backup og meta

သင့်ဆံပင်က ပြောပြနေတဲ့ သင့်ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ဆံပင်က ပြောပြနေတဲ့ သင့်ကျန်းမာရေး

    ဆံသားလေးတွေက လှလိုက်တာ၊ ဆံပင်လေးက သန်လိုက်တာလို့ ချီးမွမ်းခံရရင် လူတိုင်းနီးပါး (အထူးသဖြင့် အမျိုးသမီးတွေ) က သိပ်သဘောကျတတ်ကြပါတယ်။ ဆံပင်သန်သန်၊ ဆံလုံးထွားထွား၊ စိုစိုပြေပြေလှလှပပရှိနေတာကလည်း အမျိုးသမီးတို့အတွက်တော့ အလှတပါးပဲမဟုတ်လား။

    ခုခေတ်မှာ ဆံပင်တွေကို စိတ်ကြိုက်ပုံသွင်းကြ၊ အရောင်တွေဆိုးကြ၊ ဒီဇိုင်းသစ်တွေ ဘယ်လိုဖန်တီးနေကြသည်ဖြစ်ပါစေ ဆံသားလှလှလေးတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီးလေးတွေကတော့ လူတိုင်းရဲ့ သဘောကျနှစ်ခြိုက်မှုကို ခံနေကြရစမြဲပါပဲ။

    ဆံပင်လှလှလေးတွေ ပိုင်ဆိုင်ထားတာက အလှတရားကိုပိုင်ဆိုင်ထားရုံတင်မကပါဘူး။ သင့်ကျန်းမာသန်စွမ်းနေတယ်ဆိုတာကိုလည်း သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ပြသနေတာဖြစ်ပါတယ်။ မကျန်းမာတဲ့လူတွေ၊ ကျန်းမာရေးပြဿနာရင်ဆိုင်နေရသူတွေဟာ ဆံပင်ရဲ့ ကောင်းခြင်းတွေကို ပိုင်ဆိုင်ထားကြခြင်းမရှိတာကို သတိထားကြည့်ရင် မြင်သာပါလိမ့်မယ်။

    တကယ်တော့ ဆံသားပျက်စီးတာတွေ၊ ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေဟာ ကိုယ့်ခန္တကိုယ်ကြီးရဲ့ ပျက်စီးယိုယွင်းနေမှုတွေကို သူတို့ တတ်နိုင်သလောက် သတိပေးနေကြတာသာဖြစ်ပါတယ်။ သတိထားပြီးသာ ကြည့်မယ်ဆိုရင် ဒီလို ဆံသားပျက်စီးမှုတွေကနေတဆင့် ကိုယ့်ရဲ့ ဘယ်အစိတ်အပိုင်းတွေ ကျန်းမာရေးယိုယွင်းနေတယ်ဆိုတာကို သိစေနိုင်ပါလိမ့်မယ်။

    ဆံပင်ဘယ်လိုပျက်ဆီးရင် ကိုယ့်ခန္တာကိုယ်က ဘယ်လိုဝေဒနာတွေ ခံစားနေရသလဲဆိုတာကို သိနိုင်ဖို့ လေ့လာကြည့်ရအောင်။

    ၁။ ဆံပင်ဖြူခြင်း

    သင့်ဆံပင်တွေ ဖြူလာပြီဆိုရင် သေချာတာကတော့ စိတ်ဖိစီးမှုများနေပြီဆိုတာပါပဲ။ ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ Stress တွေဟာ လူ့ DNA ကိုထိခိုက်စေပြီးတော့ ဆံသားတွေရဲ့ အရောင်တောက်ပမှုကို ပျက်စီးစေနိုင်ပါတယ်။ Genes တွေ အိုမင်းရင့်ရော်လာတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ဆံပင်ဖြူလာတာဟာ သင့်မှာ ကျန်းမာရေးဆိုင်ရာပြဿနာတစ်စုံတစ်ရာ ရင်ဆိုင်နေရတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

    ၂။ ဆံပင်ခြောက်သွေ့လွန်းခြင်း

    ဆံသားခြောက်သွေ့လွန်းပြီး မကြာခဏပြတ်တောက်တာမျိုးက Cushing’s Syndrome ရဲ့ လက္ခဏာဖြစ်ပါတယ်။ Cushing’s syndrome ဆိုတာဟာ Cortisol လို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး အလွန်အကျွံထုတ်လွှတ်မိတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ဒီဟိုမုန်းကို စိတ်ဖိစီးမှုဟိုမုန်းလို့လည်း လူသိများကြပါတယ်။ ဒီရောဂါခံစားရရင် အဝလွန်တာ၊ အရေပြားပါးလွှာတာ၊ သွေးတိုးတာနဲ့ နောက်ကျောနာကျင်တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။

    ၃။ ဆံပင်ပါးခြင်း

    ဆံပင်ပါးလာတာဟာ သိုင်းရွိုက်ဆိုင်ရာရောဂါ (Thyroid Disease) နဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းတွေက သိုင်းရွိုက်ဟိုမုန်းတွေ လုံလုံလောက်လောက်မထုတ်လွှတ်နိုင်ချိန်မျိုးတွေမှာ Thyroid Disease ရောဂါဖြစ်ပွားလေ့ရှိပါတယ်။ ဆံပင်ပါးလျားတာ၊ ကျွတ်တာတွေဟာ ဒီရောဂါရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

