်။ ထို collagen နဲ့ elastin တွေက ဆံပင်ပေါက်ခြင်းကို ထောက်ပံ့ပေးပါတယ်။

ဓါတုဗေဒပိုင်းဆိုင်ရာကတော့ ထိုးသွင်းလိုက်တဲ့ ပစ္စည်းတွေကဇီဝရုပ်ကိုလှုံဆော်ပေးခြင်းဖြစ်ပါတယ်။

mesotherapy နဲ့ကုသလိုက်တဲ့အခါ ဦးရေပြားကို အောက်ပါအချက်တွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပေးသလိုဖြစ်သွားပါတယ်-

· သွေးလှည့်ပတ်မှုကောင်းစေရန်

· ရောင်ရမ်းမှုသက်သာစေရန်

· များနေသော DHT ( ဆံပင်ကျွတ်စေသောဟော်မုန်းတစ်မျိုး) များကိုချေဖျက်ပေးရန်

· ကော်လဂျင်ထွက်စေရန်

· ဆံပင်ကျွတ်ခြင်းလျှော့ကာ ဆံပင်များပြန်ပေါက်ရန် ဆံမွေးညင်းပေါက်များတိုးပေးနိုင်ရန်

ထိုကုသမှုက ကုသမည့်ဧရိယာပေါ်မူတည်ပြီး တစ်ချိန်လျှင် ၁၀ မိနစ်မှ မိနစ် ၃၀ ခန့်ထိကြာနိုင်ပါတယ်။ အကောင်းဆုံးရလဒ်ရစေရန် အကြိမ်အနည်းငယ်ပြန်လုပ်ရပါမယ်။ ဆရာဝန်ညွှန်ကြားချက်များကို သေချာလိုက်နာသင့်ပါတယ်။

ဘာကြောင့်ဆံပင်တွေကျွတ်ရသလဲ

ဆံပင်ကျွတ်တယ်ဆိုတာ တစ်ရက်လျှင် အပင် ၁၀၀ ထက်ပိုကျွတ်တဲ့အခါကိုခေါ်တာပါ။ ဆံပင်ကြီးထွားမှုစက်ဝိုင်းမှာ နှောင့်ယှက်မှုရှိပြီး ဆံပင်ပေါက်များပျက်စီးတဲ့အခါ ဖြစ်တတ်ပါတယ်။ အတိအကျအကြောင်းအရင်းကို မသိရပေမယ့် ဖြစ်စေနိုင်တဲ့ အချက်တွေတော့ရှိပါတယ်။

· မျိုးရိုးဗီဇ

· ဟော်မုန်းအပြောင်းအလဲ (သွေးဆုံးချိန်၊ ကလေးမွေးပြီးချိန်)

· သင့်လျော်သောအာဟာရပစ္စည်းများမရှိခြင်း

· ဦးရေပြားမှိုစွဲခြင်းကဲ့သို့ ကျန်းမာရေးအခြေအနေ

· ဆေးများ – ကင်ဆာ၊ သွေးတိုး၊ စိတ်ဓါတ်ကျခြင်း၊ အဆစ်ရောင်ခြင်း၊ နှလုံးရောဂါအတွက် ဆေးများ။

· ဓါတ်ရောင်ခြည်များ

· စိတ်ဖိစီးမှုတာရှည်ခြင်း

ထိုအချက်တွေကိုနားလည်ထားခြင်းဟာ သင့်ပြဿနာကိုဖြေရှင်းဖို့ အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဆရာဝန်နဲ့လည်းသေချာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ကုသမှုအပြီးဆောင်ရွက်ရန်များ

ကုသမှုအပြီးဆောင်ရွက်သင့်သည်များကလည်း အရေးကြီးပါသေးတယ်

· mesotherapy အပြီး ပထမ ၁၂ နာရီမှာ ခေါင်းလျှော်ခြင်း၊ ခေါင်းကိုကယ်မီကယ်ပစ္စည်းများနဲ့ လိမ်းကျံထိတွေ့ခြင်းမလုပ်ရပါ

· ချွေးထွက်များစေသော ပြင်းပြင်းထန်ထန်လှုပ်ရှားမှုများမလုပ်ရပါ

· ကုသမှုအပြီး အနည်းဆုံး ၂ ရက်ခန့် နေရောင်မထိဘဲနေသင့်ပါတယ်။

Mesotherapy ဆိုတာ ဆံပင်ကျွတ်ခြင်းအတွက် လွယ်ကူပြီးထိရောက်သော ကုသမှုတစ်နည်းဖြစ်ပါတယ်။ ဒါပေမယ့် mesotherapy မယူခင်မှာ မိမိနှင့် သင့်လျော်သလား ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Mesotherapy – Painless Non Surgical Hair Loss Treatment in UK http://www.nuhairclinic.co.uk/common/mesotherapy/ Accessed Date Sep 12, 2017

Mesotherapy for hair loss http://www.hairlossmelbourne.com.au/hairlosstreatments/mesotherapyhairloss.html Accessed Date Sep 12, 2017

Mesotherapy in Management of Hairloss — Is it of Any Use? http://www.ncbi.nlm.nih.gov/pmc/articles/PMC3002412/ Accessed Date Sep 12, 2017

MESOTHERAPY  Truly Exceptional Results http://www.londonhairlossclinic.com/mesotherapy/ Accessed Date Sep 12, 2017

HAIR LOSS: WHO GETS AND CAUSES https://www.aad.org/public/diseases/hair-loss/causes/18-causes Accessed Date Sep 12, 2017

 

စာရေးသူ ဓာတ်ပုံbadge
Dr.Aye Myat Myat Noe မှ ရေးသားသည်။ 12/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။