    ၄။ ဆံပင်ကျွတ်ခြင်း

    မကြာခဏ ဆံပင်ကျွတ်တတ်တာဟာ သွေးအားနည်းရောဂါတွေ (Anemia) နဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အချောင်း ၅၀ ကနေ ၁၀၀ ကြား ကျွတ်နိုင်ပါတယ်။ ဒီထက်ပိုလာပြီဆိုရင်တော့ ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်ဖို့ သေချာနေပါပြီ။ ဆံပင်ကို ဝက်မှင်ဘီးနဲ့ ဖြီးသပ်ချချိန်မျိုးမှာတောင် ဆံပင်တွေ မကြာခဏကျွတ်နေပြီဆိုရင် သွေးထဲမှာ သံဓာတ်ကို သိုလှောင်ထားရှိမှုနည်းပါးနေတာမျိုး၊ သွေးအားနည်းနေတာမျိုးဝေဒနာတွေ စွဲကပ်နေတာဖြစ်နိုင်ပါတယ်။ သွေးနဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေ ခံစားရချိန်တွေမှာ ဆံပင်ကျွတ်လေ့ရှိတာက သဘာဝဖြစ်ပါတယ်။

    ၅။ ဦးခါင်းထိပ်ပိုင်းတွင် ဆံပင်ကျွတ်ခြင်း

    တစ်ချို့လူတွေဟာ ဦးခေါင်းထိပ်ပိုင်းမှာ ကွက်ပြီး ဆံပင်ကျွတ်တာမျိုး ကြုံရလေ့ရှိပါတယ်။ နဖူးထိပ်မှာ မပြောင်ပဲ ဦးခေါင်းထိပ်တည့်တည့်မှာ ကွက်ပြီး ဆံပင်မရှိပဲ ပြောင်နေတာမျိုးပေါ့။ ဒီလိုဖြစ်ရတာဟာ သိုင်းရွိုက်ရောဂါ၊ သွေးနဲ့သက်ဆိုင်တဲ့ဝေဒနာတွေကြောင့်သာမက၊ ပရိုတိန်းဓာတ် မပြည့်ဝတာ၊ ဗီတာမင်ဓာတ် ချို့တဲ့တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

    ၆။ ဗောက်ထခြင်း

    ကိုယ့်ရဲ့ ပခုံး၊ မျက်ခုံးနဲ့ အဝတ်အထည်တွေပေါ်မှာ အဖြူရောင်၊ ဝါညစ်ညစ်အရောင် အဖတ်လေးတွေ မကြာခနတွေ့လာနေရပြီဆိုရင် သင့်ရဲ့ဦးရေပြားမှာ ပြဿနာရှိနေပါပြီ။ ဗောက်ထတာဟာ ဦးရေပြားပေါ်မှာ မှိုစွဲခြင်းတစ်မျိုးဖြစ်ပြီးတော့ ကိုယ့်ရဲ့ ဦးရေပြားကျန်းမာရေးမှာ အားနည်းချက်တွေရှိနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ နာတာရှည်ဗောက်ထတဲ့ရောဂါကို ခံစားရတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည် တစ်မျိုးမျိုးကို ရွေးချယ်ပြီး ရေရှည် သုံးစွဲပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Junk Foods တွေ အလွန်ကျွံစားသောက်ရင်လည်း ဗောက်ထနိုင်ပါသေးတယ်။

    ၇။ ဆံပင်ပျက်စီးခြင်း

    တစ်ချို့ မိန်းကလေးတွေ ပြောနေကြစကားရှိပါတယ်။ “ဆံပင်တွေ ပျက်စီးလို့ စိတ်ညစ်တယ်” ဆိုတာပေါ့။ ကတယ်တော့ ဆံပင်တွေ ပျက်စီးလာတာဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်ပါတယ်။ ဆံပင်အရောင်တွေ မွဲခြောက်လာရတဲ့၊ ပျက်စီးလာရတဲ့အကြောင်းအရင်းဟာ ခန္တာကိုယ်ရဲ့ ကိုယ်တွင်းအပူချိန် မြင့်မားလွန်းတာကြောင့်ဖြစ်ပါတယ်။ ကင်ဆာလို ရောဂါမျိုးတွေ၊ ကိုယ်ပူချိန်မြင့်မားတဲ့ရောဂါမျိုးတွေ ခံစားနေရတာကြောင့်ဖြစ်နိုင်တာမို့ သတိထားဖို့ လိုအပ်ပါတယ်။

    ၈။ ဆံပင်စေးကပ်လွန်းခြင်း

    ပုံမှန်ဆံပင်ကို သန့်စင်တာမျိုး၊ ခေါင်းပုံမှန်လျှော်တာမျိုးလုပ်နေလျက်နဲ့ ဆံသားတွေ လိုတာထက်ပိုပြီး စေးကပ်တောင့်တင်းနေပြီ၊ ဖွာနေ၊ ကြမ်းနေပြီဆိုရင်တော့ သင်ဟာ အရက်၊ မူးယစ်ဆေးဝါးနဲ့ ဆေးလိပ်သောက်သုံးမှု အလွန်အကျွံအနေအထားကို ရောက်နေပြီလို့ ဖော်ပြနေတာပါ။ ဒါကြောင့် ဆံသားကို စစ်ဆေးရုံနဲ့ ဘယ်အချိန်တုန်းက နောက်ဆုံး မူးယစ်ဆေးဝါးသုံးစွဲလဲဆိုတာကို အကြမ်းဖျဉ်းတွက်ချက်လို့ရနိုင်တာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီလိုစေးကပ်နေတာဟာ ရှားပါးတဲ့ ဆံသား အဆိပ်အတောက်ဖြစ်နေတဲ့ ဝေဒနာခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement